> သီဟသူ [dot] blogspot [dot] com: 2012

Dec 29, 2012

စနေ နေ့တစ်ဝက် (၁၈)


ဒီစနေဟာ ၂၀၁၂ ရဲ့ နောက်ဆုံး စနေ
အဲ ဒီ တော့ ?
ထူးခြားမသွားပါဘူး
မထူးခြားတော့ပါဘူး
ဒီလိုနဲ့ ၂၀၁၃ ရောက်လာ
မိတ်ဆွေများ
ဟက်ပီးနျူးရီးယားပါခင်ဗျာ။ ။

သီဟသူ
၂၉၊ ၁၂၊ ၂၀၁၂

Nov 3, 2012

နိဂုံး ၏ နောက်ဆက်တွဲ

ရေမြွေတစ်ကောင်လို နေနိုင်ခဲ့ရင်တော့ အကောင်းသား
မိကျောင်းတစ်ကောင်ဖြစ်နေတာက ခက်တယ်။

လောလောဆယ် နေ့ရက်တွေကတော့
ဗွက်အိုင်တွေထဲမှာပါပဲ
ဒါတောင်မှ သွေးမပျက်တတ်သေးတာ
မိုက်တွင်းနက်တယ် ဆိုမလားပဲ။

ကိုယ့်ပျော့ညံ့ချက်တွေအတွက်
ကိုယ့်ကိုယ်ကို ကန့်ကွက်
ဘာကိုမှ မိမိရရ မဆုပ်ကိုင်ဖြစ်သေးတဲ့ လက်ချောင်းတွေနဲ့
တစ်ရက်ပြီးတစ်ရက် ကြက်ခြေခတ်ခဲ့ရ
ညပေါင်းများစွာ...
စတေးရမယ်...
စတေးရမယ်...”
အဲဒီလိုတွေးမိပြန်တော့
လောင်းကစားသမားရဲ့ ပုံအောမှုမျိုးကို
ကိုးကွယ်သူတစ်ယောက်အနေနဲ့
နည်းနည်းချင်းတော့ ဖဲ့မပေးနိုင်။

မေ့လျော့ခြင်းကို အပြစ် မတင်ပါနဲ့
ဘဝကို နားကြည်း ငြီးငွေ့စွာ
တစ်ယောက်က ပြောတော့
ဘဝဟာ မသေချာတော့ဘူး...” တဲ့
ဒုက္ခတောအုပ်ထဲမှာ
မင်းဘဝလေး မိုးမချုပ်စေလိုတဲ့ စေတနာ
ခွင့်လွှတ်ပါကွာ...

စကားလုံးတွေကို အားပြုနေရတာ
ရွံစရာကောင်းလှပါတယ်
လောကရဲ့ ရွဲ့စောင်းမှု ထုသွင်ကြီးထဲမှာ
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်
မိမိရဲ့ ကြောင်တောင်ကန်း စိတ်ဓာတ်ကို ပျက်ရယ်ပြု
ယုံကြည်မှုဆိုတာ တစ်ခုထဲနဲ့
ဟောဒီ ကမ္ဘာကြီးပေါ်က
တစ်စုံတစ်ရာကို ရယူချင်မိတာပါ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Oct 28, 2012

ကျွန်တော့်ရဲ့ ယခုအချိန်

မိုးအုံ့ ညနေရဲ့ ရင်ခွင်ထဲက
လပ်ဟာမှုဝိညာဉ်
မေတ္တာတရားရဲ့ ဆွဲငင်မှုမှာ
သူ့ရဲ့ ယူကြုံးမရ ဟင်းလင်းပြင်
သက်ညှာစွာ စီရင်ချက် ချပါတော့။

တိုက်ဆိုင်မှုတွေ အလယ်မှာ
မမိုက်ကန်းရဲခဲ့ပါ
ဝမ်းနည်းရမှာကို သိပါတယ်
ခုလို ဖုံးကွယ်နေရတာကိုက
ပိုမို ကြေကွဲဖွယ်
ဘာမှမတတ်နိုင်ခြင်း ပင်လယ်။

အထီးကျန်
အထီးကျန်
အထီးကျန်... တဲ့
ဒီအသံက ကျယ်လွန်းအားကြီးတယ်
သွေးသားတောင်းဆိုမှု သက်သက်နဲ့တော့
အဲဒီ ဖန်ခွက်ထဲ ခုန်မဆင်းရဲပါဘူး။

ကိုယ့်စိတ်ကိုယ် အလိုလိုက်မိတဲ့
ခေါင်းငိုက်စိုက်နာရီတွေ
ဟောဒီ တစ်နွေလုံး
သူ့ခမျာ အရည်ပျော်နေရှာတယ်
လက်ဖက်ရည်ဆိုင်ရဲ့ ခပ်နိမ့်နိမ့် ထိုင်ခုံပေါ်မှာ။

ဘာဖြစ်လို့ ရင်းနှင်းဖို့ ဝန်လေးနေတာလဲ
တစိမ်းဆန်ဆန် နေထိုင်ခြင်းဟာ
ပျင်းစရာကောင်းပါတယ်။

ကျေနပ်လောက်အောင် မဖန်တီးနိုင်တဲ့ အနေအထား
အဲဒီ တံတားက စိတ်မချရဘူး
အနိုင်မရခဲ့တဲ့ ပြိုင်ပွဲတွေ...
နေ့စွဲတွေ...
… … …

အဆုံးအစွန်အထိ စွဲလန်းခဲ့
အဆုံးအစွန်အထိ စွန့်လွှတ်ခဲ့
အစွန်းနှစ်ဘက်ကို ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်း
ခေါင်းမာမှုတွေနဲ့ ပျော်ချင်ယောင်ဆောင်
မျှော်လင့်ချက်မဲ့ပုံက ဆန်းကြယ်လှပေရဲ့။

ခုတော့ ထွက်ပေါက်မဲ့စွာ
သူ့ဆာလောင်မှုကို ဘယ်သူကြားနိုင်မှာလဲ
အခွင့်အရေးနဲ့ အစွမ်းအစ
မညီမျှသေးခင်...
… … … …
… … …

ငှက်ပျောသီးတစ်ဖီးလောက်မှ
မကြီးကျယ်နိုင်သူတစ်ယောက်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ဖို့ဆိုတာ
သိပ်နောက်ကျနေပြီ။


လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Oct 2, 2012

နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း - ခ)

အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျှော်လင့်
နောက်ထပ်တစ်ကြိမ် ယစ်မှုးခွင့်
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ။

လက်ဖက်ရည် ဂါလံများစွာ
ဆာလောင်မွတ်သိပ်စွာ မြိုချ
တစ်လပြီး... … တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကို ညှင်းဆဲနေရတာ
ဟေ့ကောင်! မင်း မပျင်းဘူးလား
နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ဘဝမှာ ရှိမှ ရှိပါ့မလားလို့ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ...
ငါ မမက်ရဲသေးတဲ့ အိပ်မက်တွေ...
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေငြာချက်တစ်စောင် မထုတ်ပြန်မီ...
ခွင့်လွှတ်ပါကွာ
အခုလိုအခါမှာ ကိုယ့်အထုပ်ကိုယ် ဖြေပြရတာ
နည်းနည်းတော့ ရှက်စရာကောင်းပါတယ်။

သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့ အကောင်းသား...

ခုတော့ ငါ့ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့။
 
လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Oct 1, 2012

နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း - က)

ရူးသွပ်မိုက်မဲမှုလို့ ထင်ရတဲ့
မိမိကိုယ်ကို ကဲ့ရဲ့ခြင်းများ
အရေပြားများ ယားယံ
လက်ဖက်ရည်သောက်သလို သာမန်ကိစ္စ
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ
လွယ်တာမှတ်လို့။

လျှပ်တစ်ပြတ် ပြောင်းလဲခြင်းမှာ
အလောင်းတစ်လောင်းလို အေးစက်တောင့်တင်း
မဖြောင့်မတ်ပေမယ့်
အတ္တစင်ရုံမျှ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူသားတစ်ဦး
တိုးလျှိုးပေါက်နယ်ထဲကို ပူးကပ်ဝင်ရောက်ခဲ့။

နားထောင်နေရတဲ့ သီချင်းတွေကလည်း
လည်ပင်းကို လာစွပ်တဲ့ ကြိုးကွင်းတွေလို
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ

ခံတင်းပျက်နေတဲ့ ကြောင်နဲ့
အတောင်ပံ ကျိုးနေတဲ့ ဇရက်
တကယ့်အဖြစ်အပျက်တွေလို ပြင်းထန်
သံသယတွေခြောက်လှန့်
လက်ဝါးဖြန့်ဖို့ကို စဉ်းစား
ရိုးသားမှုနဲ့ အချိန်ကာလက
ဘဝတွေကို ပြုပြင်မွမ်းမံပေးနိုင်မလား။

ခုတော့
တစ်ယောက်က ဘဝမှာ နောက်ကျောမလုံသူ
တစ်ယောက်က ဘဝမှာ နောက်ကျောဓားထိုးခံရဖူးသူ

နေ့စဉ် မြင်ကြမှာပါ
ဟောဒီ ကားစင်ပေါ်မှာ
အရှင်လတ်လတ် မီးတင်ရှို့ခံနေရတာ
ငါပဲ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 30, 2012

ယစ်မူးခြင်းများ

မြင့်သထက် ပိုမြင့်မား
လေရဲ့ မြှောက်စားမှုမှာ
ကလေးငယ်တစ်ယောက် လက်မှ လွတ်သွားသော
မိုးပျံဘောလုံးတစ်လုံး။

ဗြုန်းဆို ညနေခင်းရွဲ့စောင်း
ခေါင်းလောင်းသံများဖိတ်စင်
အမှောင်ရိပ်တွေဝင်လာပြီ
ငါ့ရဲ့ တိတ်ဆိတ်မှုတွေကြောင့်
ငါ စောင့်နေရပြန်ပေါ့။

ရွံစရာ ဝန်စည်စလယ်တွေနဲ့
ခေတ်ကြီးတစ်ခုလို ပျက်ခဲ့ပြီလား
အချစ် ပလ္လင်ပေါ်
လည်စင်းပေးချင်တဲ့ သိုးငယ်
ခပ်လွယ်လွယ် ဘာသာရပ်တော့ မဟုတ်ဘူး။

မာကြောတဲ့ ဝေဖန်ရေးတွေကြား
အလေးချိန်မဲ့စွာ
ပမာဏမဲ့စွာ
ပုံသဏ္ဌာန်မဲ့စွာ
အသံမဲ့ ဒေသတစ်ခုသို့ အရောက်
ကြောက်စိတ်တစ်ခုထဲနဲ့
နေရဲခဲ့ပါပြီ။

ဟောဒီမှာ သေခြင်းတရားနဲ့ လဲလှယ်ဖို့
သက္ကရာဇ် နည်းနည်းပါးပါးနဲ့
စားကြွင်းစားကျန်တွေပဲ ရှိပါတယ်။
အခုတော့ ကမ္ဘာ့ ဆွဲငင်အားမှ
ခေတ္တ ကင်းလွတ်သွားသော...
… … … … …
… … … …

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Sep 29, 2012

ရင်ထဲက လက်ဖက်ရည်ဆိုင်

မနက်မိုးလင်တော့
သီချင်းတစ်ပုဒ် ဝင်လာတယ်
သူ့ကိုယ်ပေါ်မှာ နာရေးကြော်ငြာကိုတပ်ဆင်
အာရုံမြင်ဂီတ
ဒါဟာ ဇာတ်ရဲ့အစ
နှင်းတွေ တဖွဲဖွဲ ကျလို့ရယ်...

သုံးနှစ်ကျော်ကျော် လွဲချော်မှု
ကိုယ့်ကိုယ်ကို ကုန်းကိုက်ချင်လောက်အောင် ဒေါသဖြစ်
လက်နက်ကိုင် စစ်တပ်တွေထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ကမ္ဘာစစ်ကြီး နှစ်ခုထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ဟောဒီခေတ်ရဲ့ ရာဇဝင်ကောင်။
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ဟန်မဆောင်တတ်တာ အားနည်းချက်ပဲ
ဆုံးရှုံးမှုမျိုးဆက်ထဲက
အကွပ်မျက်ခံ လူငယ်တစ်ယောက်
သူ့ကို သမ ဘယ်လောက် သဘောပေါက်သလဲ
တိုးလျှိုပေါက် မြင်နိုင်ပါ့မလား
ကိုးကွယ်စရာ ဘာသာတရားအသစ်ကို မျှော်လင့်
အသစ်စက်စက် ဦးနှောက်တွေကို မျှော်လင့်
မီးလျှံကြားက ပင့်ကူတစ်ကောင်
ခိုးကြောင်ခိုးဝှက် ကတိတွေ ပေးနေမိရဲ့။

ရင်ထဲက သူလျှိုမရယ်
ဝေခွဲမရမှုတွေဟာ ငါ့ကို ဆွံ့အစေပါတယ်
ပြောစရာ စကားတစ်ခွန်းအတွက်
တွန်းအားက ဘာများပါလဲ
ဇွန်းတစ်ခေျာင်း ယူခဲ့စမ်းပါ။

အလေးချိန်ရှိတဲ့လူ
သူ့ကိုယ်သူ တာဝန်ယူနိုင်ပါစ
ဟောဒီ နွံအိုင်ထဲမှာ
ဘယ်လောက်ကြာကြာ ကိုယ်ဖော့နေနိုင်မှာလဲ
တည်းတည်းလေးပဲ ကျန်တော့တယ်...
လက်ဖက်ရည်ဆိုင်ရဲ့ ဟာလာဟင်းလင်း စားပွဲများ...
ပေါ့ပျက်ပျက် သတ္တုရေနွေးခရားများ...
အသံမဲ့ ဘာသာစကားများ...
… … … …
… … …
အား! … … …

ဒီလိုနဲ့ ညနေခင်းတ်ခု ကျွံကျသွားတယ်
မစွန့်စားရဲသေးတဲ့
အသည်းကွဲ ရဲဘော်တစ်ယောက်
လက်ဖက်ရည်ကျကျတစ်ခွက် သောက်မိပြန်ပေါ့။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 28, 2012

ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း - ခ)

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

နွေးထွေးလုံခြုံတဲ့ တွင်းတစ်တွင်း
ပြင်းပြစွာ တောင့်တ
စောင့်နေရတာ မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက်တစ်ခုပဲ။

ချစ်ခြင်း" ကို မျှော်လင့်
တရားသဖြင့် တွေးခေါ်
ပျော်ရွှင်မှုတွေဟာ အသေအချာ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွေနေတတ်တဲ့
မြွေပွေးတစ်ကောင် အဆိပ် မရှိချင်ယောင်ဆောင်လို့။
မိုးတိမ်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မကင်းဖြစ်နေရတာ
ရှက်စရာ မကောင်းဘူးလား။

လောကကြီးကလဲ
သူမရဲ့ ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကိုတင်လို့
သူကလည်း သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ သိပြီးသားပါ။

ညကတော့
ပြည့်လုဆဲဆဲ လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ တိမ်းရှောင်ရင်း …
တိမ်းရှောင်ရင်း ...
 
လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 27, 2012

ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း - က)

ရင်ကွဲနာကျနေတဲ့
ဂစ်တာတစ်လက်ရဲ့ သက်ပြင်းချသံ
(အရင်ကလိုပဲ) သန်မာပူနွေးဆဲပါပဲ။

အရေခွံအဟောင်းတွေကြောင့်
ရွဲ့စောင်းမှု ပိုမိုပြင်းထန်
ဟောဒီ ကန္တာရကောင်းကင်မှာ
အထီးကျန်ပျံသန်း
ခံနိုင်ရည်က ဆုံးဖြတ်ပါလိမ့်မယ်။

မမျှော်လင့်တဲ့ တွေ့ဆုံမှု
သူမရဲ့ ရုတ်တရက် အပြုံး
ခြေလှမ်းတွေ အသက်ရှူနှုန်းတွေလွဲမှား
အားနာလိုက်တာ ညနေခင်းရယ်။

နားလည်နိုင်ပါ့မလား
ရိုးသားစွာ သေချာ
မှန်ကန်စွာ ရောင့်ရဲ
ကြေကွဲစွာ ပွင့်လင်း
မျဉ်းကြောင်း တစ်ကြောင်းပေါ်မှာ...

လူတစ်ယောက်ရဲ့ ဖြောင့်ချက်ထက်
ငွေစက္ကူတစ်ရွက်က ပိုအရေးကြီးသလား
ကျွန်တော် လက်နက်ချမိတော့မလို့။

သင်္ချာညံ့တဲ့ သာမန်လူ
အဲဒီ မာကြောမှုတွေနဲ့ပဲ
လောကကို ဆုပ်ကိုင်
ဘယ်နေရာကို "အောင်လံ" စိုက်နိုင်ခဲ့ပါသလဲ
ခံတပ်တွေ တစ်ခုပြီးတစ်ခု ပြိုလဲကျခဲ့ရတယ်။

ဟန်ချက်ပျက် နေ့ရက်တွေအတွက်
ဘယ်သူ့ကိုမှ စွဲချက်မတင်လို
နေ့စဉ် မြိုချခံနေရတဲ့ လူ့သက်တမ်း
ခေျာက်ကမ်းပါးစွန်း ရောက်နေခဲ့ပြီ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Sep 24, 2012

ကိုယ့်အတ္တပေါ် ကိုယ်ပြန်ချော်လဲခြင်း

အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို လွှတ်မချချင်စမ်းပါနဲ့။

ယမကာတစ်ခွက်ကို တပ်မက်နှစ်ခြိုက်
အကြီးစား မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို ဖြတ်ကျော်သွားမယ့်
အာကာသလွန်းပျံယာဉ်တစ်စင်း
မင်းက
အဆိပ်ပြင်းတဲ့ နှင်းဆီတစ်ပွင့်
ပါးပြင်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေကြားထဲ
ကျယ်လောင်စွာ အပြုစားခံခဲ့ရတယ်။

ဘာကိုယုံရမှာလဲ
လုံခြုံမှု...” တဲ့
ဘဝ အာမခံချက်...” တဲ့
လူတစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက်ပေးနိုင်မှာလဲ။

အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံးကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားဒယား တွန်းရှာ
အဆုံးမှာ ကိုယ့်အမည် ကိုယ် ပြန်သတိရ
ဒီ့ထက် စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့ သူဟာ
သီချင်းတွေကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
လက်ဖက်ရည်ကို ချစ်ခဲ့တယ်
“.......” ကို ချစ်ခဲ့တယ်။

လှသန်း 
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂



Sep 1, 2012

စနေ နေ့တစ်ဝက် (၁၇) - မပျော်နိုင်တဲ့ လူရွှင်တော်သို့ အမှတ်ရချက်


ပြန့်ကားထွက်နေတဲ့စကြာဝဠာ အယူအဆကို လက်ခံထားလို့
အတွင်းထဲက ဗလာကျင်းမှုဟာလည်း နေ့စဉ်အမျှ ကြီးမားလာတယ် - လူရွှင်တော်က ပြောတယ်။

လူရွှင်တော် ပြောရင် ရယ်ရမှာပေါ့။
ကျွန်တော်တို့ ရယ်လိုက်ကြတယ်။
လူရွှင်တော်လည်း လိုက် ရယ်တယ်။
မပျော်နိုင်ရှာတဲ့ လူရွှင်တော်၊
အပျော်မရှာနိုင်တဲ့ ပရိသတ်တွေဆိုတော့
ရယ်သံတွေဟာလည်း
ခြောက်ကပ်နိုင်လွန်းတယ်။

သီဟသူ
၀၁၊ ၀၉၊ ၂၀၁၂

May 11, 2012

ဒါမျိုးတွေ တွေ့ဖူးချင်မှ တွေ့ဖူးမယ်

ဘယ်ကမှ ရေမကျလာသေးတဲ့ နေ့ရဲ့တံစက်မြိတ်မှာ
ရေစောင့်နေသူဟာ ရေလိုနေသူပါပဲ။
တကယ်လို့ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလအယူအစွဲ တစ်မျိုးလို့ဆို
ရင်လည်း ခံစားမှုနဲ့ ပတ်သက်တဲ့ ဆွေးမြေ့ကြည်လင်ဖွယ် အရောင်အသွေးအမျိုးမျိုး
မှတစ်ဆင့် ကိုယ်ဖြည့်ချင်တဲ့ အနေအထား တစ်မျိုးမျိုးကို သဘာဝတရားထဲ
သွတ်သွင်းစီရင်ပြီး မှတ်တမ်းမှတ်ရာပြုခြင်းပါပဲ။
လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ အလုပ်သမား လျှောက်ထားရေးဌာနရဲ့ ဘဝမှာ
ခဏတာပေါ့။
လှုပ်ရှားလိုက်တာနဲ့ ဝန်ထမ်းဖြစ်သွားကြတဲ့ အလုပ်သဘောမှာ သင်တစ်ခုခု တတ်
မြောက်ခဲ့ပြီး ဖြစ်တဲ့အတွက် တစ်ခုခုသင် တည်ဆောက် ပြုလုပ်မှုပြုရလိမ့်မယ်။
ကံပေးကံယူအရဒါကို မျက်ကွယ်ပြုပြင်ရင်လည်း သင်ခံစားရလိမ့်မယ်။
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို
ဖိုင်တွဲထဲ ဖြည့်စွက်ခြင်းနဲ့ လက်ရေးလက်သား အမှတ်တံဆိပ်ကိုပုံနှိပ်ခြင်းပြုလုပ်ပြီး
တဲ့နောက်၊ ဖြစ်ချင်ရာဖြစ်နဲ့ အကျွတ်တရား
သင့်လျော်ရာနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကြားမှာ
ဒွိဟကွာခြားနေတဲ့ တစ်ရာတစ်ထောင်ထဲက တစ်ယောက်
သင်ဟာသင် တစ်ယောက်တည်း အလုပ်ဝင်သွားခဲ့ရင် ရှားရှားပါးပါး
ကျွန်ုပ်ရဲ့ ဟောပြောမှုအတွက် ဗွေမယူခြင်း။
တကယ်သာမှန်လို့ ပြန်လာခဲ့ကြရင် အထိနာလို့ပဲဖြစ်မယ်။
ဘယ်သူ့ဆရာဟာ အနာဂတ်ဟောတယ်ပေါ့၊ ဆိုလိုခြင်းက
ဒါဟာသည်လည်း အနာဂတ်ဟောတယ်ပေါ့။ ။

ဝင်းမြင့်
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 9, 2012

၂၀၁၂၊ စပါဂတ်တီလုပ်တဲ့နှစ်


အဆက်မပြတ်ဆူနေပြီး ဘယ်တော့မှမကျက်မယ့်
စပါဂတ်တီတစ်အိုးအကြောင်း
တွေးကြည့်မယ်ဆိုရင်
ကြေကွဲစရာပဲ။

အပြောင်းအလဲတွေများတယ်။ ဖုန်းတွေ ခဏ ခဏ မြည်တယ်၊
ကိုင်လိုက်တိုင်းလည်း လိုင်း ကျ ကျ သွားတာချည်းပဲ။
ခေါင်းကို ဆင် ခဏ ခဏ နင်းတယ် (ည ည အိပ်မက်ထဲ)
ငြင်းပယ်ခံရမှုတွေ(များများ)ကို
(မြန်မြန်)အသားကျလာခဲ့တယ်။
တာဝေးပြေးသမားရဲ့ အထီးကျန်မှုမျိုးနဲ့
ဆက်သွယ်မှုဧရိယာပြင်ပမှာ ဧကစာကျင့်တယ်။
ပျော်ပါတယ်၊ မပျော်ဘူး။
စောင့်ပါတယ် (အိမ် ပြန်လာမယ့်နေ့၊ အိမ် ပြန်ရမယ့်နေ့)
မဖြေနိုင်သေးတဲ့ မေးခွန်းက "ဘယ်မှာလဲ အိမ်?"

ပျောက်သွားတဲ့ ကြောင်လေးကို
ပြန် မတွေ့ရတော့ပါ။

သီဟသူ
၀၉၊ ၀၅၊ ၂၀၁၂
၁။ စပါဂတ်တီလုပ်တဲ့နှစ် (စင်ကြယ်ငြိမ်း)
၂။ ၃။ စိုင်းဝင်းမြင့်
၄။ မင်းထက်မောင်

May 8, 2012

ငွေကြေးကို သုံး၍ ရပိုင်ခွင့်များ ပြန်လည်ယူငင်ခြင်း


မရွေ့လျားလိုပဲ ရွေ့လျားနေရခြင်းနေ့တစ်နေ့
နောက်ဆုံးဟု ခေါ်ဆိုရနိုင်သော မျှော်လင့်ချက်ကလေးကို ကောက်ရမိတယ်
ပျော်သလိုလို ဝမ်းနည်းနေရတယ်
မျက်ရည်တစ်စက်တစ်ပေါက် ရောက်တတ်ရာရာ
မျက်ဝန်းတံခါးမှာ တွယ်ကပ်ချိတ်ပါနေလျက် ပျော်ရွှင်နေပါတယ်
ငါမဖန်တီးလိုသော ရှေ့ဘဝ၊ ရှေ့ကမ္ဘာ
ငါဟာ အဖော်မင်သော လူညံ့၊
တစ်ကိုယ်တည်း မရပ်တည်ရဲသော မိုက်မှောင်ခြင်း
ရည်ညွှန်းချက်မဲ့နေသော မနက်ဖြန်၊
မာတိကာပါဝင်ခြင်းမရှိသော black book
ဝမ်းနည်းလွယ်ခြင်းများ အရပ်လေးမျက်နှာမှာ အုံ့ဆိုင်းညှို့မှိုင်းလို့
ရယ်မောသံလေး တစ်စတလေ ရှင်သန်နေနိုင်ရင်ကောင်းမယ်လို့ တွေးတယ်
ဒီနေရာလေးကနေ ဘယ်ကိုမှ မရွေ့လျားလိုခြင်း စိတ္တဇ
ထုံကျင်နေတယ်၊ မှိုင်းမိနေတယ်၊
အရွက် အခက် အလက် ပဲ့ကျ စွန်းထင်နေတယ်
ဆက်ဆက်လာခဲ့မယ် ကတိပျက်ရခြင်းနေ့များ ဆက်တိုက်
အလေ့ကျပေါက်ရောက်သလို နေထိုင်ခြင်းများ ပိုးစိုးပက်စက်
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး၊ အင်တာနက် မသုံးဖြစ်ဘူး
ကဗျာလည်းရေးလို့မရတော့တာ လွန်ခဲ့သော လပေါင်းများစွာ
စိတ်ပျက်နေတယ်၊ စိတ်လေနေတယ်၊ စိတ်ကျနေတယ်
ဒီမမြင်အာရုံကိုမှ ဘာလို့ လာလာပိတ်ဆို့နေရတာလည်းကွာ
မင်းရှိနေမှာလားလို့ တယ်လီဖုန်းကို မ ယူလိုက်တယ်
ခဏအကြာ တယ်လီဖုန်းကို လာကိုင်ဟန်ပြတယ်
ကံကောင်းခြင်း နံပါတ် ၇ လက်ဖက်ရည်ဆိုင်မှာ ထိုင်မိတယ်
ငါအလုပ်ရမှဖြစ်မယ်လို့ တစ်ယောက်မက ပြောချင်ပြောနေမိလိမ့်မယ်
အဆင်ပြေမှာလားလို့ အဝေးကြီးကတိမ်ကို မြေကြီးနဲ့တူတဲ့ ငါက မေးမိလိမ့်မယ်
ချစ်ခြင်းမေတ္တာကလည်း မကြာခဏ မီးညှိနေရသော ဆေးပေါ့လိပ်
အပိုင်းအစများ
နောက်တစ်ခါများ လူ့ဘဝကို မတော်တဆရောက်မိခဲ့မယ်ဆို
"မလွယ်ကူသော ခက်ခဲခြင်းကိုပဲ ရရှိလိုပါတယ်" ဆုကိုပဲ
ရွေးချယ်တောင်းယူဖြစ်မယ်
ဒီနေ့လည်း အရင်နေ့တွေလို
ပေါ့ပေါ့ပျက်ပျက် အိပ်စက်အနားယူဖြစ်မယ် ထင်ပါတယ်။

အောင်ပိုင်စိုး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 7, 2012

မမေ့လျော့ခြင်း

အလို ...
ထူးဆန်းလိုက်တဲ့ ရင်ခွင်
အလွမ်းတွေ ပွင့်ဝေပြီး
နိုးထလာခဲ့တယ်။

မထူးဆန်းပါဘူး အချစ်ရယ်
ဟောဒီကမ္ဘာကြီးမှာ
အလွမ်းတွေကလွဲ
ဘာများရှိလို့လဲ။ ။
 
သုခမိန်လှိုင်
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၇ ခုနှစ်
[mirrored from Dr. Lun Swe]

ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ လျှပ်စစ်ဓာတ်တွေ ထွက်နေစေရမယ်


လောင်စရာမရှိတော့ စိတ်ကိုလောင်တယ်
ခန္ဓာကိုလောင်တယ် ဆံပင်တွေဟာ
သစ်ရွက်ကြွေသလို ကြွေကျကုန်တယ်
တနင်္ဂနွေကနေ စနေအထိလောင်တယ်
ဒီဇင်ဘာကနေ နိုဝင်ဘာအထိလောင်တယ်
အတွေးဟာ အငွေ့တလူလူနဲ့ မဆုံးနိုင်
အစာအိမ်ထဲကို ရေမောင်းထည့်ဖို့ကြံတာ မအောင်မြင်သေးဘူး
ငါတို့အမြဲတမ်း ဘာလုပ်နေကြသလဲ၊ အဆက်မပြတ်၊ အမြဲ၊ နေ့ည၊ အချိန်နဲ့အမျှ
အိပ်၊ စား၊ ကာမလား၊ ငွေရှာတာလား
ပညာ၊ ကုသိုလ်၊ အကုသိုလ်၊ တစ်ခုခုလား၊ အမြဲတမ်းလေ၊ အမြဲတမ်းပေါ့
အဆက်မပြတ်ပေါ့၊ တရစပ်ပေါ့၊ လမ်းလျှောက်နေတာလား
တွေးနေတာလား၊ စိတ်ကူး၊ ကြံစည်၊ အခြားသောအရာ
ဓာတု၊ ရူပ အစရှိသော ဗေဒများလား
ခလုတ်တွေလည်း ဖွင့်တိုင်းမလင်းတော့ဘူး မဟုတ်လား
စိတ်ဟာ တဖျပ်ဖျပ်လောင်လို့
လျှပ်စစ်ကို ဓာတ်လိုက်ဖို့ လိုက်နေတော့တာပဲ
ငါတို့အလှုပ်တွေက လျှပ်စစ်ဓာတ်ထုတ်ယူမယ်
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ လျှပ်စစ်ဓာတ်ထွက်ရမယ်
မြင်စရာနဲ့ အမြင်အာရုံထိတွေ့တာနဲ့ လျှပ်စစ်ဓာတ်ထွက်ရမယ်
အသံနဲ့ အကြားအာရုံ ထိတွေ့တာနဲ့ လျှပ်စစ်ထွက်ရမယ်
အဲဒီလို အာရုံငါးပါးကနေ လျှပ်စစ်ဓာတ်ထုတ်ယူရမယ်
ကဗျာရေးရင် စာလုံးတွေက လျှပ်စစ်ဓာတ်ထွက်မယ်
ပန်းချီဆွဲရင် ဆေးစက်တွေက လျှပ်စစ်ဓာတ်ထွက်မယ်
အောဟစ်ဆဲဆိုရင်၊ ငြင်းခုန်ရင်၊ သဘောမတူရင်
ဒေါသဖြစ်ရင်၊ စိတ်ဆင်းရဲရင်၊ ရန်ပွဲတွေ၊ စစ်ပွဲတွေ၊ မျက်လှည့်ပွဲတွေ
ချစ်သူခြင်းတွေ့ကြတဲ့အခါ၊ လင်နဲ့မယားချစ်ခန်းဖွင့်တဲ့အခါ
စိတ်ပျော်ရွှင်တဲ့အခါ၊ စိတ်ငြိမ်းချမ်းတဲ့အခါ
တရားဓမ္မနှလုံးသွင်းတဲ့အခါ၊ ရပ်နေမယ်၊ ထိုင်နေမယ်
လျောင်းနေမယ်၊ ဘယ်လိုဣတ္ထိယပုဒ်နဲ့ဖြစ်ဖြစ်ပေါ့
လျှပ်စစ်ဓာတ်တွေ ထွက်နေရမယ်
လျှပ်စစ်ဓာတ်တွေကို ငါတို့ သိမ်းထားမယ်၊ ထုတ်သုံးမယ်
ဝေငှမယ်၊ ဖြန့်ဖြူးမယ်၊ ဖလှယ်မယ်
ဘယ်သူ ဘယ်လောက်လိုနေသလဲ၊ ဘယ်သူဘယ်လောက်ပိုနေသလဲ
ဒါတွေဟာ အဖြစ်အပျက်တွဟာ ငါတို့ဟာ
လျှပ်စစ်ဓာတ်ထုတ်လုပ်ရာဌာနတွေ လောင်စာတွေပဲ
ကမ္ဘာကျော်လက်ဝှေ့သမားရဲ့ လက်သီးတစ်ချက်ဟာ
မြို့ကြီးတစ်မြို့လုံးကို ညတိုင်းလင်းလက်ထားနိုင်ရမယ်
ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ကန်ချက်ဟာ
ကမ္ဘာ့နေရာအနှံ့အပြားကို လက်ခုပ်သံအဖြစ်ရောက်သွားမယ်
အဲဒီလက်ခုပ်သံတွေက လျှပ်စစ်ဓာတ်တွေ ထွက်လာမယ်
သတင်းတစ်ပုဒ်ဖြစ်စေ သီချင်းတစ်ပုဒ်ဖြစ်စေ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရမယ်
ဘော့စနီးယားက ဘာသာမတူတဲ့ ချစ်သူနှစ်ဦး
အချစ်နဲ့ ငြိမ်းချမ်းရေးအတွက် အသက်ပေးသွားကြတယ်
ဒီအလင်းက လူတိုင်းကို လက်သွားစေခဲ့တယ်
ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြိုင်ပွဲဝင်တဲ့နေ့က
ပြည်တွင်းစစ်ကို ရပ်တန့်ထားကြတယ်တဲ့
ဒါဟာ သတင်းကနေ အလင်းထုတ်လုပ်လိုက်တာပဲ
ဒါဟာ အလင်းကိုလမ်းဖွင့်လိုက်တာပဲ၊ လျှပ်စစ်ဓာတ်ထုတ်လုပ်လိုက်တာပဲ
ငါတို့လမ်းထဲက လူတွေက ဟိုဘက်လမ်းမှာ ပညာသွားရှာကြတယ်
ဟိုဘက်လမ်းက လူတွေက ငါတို့လမ်းမှာ စီးပွားလာရှာကြတယ်
အလင်းကို သွယ်ယူကြတယ်၊ လျှပ်စစ်ဓာတ်ထွက်နေစေရမယ်
ဒီလိုနဲ့ ငါတို့ဦးခေါင်းတွေ အမြဲတမ်းလင်းနေစေရမယ်
ဘာပဲဖြစ်ဖြစ် ငါတို့ဦးခေါင်းတွေ ဘယ်တော့မှ အမှောင် မကျရောက်စေရဘူး
ဘာပဲဖြစ်ဖြစ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့...


ကိုရွေး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 6, 2012

စိတ်က အပုံလိုက်၊ လူက လင်းပစ်လိုက်

ခေတ်ပေါ်ဒီဇိုင်းနဲ့ စတီးလ်ထိုင်ခုံပေါ်
ကျွန်တော် ငြိမ်သက်စွာ ထိုင်နေပါတယ်။
ခါးကတော့ အလိုက်သင့်၊ ကျောကလည်း နောက်မှီလို့
လျော့လျော့လျဲလျဲပါ။
စိတ်တွေကို အပုံလိုက် ဖြည်ချထားရတဲ့ အရသာဟာ
ဘာနဲ့မှ မတူပါလား ကိုယ့်ဆရာတို့။

လက်နှစ်ဖက်ကတော့ သူတို့ကို အာရုံမထားမိတော့
ပေါင်ပေါ်မှာ ပြားချပြီး ရှိနေလောက်ပါတယ်။
မျက်လုံးတွေကလည်း
ဖွင့်ထားပေမယ့် ဘာမှတော့ မမြင်နေပါဘူး။
ဒီကနေ့ သတင်းထူးများလည်း
ကျွန်တော် မသိပါဘူး။
စောစောရောက်လာခဲ့တဲ့ စာစောင်တွေလည်း
မဖတ်ဖြစ်လိုက်ဘူး။
အချပ်ပိုတွေလည်း တစ်နေရာ လွင့်ပါသွားပြီပေါ့။

ခြေထောက်တွေကိုတော့ နည်းနည်း လှုပ်မိသွားတယ်ထင်ရဲ့။
အေးအေးလူလူရှိတဲ့အခါ ခြေကို နန့်တတ်တဲ့အကျင့်က
ပါနေတုန်းပါလားဗျာ။
အခုခြေကို ထိမိတဲ့ စူးရှရှအစဟာ
ကျွန်တော့်ထိုင်ခုံမှာ လာငြိနေတဲ့ ဝါယာစ၊
ဒါကို အစောကြီးကတည်းက ကျွန်တော် မဖယ်ဖြစ်ခဲ့ဘူး။
မကြာခင်ဆို ဒီအခန်းထဲ
လျှပ်စစ်ဓာတ်အားလိုင်း ပြန်ဝင်လာမယ်လို့
ဒီမတိုင်ခင်က ကြားလိုက်မိသားပဲ။
လင်းဖို့ရာ မီးသီးမရှိသေးတဲ့
ဒီကြိုးစမှာ
ကျွန်တော်ကိုယ်တိုင် လင်းပစ်လိုက်ဖို့ပါ။ ။

စန်းဦး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

စနေ နေ့တစ်ဝက် (၁၆)


ကဗျာကား သေလေပြီ

နေ့စဉ်ဘဝအမှတ်ရချက်များ
မပျော်မွေ့စိတ်
တွယ်ငြိရပါသော ငြီးငွေ့ခြင်း
စိတ်ကျခြင်း စိတ်ကြွခြင်း
အလိုမပြည့်နိုင်ရမှုနှင့် မလိုချင်တော့မှု
ကိုယ်တိုင် သတ်မှတ်ထားသော
ကဗျာ?

ကဗျာကား သေလေပြီ
ကဗျာ သက်တော်ရာကျော် ရှည်ပါစေသော်ဝ်။ ။

သီဟသူ
၀၅၊ ၀၅၊ ၂၀၁၂

Apr 29, 2012

ယောဂီ

ယောဂီ
ပျံ့လွင့်တတ်သော စိတ်အစဉ်ကို
စောင့်ကြည့်ရန် လာခဲ့သော်လည်း
မိုးပြေးရွာသော အောက်တိုဘာ နေ့လည်ခင်းတစ်ခု၌
ငိုက်မြည်း၍ ကောင်းနေဆဲ
ယောဂီ


ယောဂီ ၂
အသက်၊ အလုပ်အကိုင်၊ လူမျိုး
အမျိုးမျိုးပင် ကွဲပြားနိုင်သော်လည်း
ဤနေရာတွင်
အားလုံး
ယောဂီ


ယောဂီ ၃
အပူတွေရှောင်ဖယ်ခွာကာ
ရိပ်သာလာတယ်
ရိပ်သာရောက်မှ
မိမိသည်သာ အပူအရင်းအမြစ်ဖြစ်မှန်းသိတော့တယ်
ယောဂီ

သီဟသူ

Apr 28, 2012

စနေ နေ့တစ်ဝက် (၁၅)

မပျော်ဘူးဆိုပေမဲ့
ထွက်သွားဖို့ကျပြန်တော့လည်း
စိတ်မကူးသေးဘူး။
ဒဏ်ရာရ ခွေးတစ်ကောင်လို
မကျက်နိုင်တော့တဲ့ အနာတွေကိုပဲ
လျှာနဲ့ယက်နေရင်း
ပြည်တစိုစို
ယင်တလောင်းလောင်းနဲ့
ဒီလို စနေနေ့တစ်ဝက်တွေ

သီဟသူ
၂၈၊ ၀၄၊ ၂၀၁၂

Apr 22, 2012

စနေ နေ့တစ်ဝက် (၁၄)


မိုးမိုးရွာပါမိုးနဲ့ ရွာပဲရွာနိုင်လွန်းတဲ့မိုး၊
တစ်ဝက်ပဲကျန်တော့တဲ့ခွက်နဲ့ တစ်ဝက်ကြီးများတောင်ကျန်သေးတဲ့ခွက်၊
တစ်ဦးချင်းနဲ့ တစ်ယောက်စီ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
နေတတ်သလိုနဲ့
ပျော်ပျော်နေဖို့ပါပဲ သူငယ်ချင်းတို့
အဲ..
ပျော်တယ်ဆိုတာ ဘာပါလိမ့်လို့တော့
မေးခွန်း ထပ် မကွန့်ပါနဲ့တော့လား ဆရာ....

သီဟသူ
၂၁၊ ၀၄၊ ၂၀၁၂

Apr 21, 2012

ထိုသြဂတ်စတြာ

မအောင်မြင်မှန်း သိလျက်နဲ့
ကြိုးစားခဲ့ပါတယ်
ဇွဲမလျှော့ပါဘူး။

သုခမိန်လှိုင်
Idea, June 2011

အသက်ရှင်ခြင်းလမ်းတစ်လျှောက်


ကမ္ဘာပျက်တဲ့ဘဝတွေက
တစ်ယောက်နဲ့တစ်ယောက် အားရှိမယ့်အပြုံးတွေ
ဘယ်လိုပြုံးနိုင်ခဲ့တာလဲ

ကျိုးသွားပြီး ပြန်ဆက်တဲ့ အရိုးတွေ
ပေါက်သွားပြီး ပြန်ကောင်းတဲ့ သွေးကြောတွေထက်
စိတ်ဝင်စားစရာကောင်းတယ်

တစ်ညလုံး၊ တစ်နေ့လုံး
အဲဒီလမ်းက
ချီတက်ရတာပဲ။

သုခမိန်လှိုင်
Idea, March 2011

အဖြူရောင်အကြောင်း


တစ်ခါတုန်းက ဖြူဖြူစင်စင်အင်္ကျီလေးတစ်ထည်
ပြန်လျှော်မကြည့်နဲ့တော့

ပြန်လျှော်လည်း အသစ်မဖြစ်တော့
ပြန်လျှော်လည်း အကောင်းမဖြစ်တော့
ပြန်လျှော်လည်း အဖြူမဖြစ်တော့

သဘာဝကျကျ ထားလိုက်တော့
ကြိုးစားရင်း ဟောင်းခဲ့တာ
ချီတက်ရင်း ညစ်ခဲ့တာ
လဲကျရင်း စုတ်ခဲ့တာ
အဲဒါ
ပန်းတိုင်ရောက်ရင် ငါ့အလံ

သုခမိန်လှိုင်
Idea, January 2011

မဏိမေခလာကြယ်


အမှောင်က သူ့ကိုယ်သူ အသေခံပြီး အမှောင်ခံတော့
အမှောင်သမုဒ္ဒရာ အကျယ်ကြီးမှာ
မဏိမေခလာ မလာပါဘူး

ကြယ်ကလေးတစ်လုံးကတော့ ပါဝင်ခဲ့တာ
အမှောင်ထက်က
အားလုံးခေါင်းမော့ အသက်ရှင်ကြ။

သုခမိန်လှိုင်
Idea, December 2010

လက်ပစ်ကူးခြင်း


ချစ်သူ့ အပြုံးများအား မြင်နိုင်ရန်
ကျွန်တော်သည် အသက်အောင့်ထားပါသည်

ခရီးမတွင်သော
ရေခဲမြစ် ရေခဲပင်လယ်ထဲမှာ မဟုတ်ပါ
ထစ်နေသော
ရှေ့ဆက်မဖတ်သော ဒီဗီဒီဇာတ်လမ်းထဲမှာ မဟုတ်ပါ
လက်ပစ်ကူးနေရသော
မဟာသမုဒ္ဒရာထဲမှာ မဟုတ်ပါ

ချစ်သော...
ချစ်သော ကမ္ဘာမြေပေါ်မှာ

သုခမိန်လှိုင်
Idea, September 2010

မဆီမဆိုင် ရုရှဆောင်း


မဆီမဆိုင်
ဟစ်တလာရဲ့စစ်တပ်ကြီး ရုရှကို ချီတက်တော့
စစ်တပ်ကြီးတစ်ခုလုံး ရုရှဆောင်းထဲ နစ်နေပုံ
ပြေးမြင်မိတယ်

ငါနဲ့တူလိုက်တာ
စစ်တပ်ကြီးတစ်ခုလုံး ရုရှဆောင်းကို မကျော်နိုင်ပုံ
ငါနဲ့တူလိုက်တာ

ရုပ်ရှင်တော့ ရုပ်ရှင်ပါပဲ
ငါနဲ့တူလိုက်တာ။

သုခမိန်လှိုင်
Idea, August 2010

ပိုမို...

ဘာမဆိုဖြစ်နိုင်တဲ့ ဘဝကြီး
ဘာမဆိုဖြစ်နိုင်တဲ့ ဘောလုံး
ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာကြီး
ဘယ်သူနိုင်မယ် မခန့်မှန်းပါဘူး

ပိုမိုသန့်ရှင်းတဲ့ အသင်း
ပိုမိုနှစ်သက်စရာ ကမ္ဘာ
ပိုမိုချစ်စရာ ချစ်သူ
မင်းတို့ဘက်မှာ ငါ အမြဲရှိမယ်။

သုခမိန်လှိုင်
Idea, July 2010

အားလုံးအတွက် သီချင်း


လောကဓာတ်ကြီး ရှစ်စိတ်ကွဲသွားပြီ
ဂြိုဟ်တွေ၊ ကြယ်တွေ အားလုံးပြုတ်ကျလာပြီ
အချစ်တွေ၊ အမုန်းတွေ အားလုံးပြုတ်ကျလာပြီ
အားလုံးပြုတ်ကျလာပြီ
ကမ္ဘာကြီးကိုယ်တိုင် ပြုတ်ကျလာပြီ
ငါကိုယ်တိုင် ပြုတ်ကျလာပြီ

ပြောချင်တာက
ကျချင်တာကျ စိတ်ဓာတ်မကျနဲ့။

သုခမိန်လှိုင်
Idea, May 2010

စကြာဝဠာပန်းမြိုင်လယ်


လော့စ်အိန်ဂျယ်လိမြို့မှာ လေယာဉ်ဆင်းသက်ပါတော့မယ်
အပူချိန် ၇၆ ဒီဂရီရှိပြီး
ရာသီဥတု သာသာယာယာ ရှိပါတယ်။

ငါမရေးသင့်တော့တဲ့ ကဗျာတွေ
သစ္စာမဖောက်သင့်တော့တဲ့ ချစ်သူတွေ
ဟောလီးဝုဒ် မရိုက်သင့်တော့တဲ့ ဇာတ်ကားတွေ
အမ်မင်နမ် မဆိုသင့်တော့တဲ့ စာသားတွေ
အိုဘားမား မပြောသင့်တော့တဲ့ မိန့်ခွန်းတွေ
အားလုံးကင်းရှင်းပြီလား အကြောင်းကြားပါ။

သုခမိန်လှိုင်
Idea, April 2010

ကြယ်ငေးသူကြီးအကြောင်း


လူသားတွေက အရမ်းဉာဏ်ကောင်းတယ်
ဒါပေမဲ့
လူသားတွေရတဲ့ ရောဂါတွေက
ဉာဏ်ပိုကောင်းတယ်

ကြယ်ကလေးတွေရေ
မင်းတို့ကို ငေးကြည့်စရာ ဖန်ဆင်းမှုသာမပါရင်
ငါ ဘာလုပ်ရမှန်း မသိဘူး။

သုခမိန်လှိုင်
Idea, February 2010

၂၀၁၀ ကဗျာ-ကမ္ဘာ


တစ်နေ့ပြီးတစ်နေ့ ပြီးခဲ့လေပြီ
၂၀၁၀ သို့ ရောက်လေပြီ
ကဗျာရေးနည်းများသည် ပြောင်းလေပြီ

တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူး။

သုခမိန်လှိုင်
Idea, January 2010

ဒေါ်လှခင်လှဖို့


အသက် ၆၂ နှစ် ဟိန္ဒူအမျိုးသမီးကြီး ဒေါ်လှခင်
သားသမီးတွေကနေ မြေးတွေဝမ်းရေးအတွက်
အိမ်မှာ အဝတ်လျှော်ဖို့ ရောက်လာတတ်တယ်
ဒေါ်လှခင် ရောက်မလာတဲ့နေ့တွေဆို စ,မိတယ်
ဒေါ်လှခင်, ဒေါ်မလှခင်ဖြစ်သွားပြီ

ဒေါ်လှခင် လာတဲ့နေ့ဆို ဒေါ်လှခင်လှတဲ့နေ့
ဒေါ်လှခင်မလာတဲ့နေ့ဆို ဒေါ်လှခင်မလှတဲ့နေ့
ကမ္ဘာကြီးကတော့ ဒေါ်လှခင်မလှတဲ့နေ့တွေချည်းပဲပေါ့
ဒေါ်လှခင် လှတဲ့နေ့တွေရဖို့ ကျွန်တော် ကဗျာရေးမိတယ်။

သုခမိန်လှိုင်
Idea, December 2009