> သီဟသူ [dot] blogspot [dot] com: December 2013

Dec 31, 2013

၂၀၁၃

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ်။

"အဟောသိကံ" ဆိုတာကလည်း ရှိသေးတယ်။

ဆုတောင်းကောင်းရင်တော့
သားရွှေအိုး ထမ်းလာတာ မြင်ရနိုင်ပါလိမ့်မယ်။
၂၀၁၄ မှာ အဟောသိကံများ ရွှေအိုးထမ်းလာတာ မြင်ရပါစေသား။ ။

သီဟသူ
၃၁-၁၂-၂၀၁၃

၂၀၁၃

ပြန်ပေးသမားလက်မှာ ရွေးစရာ လက်ဝတ်ရတနာမရှိ
သူမကြိုက်တဲ့ လင်္ကာအပြည့်

သုခမိန်လှိုင်
၃ ဇူလိုင် ၂၀၁၃


အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

မြန်မာ၊ ၂၀၁၃

အကြောင်းအရာက ခမ်းနားကြီးကျယ်
ကျွန်တော်တို့ကတော့ သေးသေးငယ်၊

ကျွန်တော်တို့ အသက်ရှူမဝခဲ့ပါ
ကျွန်တော်တို့ ဘယ်တော့မှ အသက် ဝ ဝ ရှူရမယ်
ကျွန်တော်တို့ အသက် ဝ ဝ ရှူနိုင်ပါရစေ။ ။

သီဟသူ
၃၀-၁၂-၂၀၁၃

Dec 30, 2013

လေးတင်ခန်း

ဘယ်နှယ့်
ငါ မတဲ့ သစ်ရွက်လေးမှာ
စကြဝဠာကြီးက ပါနေရတာလဲ
အချစ်များမှန်လျှင်
လေးပါစေသား။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 29, 2013

ဒို ရေ မီ ဖာ

ချစ်သူရေ
မင်းဦးခေါင်းမှာ သက်တံ ထွက်ဖို့
အဲဒီသက်တံမှာ ငါတေးသီဖို့
အဲဒီတေးမှာ ကမ္ဘာကြီးပျော်ဖို့
အဲဒီ အပျော်မှာ နတ် လူ သာဓုခေါ်ဆိုဖို့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 28, 2013

သို့ မေမေ (၁၀)

သို့ မေမေ အာလုပ်စကားမှာ ဖေဖေ့ကိုပါ စိတ်ကညွှတ်တယ်
မေမ နေကောင်းလားမေးရင်း ဖေဖေ နေကောင်းဖို့ ဆုတောင်းတယ်
မေမေက ဆော့ဖ်ဝဲဆို ဖေဖေက ဟာ့ဒ်ဝဲ
သားတို့က နေကြာပန်းတွေ
မေ နဲ့ ဖေ နေမင်းကြီးဘက်ကို အမြဲ ဦးလှည့်တယ်။

မေမေရေ
၈၀ ခုနှစ်များက ဓာတ်ပုံတွေ ပျက်သွားတာ ဝမ်းနည်းဖွယ်ပါပဲ
ခုတော့
မြေးမလေး ဓာတ်ပုံတွေဟာ နံရံအဘက်ဘက်မှာ
ပျော်စရာပါလေ။ ။

သီဟသူ
၂၈-၁၂-၂၀၁၃

စနေ နေ့တစ်ဝက် (၂၁)

နှုတ်တိုက်ချပေးတာတောင်
အကျအပေါက် များလွန်းတယ်၊
များများညည်းပြီး မြန်မြန် ပြန်ရယ်နိုင်ဖို့၊
တက်တူးလို အရေပြားပေါ်မှာသာ ရေးကြေးဆို
ဒီလောက် များများ ရေးမိမယ်မထင်။ ။

သီဟသူ
၂၈-၁၂-၂၀၁၃

နှစ်ပါးသွား

စိန်တုံးများ တစ်တုံးပြီးတစ်တုံး
ပတ္တမြားခဲများ တစ်ခဲပြီးတစ်ခဲ
ရွှေဒင်္ဂါးများ တစ်ပြားပြီးတစ်ပြား
မင်းဟာတွေလား. . .
သူများဟာတွေပါ။

တွေးခေါ်စရာမလိုဘဲ တွေးခေါ်ခဲ့ရသော အမှားများ
လူပြက်ကြီးတွေရဲ့ ငိုအားထက် ရယ်အားများ
နှစ်ပါးသွားခဲ့ပြီ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 27, 2013

၃၄" x ၄၂" ဆယ်ချပ်

၂၀၀၁ ခုနှစ်က
(ပန်းချီဆွဲဖို့) ဘောင်ကျပ်ထားတဲ
ကင်းဘတ်ဆယ်ချပ်
ဘာမှမဆွဲပဲထားတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်ခဲ့ပါလား။

ဆွဲလိုက်ချိန်မှာ
ကမ္ဘာကျော်လိမ့်မယ်
ဒေါ်လာတွေရလိမ့်မယ်
(သေလွန်သည်အထိ)
အဓိပ္ပာယ်ဖွင့် ချီးကျူးကြလိမ့်မယ်
ထိုအချိန်မှာ
အရသာအားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 26, 2013

အလွမ်း

၁၉၇၃ တုန်းက
ငတ်ငတ်ပြတ်ပြတ်နဲ့
ကျွန်တော့်မြို့ကလေးရဲ့
အောင်မင်္ဂလာစျေးလေးထဲမှာ
စားရတဲ့ကော်ရည်ခေါက်ဆွဲအရသာ
ဘယ်မှာမှမရတော့ဘူး။

လောကတစ်လွှား
အရသာဒီလောက်ရှားသလား
(ဆန်းဆန်းပြားပြားတွေကတော့
အများသားပေါ့။)

အဖြူရောင်ဝတ်စုံလေးကို
မီးပူမတိုက်နိုင်ဘဲ
ခေါင်းအုံးအောက်မှာ
ထားအိပ်ခဲ့တဲ့
အိပ်မက်တွေ
အခုထိအရသာရှိတုန်းပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 25, 2013

နောက်ဆုံးတစ်နည်း

လက်ဖက်ရည်ကို အရောင်ပြပြီး
ဘာတွေကိုများ
ငါမော့သောက်ခဲ့မိပါလိမ့်။

အရသာမရှိ ဘဝကြီးကို
အရသာရှိချင်ယောင် ဆောင်နည်းတွေထဲက
နောက်ဆုံးတစ်နည်းပါပဲလား။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

မှတ်စု (၃)

ဟာသ
လောကကြီးမှာ ဟာသပေါတယ်။
မှန်ထဲကသူ အရယ်ရဆုံး။

နေ့များ
အစွဲတွေနဲ့ ပျော်ရွှင်ကြ။
ကိုယ်တော့် ကျေးဇူးကို ချီးမွမ်းကြ။
သောကြာ။

အလွမ်း
အိမ်ပြန်ချင်စိတ်ဟာ
ရထားဥသြသံနဲ့ တွဲ/တွယ်ချိတ်ထား။

သီဟသူ
၂၃-၁၂-၂၀၁၃

Dec 24, 2013

LIVE SHOW

မျက်ရည်တွေသည် ချယ်ရီပန်းများ မဟုတ်
ဒေါသတွေသည် ပီယာနို မဟုတ်
အပူမီးတွေသည် ဝိုင်နီနီ မဟုတ်
ကြေကွဲမှုတွေသည် မြူဇီယံ မဟုတ်
ပသာဒ မပါ
နားဝင်မချို
အမြင်မလှ
ခမ်းခမ်းနားနား မရှိ။

ဘဝဟူသည် လိုက်ဖ်ရှိုးတစ်ပွဲ ဆင်နွှဲခြင်းမျိုး
မအောင်မြင်ခြင်းတွေကို အောင်မြင်စွာ တင်ဆက်ခြင်းမျိုး။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 23, 2013

(ဖြစ်နိုင်ခြေ)ပေါက်မဲများ

ငါ့အင်္ကျီအိတ်ထဲမှာ
လက်ကိုင်ဖုန်းပါတယ်
Aztor ပါတယ်
ထီတစ်အုပ်ပါတယ်
PARKER တစ်ချောင်းပါတယ်
ဗလာစာရွက်တစ်ရွက်ပါတယ်။

စကားအပြတ်မပြောလိုက်နဲ့
ဗဂျမ်းကာတွန်းထက် သာနေပြီပဲ။

အာကာသထဲကခေါ်သံကြားဖို့ရှိတယ်
ကော်လက်စထရောကျဖို့ရှိတယ်
သန်းကြွယ်သူဌေးဖြစ်ဖို့ရှိတယ်
အကြွေးစာရင်းအားလုံး
ပြီးဆုံးဖို့ရှိတယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 22, 2013

စာကြည့်တိုက်

မသိတဲ့ဝေါဟာရ
မသိတဲ့အချက်အလက်
မသိတဲ့အဓိပ္ပာယ်
မသိတဲ့ရာဇဝင် သိလိုလျှင်
စာကြည့်တိုက်ကြီးထဲမှာ ရှာပါ။

တကယ်တော့
ငါတို့ကိုယ်တိုင်က စာကြည့်တိုက်ကြီးတွေ
မသိတဲ့အရာတွေ အများကြီးနဲ့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 21, 2013

တယောများ

မာရီလင်မွန်ရိုးကိုထပ်သတ်တဲ့တသတ်တွေ
လောကဓာတ်ပညာရပ်မှာ
မိုးထိ အထပ်ထပ်ဆောက်ပြီးပါပြီ။

ပြန့်ကားကျယ်ပြောသော စက်ဝိုင်းကြီးအောက်
မေးထောက်ထားသော တယောများ
အဲဒီ့ဓာတ်ပြားဟာ သက်သေပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 20, 2013

အင်္ဂါဂြိုဟ်မှ ကျောက်တုံးများ

အင်္ဂါဂြိုဟ်မှာလည်း
ကျောက်တုံးတွေ နေထိုင်ကြတာပဲ
ကျောက်တုံးတွေဆိုတော့
(လွယ်လွယ်နဲ့) ခေါင်းမကွဲဘူးပေါ့။

နတ်သမီးငါးရာနဲ့ တွေ့တွေ့
ငရဲမင်းကြီးနဲ့ တွေ့တွေ့
အရေးကြီးတာက
ခေါင်းမကွဲဖို့ပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 19, 2013

စနေ နေ့တစ်ဝက် (၂၀)

ဖတ်ခဲ့တာတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ၊
ပြီးတော့ ဘယ်လောက် ကျန်ခဲ့သလဲ။
ရေးဖြစ်ခဲ့တာတွေထဲကကော
ဘယ်လောက်များ ကျန်ခဲ့သလဲ။

ကျေနပ်နိုင်ရဲ့လား။
ပျော်နိုင်ရဲ့လား။
ဒီ အားထုတ်မှုများ။*

ဝမ်းဗိုက်အဆာနဲ့ ရင်ဘတ်ဗလာကို
ပြိုင်တူပြေ/ဖြေဖို့ အားထုတ်ရင်းနဲ့
ဗလာဖြစ်မှုဟာ ပိုမို ပြန့်ကားလာ၊
နေပျော်ပါရဲ့လား။

ဒီလိုနဲ့
စနေ နေ့တစ်ဝက်များ...


သီဟသူ
၁၉၊ ၁၂၊ ၂၀၁၃

*မအောင်မြင်ခဲ့သော အားထုတ်မှုများ (http://thihathu.blogspot.sg/2013/12/blog-post_3039.html)



ကမ္ဘာကြီး

အယုံမရှိကြပါနဲ့
ကမ္ဘာကြီးဟာ (သေနေရာက)
မယုံနိုင်အောင် လှပဦးမယ်
မယုံနိုင်အောင် မွှေးပျံ့ဦးမယ်
မယုံနိုင်အောင် လန်းဆန်းဦးမယ်
မယုံနိုင်အောင် ကခုန်ဦးမယ်
မယုံနိုင်အောင် ဂျွမ်းထိုးဦးမယ်
မယုံနိုင်အောင် . . . .

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 18, 2013

မအောင်မြင်ခဲ့သော အားထုတ်မှုများ

ငါ လိုချင်တာ "သည်ဟာတွေ" မဟုတ်။


ဘဝမှာ "သည်ဟာတွေ" ကိုသာ
ငါ "" ခဲ့။ ။

သီဟသူ
၁၇၊ ၁၂၊ ၂၀၁၃။

အပွင့်များ

ကြွေစရာတွေ ကြွေပြီးမှ
အချစ်တွေဖူးသစ်တဲ့အခါ
ငါ့အပွင့်တွေ
ဖွင့်ဖောက်ဖတ်ကြည့်ကြပါတော့။

သမိုင်းဦးအစကအတိုင်းပါပဲလား
မိန်းမနဲ့ယောက်ျား
ရိုးမသွားသေးဘူး
မြွေနဲ့ သစ်သီး
ချိုမြိန်မှုနဲ့ အဆိပ်
ငယ်ထိပ်တက်ဆဲ
အိပ်မက်တွေလည်း စျေးကြီးဆဲ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 17, 2013

တောမှော်ရုံ

ငါ့မနက်ခင်း
မောနင်းစတားမုန့်တီ
မာကျူရီလက်ဖက်ရည်
ကယ်မိကယ်ဘရားသားစ်ဂီတ
မောင်မြင့်စိုး ပန်းချီပြပွဲနဲ့
အစကောင်းခဲ့ပြီ။

အနှောင်းသေချာ၊ မသေချာ
ငါ့ကိစ္စမဟုတ်တော့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 16, 2013

ဗင်ဂိုးပြန်လာလျှင် နေပျော်စေချင်သောကမ္ဘာ

မိချောင်းတစ်ကောင်ကို
ချစ်သူလို့ အမည်ပေးလိုက်ရင်
အနမ်းတွေများပေးမလား. . .

ဒါဆိုရင်
ငရဲကို ပြင်သစ်ရေမွှေး
ကံကြမ္မာကို ဒေလီယာပန်း
ဒုက္ခကို နီကိုးလ်ကစ်ဒ်မင်းနှုတ်ခမ်း
ပြန်လည်လန်းဆန်းလာသောကမ္ဘာ
လေဘာတီအငြိမ်းနဲ့ ဧည့်ခံမယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 15, 2013

မြစ်များ

မြစ်တစ်ခုကိုသယ်ဆောင်ရသလို
ပင်ပန်းခဲ့ပါတယ်။
ဒါဆို
အားလုံးလည်းပင်ပန်းခဲ့လိမ့်မယ်
စာနာလို့ ရပါတယ်။

ထိုမြစ်များ
ထိုအချစ်များ
စုံးစုံးနစ်အောင်
စီးရစ်ကြ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 14, 2013

ဘဝရုပ်ရှင်

ကြယ်သီးတပ်ထားသောသီချင်း
အမာရွတ်ရာတွေဘယ်မှာ
မမြင်သာတော့ဘူး။
ဘောင်းဘီအိတ်ထဲလက်နှိုက်
အားလုံးကိုပုခုံးတွန့်
များများသရုပ်ဆောင်ဖို့လည်း
မလိုတော့ပါဘူး။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 13, 2013

သတင်းစာကြော်ငြာ

အထိတ်တလန့် ထွက်ပြေးခန်းမှာ
ပန်းခင်းက ရှိနေသေးတယ်
သဲကန္တာရ
အာတိတ်ဒေသ
ဆူထစ်တောင်တန်း
ဆိုက်ပရပ်ပင်တွေနဲ့လမ်း
ပြေးလမ်းရှည်ရှည်
ဘယ်အထိများ
ထွက်ပြေးဦးမှာလဲ အချစ်ဆုံးရေ
အားလုံးစိတ်ပူနေတယ်
အမြန်ဆုံးပြန်လာပါ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 12, 2013

ချစ်သူသက်သက်

စိမ်းစိုသောလွင်ပြင်
မြင်းပေါ်တင်ဖို့ အစီအစဉ်
မအောင်မြင်ခဲ့သူ

လဖက်ရည်သောက်တယ်
ရုပ်ရှင်ကြည့်တယ်
ဓာတ်ပြားဖွင့်တယ်
မီးရထားစီးတယ်
ချစ်သူ့ ပန်းအိုးတွေရေလောင်းတယ်။

ကောင်းကင်ကြီးကို
မ, ကြည့်လိုက်
ဆ, ကြည့်လိုက်
တစ်ခုခုထူးမယ်လို့
ကမ္ဘာကြီးကို ချစ်တဲ့ဖက်က
အမြဲမျှော်လင့်ချက်ထားခဲ့သူ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 11, 2013

ဟစ်ပ်ဟော့ပ်ကဗျာ

ကွေးမြစ်ပေါ်ကတံတားမှာ
တံတားကြီးနေရာက ကျောခင်းလို့
ဗင်ဂိုးရဲ့ပန်းချီကားမှာ
ကျီးကန်းတွေနေရာကထပျံလို့
မန့်ချ်ရဲ့အော်သံမှာ
အသံနေရာကအော်ဟစ်လို့
ပင့်ဖလွိုက်ရဲ့ အယ်လ်ဘမ်မှာ
နံရံတွေနေရာကခေါင်းမော့လို့
နာဂါဆာကီနဲ့ ဟီရိုရှီးမားမှာ
အနုမြူဗုံးနှစ်လုံးနေရာက သရုပ်ဆောင်ခဲ့သူ
လူ,
သူဟာ
ကာရန်မပါသော ကဗျာတစ်ပုဒ်
(ဝါ)
သံစဉ်မလိုသောဟစ်ပ်ဟော့ပ်တစ်ပုဒ်
ကျွန်ုပ်တို့ လက်တွေအတွက်ကိုင်စရာ
မင်္ဂလာရှိပါစေသတည်း။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 10, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

အောက်တိုဘာ - ဒီဇင်ဘာ
-----------------------------

တုန်လှုပ်ဖွယ်ပါပဲ။

လောကအမြင်တွေ ပြောင်းသွားတယ်။

ကြက်သီး ဖြန်းဖြန်းထ။

"စာသိ" နဲ့ မငြိ၊
"ငါသိ" နဲ့မှ ထိတော့တယ်။

ပန်းပြတ်ခိုက်ပေမယ့်
တစ်ငုံကျန်သေးသမို့
ခေါင်းဖြီးထားပါမယ်။ ။

သီဟသူ
၁၀၊ ၁၂၊ ၂၀၁၃

ဝတ်စုံ

ပိတ်စတစ်စ
ကတ်ကြေးနဲ့ ကိုက်ချပစ်လိုက်တယ်
စက်ပေါ်တင် အပ်ချက်ပေါင်းများစွာ
စိုက်ချပစ်လိုက်တယ်။

အရောင် အသွေး
အဆင် အကွက်
အင်္ကျီဝတ်ပြီး ထွက်ခဲ့တယ်။

အသားကိုဖောက်ပြီးမှ
အပေါက်တွေထဲမှာ နေရာယူ
ချုပ်ရိုးချုပ်သား အမာရွတ်များ
အားကောင်းမောင်းသန်ချိတ်ဆက်လို့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 9, 2013

အသွားနှစ်ဖက်တေးသွား

ဓားတွေကို တန်းစီထားတာ
အဲဒါ မီးဖိုခန်းပဲ။

အိမ်ရှင်မရဲ့ လက်ရာ
ဓားများ
သစ်သီးလှီးဖို့ ဓား
ငရုတ်သီးလှီးဖို့ ဓား
ဟင်းရွက်လှီးဖို့ ဓား
အသားလှီးဖို့ ဓား
ငါးလှီးဖို့ ဓား
ချိစ်နဲ့ ပေါင်မုန့်လှီးဖို့ ဓား
ဓားများ
အတို အရှည်
အကြီး အသေး
အဆင့်ဆင့် တန်းစီ
ဘင်ခရာ တပ်ဖွဲ့တစ်ဖွဲ့
ညီညာစွာ ချီတက်ခဲ့တဲ့
သူရဲကောင်း ခြေလှမ်းတွေနဲ့။

ငါတို့ စားခဲ့ကြတယ်
ဓားတွေကို စားခဲ့ကြတယ်
ကမ္ဘာမြေကို လှပစွာ သိမ်းပိုက်မယ့်
အသွားနှစ်ဖက်
ဓားထက်ထက် တေးသွားတွေနဲ့။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 8, 2013

ဒဏ်ရာကျသူ

ဂွမ်းလိပ်
ပတ်တီး
တင်ချာ
နာကျင်တဲ့ဒီဇိုင်းများနဲ့
ဘာကြောင့်သင့်ကိုယ်သင်
ဖွဲ့နွဲ့ချင်ရတာလဲ?

အမြဲစိမ်းတောအုပ်တွေဟာ
ပျော်ပွဲစားထွက်ကြဖို့လား?
တစ်ယောက်နဲ့တစ်ယောက်
တိုက်ခိုက်ကြဖို့လား?

ချစ်ရေးဆိုသူမရှိပဲ
ချစ်သောအဖြေပေးခဲ့မိတာ
ငါ အရူးလား? ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 7, 2013

ကိုယ်တို့ စကြဝဠာ

ပန်းသီးထဲတွင်ဝင်ရောက်၍
ငါပြန်လည်ပေါက်ဖွားချင်သည်။

စူပါမင်းမဖြစ်ချင်
ငြိမ်းချမ်းချင်သည်။

လမင်းကြီးပေါ်ကို
မရောက်ဖူးလို
သောကမဲ့သောလူသားများကြားတွင်
ပျော်မွေ့နေချင်သည်။

သေဆုံးသွားသောချစ်သူတွေ
ပြန်ရှင်စေချင်သည်။

ဒဏ်ရာမရဘူးသူ၏အိမ်မှ
သောက်ရေတစ်ခွက်ကိုသာရှာပါ
အရာရာပြည့်စုံပါလိမ့်မည်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

အိပ်မက်များ (၄)

ရေကို အဆက်မပြတ် ဆာလောင်နေတာ၊
သစ်တောကြီးတွေကို မီးက လောင်ကျွမ်းသွားတာ၊
မျက်စိတစ်ဆုံး ခြောက်သယောင်း
ရင်ဘတ်ထဲအထိ ဆာဟာရ ဖြစ်ထွန်းလာတာ
မျက်စိမှိတ်လိုက်တာနဲ့ ဒါတွေပဲ မြင်မြင်နေရတာ၊
ည ည အိပ်ရမှာ စိုးထိတ်နေရတာ၊
ည ည ဒီအိပ်မက် ပြီးပါစေတာ့လို့
ဆုတောင်းရင်း
ဆက် အိပ်မက် မက်နေရတာ။ ။

သီဟသူ
၆၊ ၁၂၊ ၂၀၁၃။

အိပ်မက်များ (၃)

မဆွဲရေသေးတဲ့ ပန်းချီကားလွတ်များလို
မရိုက်ရေသေးတဲ့ ဖလင်ကွက်လွတ်များလို
မရေးဖွဲ့ရေသေးတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်လို
မမက်ရသေးတဲ့
ငါ့ရင်ထဲက
အိပ်မက်များ။ ။

သီဟသူ
၆၊ ၁၂၊ ၂၀၁၃။


အိပ်မက်များ (၂)

ရင်ခုန်ခဲ့
ယုံကြည်ခဲ့
ရဲဝံ့ခဲ့
စွန့်စားခဲ့
ကျရှုံးခဲ့

အကြိမ်ကြိမ်။ ။

သီဟသူ
၆၊ ၁၂၊ ၂၀၁၃။


Dec 6, 2013

အမည်မရှိရေတံခွန်

မွှေးသော
မြင့်သော
လှသော
ရည်ရွယ်ချက်ထဲက ရေဆေးငါးကြီးတွေဟာ
အမြဲကျော့ရှင်းနေတာပဲ။

ဘယ်တုန်းကမှလည်း
မမိခဲ့ဖူးဘူး
သူတို့ကိုစိတ်ကူးထဲမှာထားရတာနဲ့ပဲ
အဲဒီ့ရေတံခွန်ဟာ
တသွင်သွင် စီးဆင်းတော့တာပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 5, 2013

နာမည်ကြီးနှစ်ယောက်

မြို့က လက်ပတ်နာရီတစ်လုံးရလာလို့
တစ်ရွာလုံး ထူးဆန်းကြတဲ့တောသားဟာ
မင်းလား? ငါလား?

ကြယ်တွေကို ရေတွက်ဖူးတဲ့ အရူးတွေဆိုရင်တော့
မင်းရော၊ ငါရော။

မင်းက လေယာဉ်ပျံလုပ်တယ်
ငါက ဝယ်ပြီးဗုံးကြဲတယ်
ငါက ကြံပင်စိုက်တယ်
မင်းက ဝယ်ပြီး အရက်ချက်တယ်။

မင်းပိုက်ဆံကို ငါယူတယ်
ငါ့ပိုက်ဆံကို မင်းယူတယ်
အခုတော့ တို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
အချစ်ကြီးချစ်မိနေကြပြီ။

လောကဓံနဲ့ကံကြမ္မာ
တို့နာမည်တွေ ဘယ်သူပေးသလဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 4, 2013

နှင်းဆီပန်းများနှင့် လက်ထပ်ရခြင်း

အမေ့ရင်ခွင်မှ သားငယ်
ပင်လယ်လိုပွင့်ပြီး
ကမ္ဘာကြီးအား ဆင်မြန်းခဲ့ပါပြီ။
အလင်းစများ
မွှေးရနံ့များ
အမှောင်များ
ခြေချစရာနေရာလွတ်မရှိအောင်
အောင်မြင်ခဲ့သော ဆင်းရဲခြင်းများ
မကျန်စေခဲ့ရပါဘူး။

စိမ်းမြေ့သောကမ်းခြေ
ဝေးပါစေဦး။

ချစ်တတ်တာကလွဲပြီး
ကျွန်တော့်မှာသတ္တိ
များများစားစား မရှိလှပါဘူး။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 3, 2013

မိုးသတ်သမား

မိုးတစ်ည၊ သေနတ်တစ်လက်
လောင်းကုတ်အင်္ကျီတစ်ထည်နဲ့
စိတ္တဇလူသတ်သမားတစ်ယောက်
ရောက်ရှိလာသော မိုးညများဟာ
ဝတ္ထုတစ်ပုဒ်ပါပဲ ။
အေးစက်နေသော ကော်ဖီတစ်ခွက်
ညှော်နံ့ထွက်နေသော ရုပ်မြင်သံကြားတစ်လုံး
၁၉၂၃ ခုနှစ်ရဲ့ တိုက်ကြီးထဲက တိုက်ခန်းတစ်ခန်း
အအေးမိနေကြသော မိသားစုတစ်စု
အပြင်ဘက်ကမိုးဟာ သဲကြီးမဲကြီး
တကယ့် လေကြီးမိုးကြီးပေါ့။

အဲဒီမိုးကိုရပ်ဖို့
ဘယ်မိုးသတ်သမားကိုများ
ငါ ငှားရပါ့မလဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 2, 2013

ဆံပင်ဖီးသူများဇာတ်လမ်း

ကိတ်မုန့်ဟာ
ချစ်သူကို ကျွေးဖို့ပါ
ချစ်သူမျက်နှာကိုပေါက်ဖို့ မဟုတ်ပါဘူး
အစွန်းအထင်းများသောအင်္ကျီ
လူ့အရေပြားသာ ဖြစ်ပါတော့သည်။

ပြေပြစ်သော ဖျော်ဖြေမှု
ငါတို့ဇာတ်ရုံကြီးတစ်ခုလုံး
ကန့်လန့်ကာတွေ ရှိတယ်
သံပြိုင်အဆိုအဖွဲ့နဲ့ တေးဂီတဝိုင်း ပါဝင်တယ်

မြိုင်မြိုင်ဆိုင်ဆိုင် အနာတရတွေ
အားရပါးရ အရယူလိုက်ကြစမ်းပါ
အစောက လဲကျခဲ့သူအားလုံး
ဇာတ်သိမ်းသီချင်းပြီးဆုံးရင်
ကန့်လန့်ကာချ
ဖုတ်ဖတ်ခါ၊ ပြန်ထနိုင်ကြမှာပါ။

ဝမ်းနည်းပူဆွေးမှုတို့အပေါ်
ဆောင်းထားသောဦးထုပ်
အစ,က ပြန်လည်ပြုလုပ်ကြရအောင်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 1, 2013

ကမ္ဘာမြေရဲ့ ချစ်သူ

ကဗျာ။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။