> သီဟသူ [dot] blogspot [dot] com: လူလင်း
Showing posts with label လူလင်း. Show all posts
Showing posts with label လူလင်း. Show all posts

Jan 11, 2025

ကွန်ကရစ်ကို တိုးထွက်ပွင့်တဲ့ နှင်းဆီ

 

ကွန်ကရစ်သား အက်ကွဲကြောင်းလေးတစ်ခုကနေ ဖူးပွင့်ခဲ့တဲ့ နှင်းဆီတစ်ပွင့်အကြောင်း ခင်ဗျား ကြားဖူးသလား
သဘာ၀ရဲ့ဥပဒေသတွေ မှားယွင်းကြောင်း သက်သေပြရင်း သူဟာ ခြေထောက်တွေ မရှိဘဲ လမ်းလျှောက်သင်ခဲ့တယ်
ရယ်စရာလို့ထင်ရမယ် ဒါပေမဲ့ သူ့အိပ်မက်တွေကို ဆုပ်ကိုင်ရင်း သူဟာ လေကောင်းလေသန့်ရှူတတ်ခဲ့တယ်
တခြားဘယ်သူတစ်ဦးတစ်ယောက်ကမှ ဂရုမစိုက်ခဲ့တဲ့
ကွန်ကရစ်ကို တိုးထွက်ပွင့်တဲ့ နှင်းဆီလေး
မာပါစေ။ 
 
တူးပါ့ အမာရု ရှက်ခေါ
၁၉၇၁-၁၉၉၆
အမေရိကန် ရပ်ဂီတပညာရှင်၊ ကဗျာဆရာ။
From: https://www.facebook.com/permalink.php?story_fbid=130286019131583&id=109184521241733

Aug 31, 2023

ပုဒ်မတစ်ခုချ၊ တစ်လက်မခန့်အကွာမှာ နောက်တစ်ခုထပ်ချ (ပြီးရင်ပြီးပြီ)

 မနေ့ကလိုပဲ ဒီဇင်ဘာ ၄ ဟာ

သတိမရတစ်ချက် ရတစ်ချက်နဲ့ ငါ့ဆီရောက်လာတယ်

သြော်....နှစ်ဆယ့်တစ်နှစ်တောင် ပြည့်ခဲ့ပေါ့ (အော်....!)

ဒီမြေကြီးကို ငါ့လက်နဲ့ငါ တူးယက်ခဲ့တာ

ငါ့တစ်ကိုယ်စာ နက်နေပြီ ဒီလက်ယက်တွင်းကလေး

ခုထိ ရေကြည်မထွက်သေးဘူး မြေကြီးတွေပွစာကြဲ

ဒီတီကောင်တွေ ဘာလုပ်ပစ်ရမလဲ

မျှားစရာငါးဝေးလို့ ရေတောင်မရှိဘူး (ဟားဟား....!)

အဲဒီမြစ်ထဲမှာ ပဲ့ကျိုးလှေကလေးတစ်စင်း

လေတိုက်တိုင်း ယိမ်းခါနေတာ ဒီကဗျာ

ဖတ်မကောင်းပါဘူး သတ်ပုံတွေ အကျအပေါက်များလွန်း

အပိုဒ်တွေ မလိုအပ်ပဲ ခွဲခွဲမိလွန်း အသံတွေ ထောင့် လွန်း

ပုဒ်ကလေးတွေ တစ်ပြုံတစ်မနဲ့ငါ့ဘာသာငါ အသက်ရှူကျပ်ရ

ရှူရတဲ့လေထုမလတ်ဆတ်တော့တာ သူလိုငါလို

ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ့်၀မ်းနာနဲ့ကိုယ်ပေါ့

လူနာဆောင်အမှတ်ခြောက် အလည်တစ်ခေါက်ရောက်ပြီးကတည်းက


လောကကို လင်းနို့လိုအတည့်အတိုင်းရှုလာတာ

ဆံပင်ဆီမလိမ်းတာ တခြားကြောင့်မဟုတ်ဘူး လိမ်းစရာဆီ မရှိလို့

လက်သည်းလည်း မညှပ်ဖြစ်ဘူး ဘုရားလည်း မသွားဖြစ်ဘူး

ကျွန်တော့်မှာ ပိုနေတာ အချိန်ပဲရှိတယ်

အိမ်ရှေ့၀ရန်တာမှာ အမေစိုက်ထားတဲ့စက္ကူပန်းတွေ

အသည်းကွဲရောင်တောက်နေတယ် သံပတ်ပေးထားတဲ့ကားတွေ

ကျွန်တော့်လက်ဖဝါးပေါ်က လမ်းတွေပေါ်မှာ တရွေ့ရွေ့သွားလို့

ခင်ဗျားစိတ်ညစ်နေပြီမှုတ်လား ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ

ပြီးခါနီးပါပြီ အချစ်အကြောင်းမပါတဲ့ ဒီကဗျာ

ကျွန်တော်လည်း အလိုမပါ ငြင်းဆန်ခွင့်မရပဲ အလကားရခဲ့တာပါ

ပုဒ်မအကြီးတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချ 'ပြီးပါပြီ'

လက်မှတ် ကျွန်တော်ကိုယ်တိုင်ထိုးခဲ့နိုင်မယ့် တစ်နေ့နေ့

ဒီကဗျာပြီးရင်တော့ ကျွန်တော်လည်းပြီးပြီ

(နောက်ကဗျာတစ်ပုဒ်ဘယ်လိုရေးမလဲ၊ ဟုတ်စ

တော်ပါပြီ ဆရာသမားရယ် တော်ပါပြီ ၀ပါပြီ ကျွန်တော်ထပ်မ(ခံ)စားနိုင်တော့ဘူးဗျ!)

'ငါကြည့်၏၊ ငါမြင်၏၊ ထို့ကြောင့် ငါခံစားရ၏' ဆိုတာလို


တကယ်က မြစ်အကောက်ကို အဖြောင့်အတိုင်းစီးမိတာ ငါမှားတာ

သုညကို ပိုင်းခြေမှာထားပြီး ၁နဲ့၁၀၀ကြား လွန်းထိုးဒေါင်းတောက်နေတာ

တကယ်က ငါမှားတာ မှန်တယ် ငါမှားတာ

ငါဟာ ဘယ်သူနဲ့တူလဲ ငါဟာ ဘယ်သူနဲ့တူရမှာလဲ

ငါဟာ ငါဟာ ငါဟာ.....................................

ငါ့မှာ ဘာမှမရှိတော့ အရာအားလုံးဟာ ငါ့အတွက် ဆုံးရှုံးစရာချည်းပဲ

မယူပဲရတဲ့လေးလံမှုတစ်စုတစ်ခဲ ဗိုက်ထဲထည့်သယ်ပိုးထားရ

သားပိုက်ကောင်လို လျော့တိလျော့ရဲ/အလိုမကျ

ငါ့နံရံပေါ်က သူတို့ပိုစတာတွေကို ပျင်းရိပျင်းတွဲ ငေး

ပြီး ငါ့အမှတ်အသားနဲ့ငါလိုလိုတစ်ယောက်ပုံတူကို ရေးခြစ်မိရဲ့

ခရစ်စမတ်သစ်ပင်မှာ အစိမ်းရောင်သစ်ရွက်တွေ အနီရောင် ပြောင်းကုန်ပြီ

နွေရောက်တော့မယ် မီးသတ်ကားတွေ ရေဖြည့်ပြီးပြီလား

ဖက်ဖူးရောင်လေလွင့်ရက်စွဲတွေ ကိုင်ထားရင်း လက်ထဲမှာ အငွေ့ပျံသွားတယ်။ ။



လူလင်း

၂၀၀၈၊ ဒီဇင်ဘာ ၅

Apr 21, 2010

Untitled-(...)

တကယ္ဆို
လှိုင်းလာတာ ဖွဖွကလေးပါ
သဲနဲ့ ဆောက်တဲ့ အိမ်ကလေးမို့ သာ....။

ဂဏန်းကလေးတစ်ကောင်ကတော့ ဘာမှမသိ
ပင်လယ်ဆီ တရွေ့ ရွေ့ 
အတင့်ရဲစွာ။ ။


လူလင်း
၂၀၀၉ အေပရယ်

Apr 18, 2010

အရိပ်

တစ်ချိန်လုံး မင်းငါ့ကိုလိုက်နှောင့်ယှက်တယ်။
နေမွန်းတည့်တော့လည်း မင်းကိုငါလွမ်းရပြန်ရော။ ။


လူလင်း
၂၀၀၉၊ ဂျူလိုင် ၂၂

Apr 16, 2010

အချစ်သီချင်း (၅)

သင်္ဘောပျက်ပြီပဲ ရေငတ်ပြီပဲ ဒီရေမသောက်လို့  ဘယ်ရေသောက်ရမလဲ
ဆိုတော့....သောက်တာပေါ့၊ သောက်ရတာပေါ့၊ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လူ့ ဘ၀ရဲ့ ကိုယ်လုံးတီးအဖြစ်ကို သင်္ဘောပျက်မှပဲ ကွင်းကွင်းကွက်ကွက် မြင်ရ
ဘာတတ်နိုင်မလဲ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
Survival Craft ပေါ်မှာဆိုတော့ ဒီပင်လယ်ရေပဲသောက်ရတာပေါ့
လူအများနဲ့ မတူချင်လို့ မရ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
သောက်လို့ မရဘူးဆိုလည်း ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လာကယ်မယ့်သင်္ဘောလာမှပဲ ပါတီပွဲတွေပြန်တက်၊ လည်စီးတွေပြန်တပ်ပြီး လူကြီးလူကောင်းပြန်ဆန်ရမှာပေါ့
အခုတော့ ရူးချင်ရူး သေချင်သေ ဒီပင်လယ်ရေပဲ မျက်စိမှိတ် သောက်နေရတာပေါ့။ ။


လူလင်း
၂၀၀၉၊ စက်တင်ဘာ ၁၉