Mar 21, 2023
Indie သီချင်းထဲက သာမန်လူတယောက်
(ကမ္ဘာ့ကဗျာနေ့/၂၃)
===============
မနေ့က မှာထားတဲ့
သဲကြမ်းတကျင်းမှာ
အနုပညာ ဘယ်နှစ်အောင်စ၊
အုတ်တခဲမှာ
အမှန်တရား ဘယ်လောက်များများ
ပါလာမလဲ
ဒီမြို့မှာ
မတ်လ တတိယအပတ် ရောက်နေပြီ
မနက် ၆ နာရီလောက်အထိ
မူလအရသာ မကျန်တော့တဲ့
မြူတွေ... မကွဲသေးဘူး
အဲသလို မြူကြောင်တွေကြား
တူးလက်စမြေကျင်းဝမှာ တောင်တောင်အီအီ ရပ်နေရင်း
အရင်ဘဝက အမှတ်မရတော့တဲ့ ကဗျာတွေ မျက်မှန်မှာ လာသီးနေလို့
အင်္ကျီအောက်စ နဲ့ သုတ်ချရတယ်
ငါ့ကဗျာ မကောင်းလည်း
သူတို့ကဗျာ ကောင်းကြမှာပါ
ငါ မရေးလည်း
သူတို့ ရေးကြမှာပါ။ ။
#ဝင်းမင်းထွန်း
၂၁/၀၃/၂၀၂၃
အင်္ဂါ
Aug 4, 2022
.
ငါဟာ သွေးရွှဲရွှဲစိုနေတဲ့ မြေကြီးထဲက ထိုးထွက်လာတဲ့
နွေဦးပန်းပွင့်အသွင်ရှိတဲ့
စိတ်ကူးတခု။
ငါတို့ နေထိုင် နေထိုင် နေထိုင်ခဲ့ကြပြီး
အသက်ရှင်နေရခြင်းကို မြတ်နိုးခဲ့ပုံများ။
ငါတို့ လက်မလွတ်ချင်ခဲ့ကြဘူး။
.
Joy Harjo
.
သီဟသူ မြန်မာပြန်သည်
သြဂုတ် ၄၊ ၂၀၂၂။
_____________________________________________________
=========================
မသေသေးကြောင်း ပြုံးပြလိုက်ပြီး
မနက်စာကို ခပ်သွက်သွက် လက်စဖြတ်လိုက်တယ်
အပြင်မှာ မိုးက လူရိုသေ ရှင်ရိုသေ ရွာနေသေးတော့
လက္ခဏာရေး သုံးပါး ထက်
ထီး က ပိုအရေးကြီးသွားပြီ
လွယ်အိတ်ထဲ ဖတ်လက်စ စာအုပ်တအုပ်ထည့်
ဘုရားကန်တော့ပြီး
လမ်းမဆီ ထွက်လာ
အသက်ထက် ဈေးပိုရတဲ့ ခရီးတွေအတွက် ရေဝေးဖလား လုနေတဲ့ ကားသမားတွေ များနေတော့
လမ်းကို ချက်ချင်းမကူးရဲသေး
ထီးတဖက် / လွယ်အိတ်တဖက် နဲ့
မနက်ခင်းကို အန္တရာယ်ကင်းဂါထာ ရွတ်ပြီး
ဖြတ်ကူးရတယ်
ငါ့မိတ်ဆွေ မေးနေကျ စကားလေး စိတ်ထဲ အမှတ်ရ
"ခြေနေ"...။
#ဝင်းမင်းထွန်း
၀၄/၀၈/၂၀၂၂
ကြာသပတေး
_____________________________________________________
.
"ခြေနေ" လို့ မေးလိုက်တိုင်း
အဖြေကို သိနေပြီးသား
ဆိုပေမဲ့ တကယ် မသိပါဘူး
ရန်ကုန်ရဲ့ အဝေးကလူဆိုတော့
မြေပြင်သတင်း မြေပြင်ဖီလင်နဲ့
အဟလေးတွေတော့ ရှိတာပေါ့
သမုဒ္ဒရာ ဝမ်းတထွာ က အခုမှ ဒုတ်ဒုတ်ထိ သိနေရတာ
အသက်နဲ့ရင်းပြီး သွားလာနေရသလို ခံစားနေရတာ
လူအဆင်ပြေတောင် စိတ်အဆင်မပြေ
မကောင်းတဲ့သတင်း
တွေပဲတော့ မဟုတ်ပါဘူး
ကဗျာအကြောင်း စာအကြောင်းနဲ့
ဖြေဆည်ရာတချို့
ပန်းချီကားတချို့ရယ်ပေါ့
ရယ်ပြီးရင်တော့ ရှိုက်ရတာပေါ့
အရှိုက်ခက်တဲ့အခါ
ငိုလိုက်ရတာပေါ့
အေးဗျာ
မလွယ်ဘူး
.
သီဟသူ
ဩဂုတ် ၄၊ ၂၀၂၂။
_____________________________________________________
Aug 12, 2021
အပြာဖျော့ဖျော့ ဂျင်းဦးထုပ်တလုံးရဲ့ နောက်ဆုံးညနေ
(ချိမ့် သို့)
============================
လွယ်လွယ်မျက်ရည်ကျရတဲ့ ဩဂတ်စ် လ ရဲ့ နေ့ခင်းတခု မှာ ရွာတော့မလိုလိုနဲ့ မိုးက လုံးဝ မရွာခဲ့ပါဘူး။ "မိုးက မတိတ်တော့ဘူး / ဟောဒီ လောကမှာ" လို့ ပွင့်အံ့ခဲ့သူကို အဆုံးသတ် နှစ်သိမ့်ခြင်းလား...။ အရောင်လွင့်နေပြီဖြစ်တဲ့ အပြာရောင်ဂျင်းဦးထုပ်တလုံး ဟာ ပိုင်ရှင်ရဲ့ လောကဓံ နဲ့ သက္ကရာဇ်များကို အတိုင်းအတာတခုအထိ ပြောပြနေသလိုပဲ။ ဒုက္ခတွေ အနှံအပြား ပေါက်ရောက်ရာ နေရာ မှာ ကိုယ့်မှတ်ဉာဏ်နဲ့ ကိုယ်၊ ကိုယ့်အလွမ်းနဲ့ ကိုယ် ငြိမ်နေမိတယ်။
"ကျွန်တော်ဟာ အရူးအမူးသမား
ခံစားမှုပဲ ယုံတယ်။"
ကျောက်ပြား အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့၊
အကြောင်းအရာ မျိုးစုံနဲ့ ဖြတ်သန်းမိခဲ့တဲ့ ဆုံမှတ်ဟောင်းတခုမှာ ပြန်လည်ဆုံမိတဲ့ မျဉ်းကြောင်းတွေလို အချင်းချင်း မသိပေမယ့် ဆုံမှတ်က တူနေတယ်။ တချို့ တိတ်တဆိတ်၊ တချို့ ဆူဆူလောင်လောင်။
လေငြိမ်နေတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ Mask တပ်ထားပေမယ့် သုသာန်ရဲ့ ရနံ့ က ထင်ရှားနေတယ်။ မြက်ရိုင်းတွေရဲ့ အလယ်မှာ အစီစီ အရီရီ အုတ်ဂူ အသစ်တွေ၊ ထောင့်အကျဆုံး နေရာမှာတော့ သူ့အတွက် နေရာ။ အောက်မေ့ခြင်းများစွာနဲ့ ပို့သလိုက်တဲ့ ပန်းခြင်းများ မမွှေးမြနိုင်တော့ပါ။ ကျနေရောင်အောက်မှာ အိုက်စပ်စပ် ဖြစ်လာပြီး မျက်ရည် နဲ့ ချွေးရောထွေးကုန်တဲ့ မျက်နှာတွေ။ ဆရာတော်တပါး ရဲ့ လက်ထဲမှာ သစ်သားပက်လက်ကုလားထိုင်ပေါ်မှာ ကျောမှီပြီး ကင်မရာဆီ ခေါင်းငဲ့ ကြည့်နေတဲ့ ဆံပင် ရော မုတ်ဆိတ်ပါ ဖွေးနေတဲ့ အဖြူအမည်းဓါတ်ပုံ နဲ့ ကဗျာ တကြောင်း။
"ဦးခိုက်ရှိခိုးပါ၏ဘုရား
တပည့်တော်ဟာ ဘယ်သူပါလဲ"
ကိုယ့် ယူလာတဲ့ အဝါရောင် ပန်းစည်းကို အုတ်ဂူပေါ် တင်လိုက်ပြီး ကိုယ်တပိုင်းပေါ်တဲ့အထိ ဖွင့်ထားတဲ့ ပန်းတွေအပြည့်နဲ့ ခေါင်းတလားကို ကြည့်မိတော့ မျက်ရည်မဆယ်နိုင်တော့ပါ။ သေခြင်းတရားမှာ အရောင် ရှိမယ်ဆို အဝါ ၊ အသံ ရှိမယ်ဆို D-minor ပဲ။
ကံ ဖြတ်ရင် ဘယ်သူမှ နေလို့မရဘူး ဆိုပေမယ့် ၇၃ ဆိုတာ ကျန်ရစ်သူတွေ မချိတင်ကဲ ဖြစ်သင့်သေးတဲ့ အရွယ်ပဲ မဟုတ်လား။
" ရူးမတတ်ပါဘဲ ကိုကို
ကိုကို ကောင်းရာသုဂတိလားပါစေ
ညီမလေး" တဲ့
အားလုံးတုန်လှုပ်ခဲ့ရပါတယ်
ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါတော့ ဦးချိမ့်....။
#ဝင်းမင်းထွန်း
၁၁/၀၈/၂၀၂၁
ဗုဒ္ဓဟူးနေ့
Mar 2, 2021
နွေအပြ နွေအပြော
အပိုင်း - ၁
ခြေဆင်း
၁။
နွေဦး ကို ခူးမယ့် လက်
အိပ်မက်ချင်း တူရင်
လမ်းချင်း တွေ့မယ်
စုပေါင်းအား သာ အဓိက။
၂။
ဒီတနွေကို ကျော်မယ်
ဒီမုန်တိုင်းကို ဖြတ်မယ်
ဒီဓါးသွားပေါ် လျှောက်မယ်
နက္ခတ် မလိုဘူး
နိမိတ် မလိုဘူး
ဓမ္မကို ခေါင်းမှာ ပန်ထားတဲ့ ငါတို့
ခရီး မဆုံးမချင်း
တနေကုန်သွားလည်း
အလံက တလွင့်လွင့်။
၃။
ခြေသံတွေ ပြင်းလာတဲ့ လမ်းမတွေက ပြောတဲ့ သမိုင်း
နွေနေအောက်မှာ တဖန် ရုန်းကြွလာတဲ့ အတိတ်ဝိဉာဉ်
ကြွေးကြော်သံတွေနောက်ကွယ် တောက်လောင်ဆူပွက်နေတဲ့ ပစ္စုပ္ပန်
တဟုန်ထိုး ပျံတက်သွားမယ့် ပျိုရွယ်မှုကို ဌာပနာထားတဲ့ အနာဂတ်
ဓါးတန်းလန်း နဲ့လည်း ရောက်အောင်သွားမယ်
မြှားတန်းလန်း နဲ့လည်း ရောက်အောင်သွားမယ်
၄။
တသက်မှာ တခါပဲ သေရတယ် ဆိုတာ
အသက် ကို ပြောတာ
အိပ်မက် ကို မဟုတ်ဘူး
သေနတ်မှန်လို့ သေသွားတဲ့ အိပ်မက် ရယ်လို့ ကြားဖူးလား
မင့်အိပ်မက်ကို ငါတို့ ဆက်မွေးမြူတယ်
မင့်တိုက်ပွဲကို ငါတို့ နိုင်အောင် တိုက်မယ်
၅။
စားပွဲပေါ်မှာလား
လမ်းပေါ်မှာလား
ရိုးသားမှု နဲ့ မေတ္တာတရား
ဉာဏ်ပညာ နဲ့ ဆင်ခြင်တုံတရား
၆။
မမေ့နဲ့...
အသက်ချင်း ပေးထားတဲ့ ရဲဘော်ရဲဘက် ကိုရော
နောက်ကျောကို ဓါးစိုက်သွားတဲ့ သစ္စာဖောက် ကိုရော
မမေ့နဲ့...
ငါတို့ခန္ဓာကိုယ်အနှံ့ ထိုးကျလာတဲ့ နံပါတ်တုတ်တွေ
ငါတို့ခေါင်းကို လာမှန်တဲ့ ကျည်ဆန်တွေ
ငါတို့နှလုံးသားတွေထဲထိ ပစ်လိုက်တဲ့ မီးကွင်းတွေ
မမေ့နဲ့...
ငါတို့တတွေရဲ့
ခွန်အားတွေ
ချွေးတွေ
သွေးတွေ
မျက်ရည်တွေ
အထူးသဖြင့် သူရဲကောင်းတွေ
မမေ့နဲ့...
တော်လှန်ရေးမှာ
လူ့သိက္ခာအရ
ငါတို့
အမြဲ နိုင်တယ်
သူတို့
အမြဲ ရှုံးတယ်
၇။
ရေကြည် ရေနောက် လည်း ခွဲတတ်စေ
ဓမ္မ နဲ့ အဓမ္မ လည်း ကွဲပြားစေ
အမှန်တရားပဲ နှလုံးသားထဲ သယ်ယူလာသူ လူငယ် ရေ...
အရေးတော်ပုံ အောင်ရမယ်။
အပိုင်း - ၂
ခွေးစကား
======
လူတွေ ဘာပြောနေလဲ
ငါ နားမလည်ဘူး
ငါ က ခွေး ပဲ
ဟောင်ချင်ရာ ဟောင်မယ်
ဆွဲချင်ရာ ဆွဲမယ်
ကိုက်ချင်ရာ ကိုက်မယ်
ဒီခွေး ကွာ၊ လို့ လူတွေ ကြိုက်သလောက် ဆဲ
ငါ ကိုက်မယ် ဆို ပြေးကြမှာပဲ
ငါ့ အစာ ပုံမှန်ကျွေးနေတဲ့ လက်ကို
ငါ လျှက်မယ်
သူ့အသိုက်အမြုံကို လုံအောင် စောင့်မယ်
လူတွေ ဘာပြောနေလဲ
ငါ နားမလည်ဘူး
ငါ က ခွေး ပဲ
အပိုင်း - ၃
လူပျောက်ကြော်ငြာ
===========
မိစ္ဆာမှိုင်းမိနေတဲ့ ရဲဘော် ရေ...
သစ္စာဖောက်တွေဆီမှာ သစ္စာ မရှိတဲ့အတွက်
သစ္စာခံစရာ မလိုဘူး ဆိုတာ၊
အများညီလို့ ဤ ကို ကျွဲ ဖြစ်နေစရာ မလိုဘူး ဆိုတာ၊
မကောင်းဆိုးဝါးရဲ့ လက်မှာ နယ်ရုပ် အဖြစ်ခံစရာ မလိုဘူး ဆိုတာ၊
မင့်အသက်နဲ့ ရင်းပြီး ကာကွယ်စောင့်ရှောက်နေတဲ့ မင့် မိသားစု က ပြည်သူပဲ ဆိုတာ၊
အသိ ပြန်လည်ပါ
ငါတို့ပို့သတဲ့ မေတ္တာမှာ
မင်း အဆိပ်အတောက် ပြေပါစေ
ရောက်ရာအရပ်က အမြန်ပြန်လာပါ
ငါတို့ မင်းကို ခွင့်လွှတ်တယ်။
အပိုင်း - ၄
မိစ္ဆာနှင်ပွဲ
======
မင်းတို့ ရိုက်နှက်ချိုးဖဲ့လိုက်တဲ့ အမြင့်ပျံတွေကြား
အမှန်တကယ် ပြိုလဲနေသူဟာ မင်းတို့ပဲ
မင်းတို့ ပစ်လွှတ်လိုက်တဲ့ မီးခိုးတွေကြား
အမှန်တကယ် မွန်းကြပ်နေသူဟာ မင်းတို့ပဲ
မင်းတို့ ပစ်လွှတ်လိုက်တဲ့ ကျည်ဆန်ထိလို့
အမှန်တကယ် နှလုံးသား သေဆုံးသွားသူဟာ မင်းတို့ပဲ
မကောင်းဆိုးဝါးရဲ့ အရိုးအရင်းလောက်နဲ့
အမှန်တကယ် ငတ်မွတ်နေသူဟာ မင်းတို့ပဲ
မကောင်းဆိုးဝါးရဲ့ အရိပ်အာဝါသအောက်မှာ
အမှန်တကယ် လောကငရဲခံနေသူဟာ မင်းတို့ပဲ
ရှေ့မှာ ဘယ်လိုအတားအဆီးပဲ ရှိနေပါစေ
မှန်မှန်ချီတက်လာနေတဲ့ ငါတို့ရဲ့ ကြွေးကြော်သံတွေကို
အမှန်တကယ် သွေးပျက်နေသူဟာ မင်းတို့ပဲ
ငါတို့မှာ ပြေးစရာ မြေမကျန်တော့ရင်တောင်
ငါတို့ဘက်မှာ အမှန်တရား အမြဲရှိတယ်
ငါတို့ကို ဖိနှိပ်လို့ ရရင်တောင်
ငါတို့နှလုံးအိမ်ထဲက ဓမ္မကိုတော့ မင်းတို့ လက်ဖျားနဲ့တောင် ထိခွင့်ရမှာ မဟုတ်ဘူး
မင်းတို့ရဲ့ မိစ္ဆာစိတ်ကို ငါတို့ အမှုန့်မချေသေးခင်
အချိန်မီ လက်နက်ချပါ
မိစ္ဆာဒိဌိ အဖြစ် ဘဝ မဆုံးသေးခင်
အချိန်မီ တရားရပါ။
အပိုင်း - ၅
နိဂုံး
သူရဲကောင်းတေး
===========
သူရဲကောင်းဟာ နေရာမျိုးစုံကနေ ပုံသဏ္ဌာန်အမျိုးမျိုး နဲ့
ရောက်ရှိလာတယ်
ကျောင်းသူ ကျောင်းသား အဖြစ်
ဆရာ ဆရာမအဖြစ်
ပရဟိတသမား အဖြစ်
ပညာတတ် အဖြစ်
မီဒီယာသမား အဖြစ်
ရဟန်းတပါး အဖြစ်
သမိုင်းပေးတာဝန်ကျေတဲ့ ပြည်သူတဦး အဖြစ်
အသက်မပြည့်သေးတဲ့ ချာတိတ်လေးတဦး အဖြစ်
ငါတို့ရှေ့မှာ ဘွားခနဲ ပေါ်လာပြီး ငါတို့တွေကို ကယ်ဆယ် ခွန်အားဖြည့်ပေးတယ်
မိစ္ဆာသွေးနဲ့ နေ့ချင်းကြီးလာတဲ့ မင်းတို့ရဲ့ သူတို့အပေါ် ရက်စက်ယုတ်မာမှုတွေဟာ
ငါတို့ရဲ့ ရှေ့ခရီး မိုင်တိုင်တွေအတွက် လောင်စာ အဖြစ် ရောက်ရှိလာတယ်
သူတို့တတွေဟာ
ငါတို့ဆီ ကိုယ်စောင့်နတ်တွေ အဖြစ် ပြန်လာတယ်
သူတို့တတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါမှာ
ငါတို့ဟာ သူရဲကောင်းတေးကို အလှပဆုံး ရင့်ကျူးတယ်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
#ဝင်းမင်းထွန်း
၂၈/၀၂/၂၀၂၁
တနင်္ဂနွေ
Mar 29, 2020
ပျောက်ဆုံး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မြို့ နဲ့ မြစ် လက်ချင်းတွဲထား
ဘယ်သူက မတည်ငြိမ်တာလဲ
ဘယ်သူက မအေးချမ်းတာလဲ
ရောက်ရာအရပ်က ပြန်လာပါ မပြော၊
အပြစ်တွေကိုလည်း ခွင့်မလွှတ်ပါ
ခင်ဗျား သတိမထားလိုက်ခင်မှာပဲ
ရာသီတွေ ညတွင်းချင်း ပြောင်းသွား
ခင်ဗျားရဲ့ မျက်နှာကို လာတိုက်နေတဲ့ လေ က
သိပ်အေးတယ်
ဇာတိကိုရော တခါတခါ မလွမ်းဘူးလား
ခင်ဗျားက အခန်းကျဉ်းထဲမှာ
တိတ်တဆိတ်နဲ့ပဲ ကျောပေး လို့
ဒုက္ခရောက်တော့မှ တခါက ပျော်ခဲ့ဖူးတာကို
ပြန်အောက်မေ့ရတာထက်
ပိုဝမ်းနည်းစရာကောင်းတာ မရှိဘူး လို့
Dante က ပြောတယ်၊
တကယ်တမ်းမှာတော့ သံသရာမှာ မကြုံဖူးတဲ့
လောကဓံ ရယ်လို့ မရှိဘူး။ ဒီဘဝအနေနဲ့
မမှတ်မိသေးတာပဲဖြစ်လိမ့်မယ်။
၂၉/၀၂/၂၀၂၀
ဝင်းမင်းထွန်း
Jan 1, 2020
စက္ကူသီချင်း
(Robert Johnson ရဲ့ အပုဒ် ၃၀ မြောက် သီချင်း)
နွေအနမ်း၊ ဆောင်းမျက်ရည် တဲ့
မစ္စစပီမြစ်က မိုင်ပေါင်း သုံးထောင့်နှစ်ရာကျော် ရှည်လျားတယ်
ကိုယ်တို့ မသိနိုင်တဲ့ အခြားသော ဘဝတွေအကြောင်း
အသံတွေကတဆင့် ကြားရတယ်
ရေစက် ဆိုတာ ဒီလိုပါပဲ
မသိပေမယ့်လည်း ရှိနေတတ်တဲ့ သဘောပေါ့၊
Lego အရုပ်လေးတွေမှာ လက်ချောင်းလေးတွေ မပါဘူး၊ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်
မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
တခုသော မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
အကြောင်းပြချက် မလိုတဲ့ အရာကို အချစ် လို့ ပြောလိုက်မိပြီးတော့မှ မရှိတဲ့ လက်ချောင်းလေးတွေ အေးလာတာ
တိုက်ဆိုင်တယ် ဆိုဦးမလား
ဒီ တဆောင်းက အအေးပိုလို့လား
ဒါမှမဟုတ် ကိုယ်တို့ချင်းက ဝေးနေကြလို့လား၊
အသက် နှစ်ဆယ့်ခုနှစ် နဲ့ ကွယ်လွန်ခဲ့တဲ့ မစ္စစပီနယ်သား Robert Johnson က သူ့ဘဝတလျှောက်လုံး သီချင်း နှစ်ဆယ့်ကိုးပုဒ်ပဲ အသံသွင်းခဲ့တယ်
အခု ကိုယ်တို့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အလွမ်းအဆွေး နဲ့ အချစ်၊ ဝေဒနာ နဲ့ ဒုက္ခသုက္ခတွေက သူမရေးဖြစ်ခဲ့တဲ့ အပုဒ် သုံးဆယ်မြောက်ပေါ့။ ။
၁၆/၁၂/၂၀၁၉
တနင်္လာ
ဝင်းမင်းထွန်း
Jul 21, 2019
ဖား တော့ ဖား
အသံမပါဘူး
ရေစိုမခံဘူး။
၂၆၊ ၁၂၊ ၂၀၁၄
စက္ကူဝင်္ကဘာ
မပျော်ရွှင်မှုကို ကာလရှည်ကြာထမ်းပိုးသွားနိုင်သူကို သိရင်/တွေ့ရင် ငါ့ကို ပြပါ
သူ့ခွန်အားကို အားကျပါရစေ
မိကျောင်းသွား သွားပြီး တရွေ့ရွေ့ချီတက်
ငဲ့စောင်းကြည့်စရာ
တစ်ခုခု ရှိနေလေမလား
အမှတ်တရတန်ဖိုးထားသိမ်းဆည်းစရာ
တစ်ခုအပြည့်ရှိရင် ကျေနပ်နေပျော်ပေါ့
အခုတော့...၊
စက္ကူနဲ့ အရုပ်ချိုး
တည်ဆောင်ခြင်းအမှု ပြုတယ်ပေါ့
နွေတကျော့ ပြန်လာပြီ
မရည်ရွယ်ရာ တလွဲတချော် နောက်ထပ်ဝင်္ကဘာကာလတစ်ခု။ ။
၂၃/၀၂/၂၀၁၇
စက္ကူမိုးတိမ်
ကိုယ့်ရှင်သန်ခြင်းမှာ အိမ်ဖွဲ့နေတဲ့ အကြောင်းအရာ အသေးအဖွဲလေးတွေ
ဘယ်တခုကမှ ထင်ရှားလှပနေတာမျိုး မရှိ၊
ဆိုပေမယ့် ဘယ်တခုကိုမှလည်း လျှော့ကြည့်လိုက်လို့ မရပြန်
ဘယ်ဆက်ထုံးကိုမှ ဖြတ်ချလိုက်လို့မရတဲ့ အသက်ကယ်ကြိုးတချောင်းပမာ သွယ်တန်းလို့နေတယ်
ဖြစ်နိုင်ခြေအားဖြင့် သိပ်မရှိပါဘူး
ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်လှည့်စားပြီး
စက္ကူတိမ်ကနေ မိုးရွာချပေးနေရတဲ့ နောက်ထပ်နေ့တစ်နေ့။
၀၆/၀၆/၂၀၁၇
စက္ကူအိမ်
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုတာ တကယ့်အပြစ်ကြီး မှန်း ငါသိတယ်
မပျှော်ရွှင်တဲ့ ဖြစ်တည်မှုကရော ဘာထူးလို့လဲ၊*
အဘား ကီရာရိုစတာမီ ဒါရိုက်တာ လုပ်တဲ့ Taste of Cherry ရုပ်ရှင်ထဲက ဇာတ်ကောင် ပြောတဲ့ စကားပေါ့၊
လူတွေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ် (လို့ ထင်တယ်)
လက်လှမ်းမှီသလောက် သိရသလောက်လည်း ဘာသာတရားတိုင်းက ဒီအချက်ကို တားမြစ်ထားတာချည်းပဲ
ဟဲမင်းဝေး မတိုင်ခင်ကလည်း လူသန်းပေါင်းများစွာ၊
ကတ်ကိုဘိန်း နောက်မှာလည်း လူသန်းပေါင်းများစွာ၊
ဆင်ခြင်တုံတရားရဲ့ ချိန်ခွင်လျှာကို ကစားဖို့ ခွန်အား ဘယ်လောက်လိုအပ်သလဲ
မီးစာကုန် ဆီခမ်း ဆိုတဲ့ စကားပုံဟာ အရွယ်နဲ့ ဆိုင်တယ် လို့ ကိုယ် မယူဆတာတော့ ကြာပြီ
ဘာပဲဖြစ်နေနေပါ သဘာဝတရားနဲ့ ယှဉ်လိုက်တိုင်း လူသားရဲ့ သေးငယ်တဲ့ သဘောက ငြင်းချင်ထုတ်မရနိုင်လောက်အောင်ပဲ
ကာလံဒေသံရဲ့ ညှို့ငင်မှုတွေ ဆိုတာလည်း စိတ်ကို တိမ်းမူးစေလောက်အောင် နောက်ကွယ်မှာ ရှိနေနိုင်တာပဲ
တရားကိုယ်အရ အင်မတန် အထိအခိုက်လွယ်လွန်းတဲ့ လူသားရဲ့ ဖြစ်တည်မှုဟာ မပျော်ရွှင်မှုကို ဘယ်လောက်ကြာကြာ သယ်ပိုးသွားနိုင်မှာတဲ့ လဲ။
၀၉/၀၇/၂၀၁၇
စက္ကူချားရဟတ်
ကံ ကံ ၏ အကျိုးကို ယုံကြည်သူတယောက်အဖို့ သံသရာ ဆိုတာ သူ့ ဆင်ခြင်တုံတရားထဲမှာ ရှိနေပြီးသား အခြေအနေတခု၊
ကွဲလွဲစွာ နည်းလည်သဘောပေါက်ထားမိတဲ့ ဝေဒနာနဲ့ စီးဆင်းနေသော ဘဝထံ မှန်မှန် ရောက်ရှိလာသော ညနေခင်းများ
အထဲမှာ ဗလာကို ဌာပနာထားတဲ့ မသေဆေးကို ရှာဖွေသူတစ်ဦးဟာ
သူ ဖြစ်နိုင်သလို
ကိုယ် ဖြစ်နေနိုင်တယ်။
၁၂/၀၇/၂၀၁၇
စက္ကူကြိုးကြာ
ဘယ်လို အစိမ်းလဲ
မျက်ရည်စ လို မိုးရေစက်များ
ငုံ့ကိုင်းကြည့်ရှုစောင်မနေသော နတ်ဒေဝါများ စောက်တလွဲ ဖြစ် ဖြစ်နေတဲ့ မိုးရာသီ
ပိန်းကြာရွက်ပေါ် ရေ မတင် သကဲ့သို့ ဖိတ်စင်ကျကုန်သော မျှော်လင့်ခြင်းများသည်သာ ဗွက်အိုင်ဖြစ်ထွန်းကာ
ပျံသန်းလာသော စက္ကူကြိုးကြာ တစ်ထောင်
၄င်းဗွက်အိုင်သာသို့ တဖြုတ်ဖြုတ် ကြွေကာကျနေ။
၁၇/၀၇/၂၀၁၇
စက္ကူမှတ်တိုင်
မေတ္တာ ဆိုတာ အဒေါသ တဲ့
အိမ်ပြန်ရမယ့် ရာသီဥတု လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တယ်
အဝေးပြေး၊ အဝေးပြေး လို့ အော်ခေါ်နေတဲ့ ဘတ်စ်ကားတိုင်းကို
ငါ ငေးတယ်
ပြီးတော့
ဒါ အကုန်ပဲ။
၂၀/၀၇/၂၀၁၇
စက္ကူတံတား
ထပ်ခိုးကနေ လမ်းမပေါ်
စူးစိုက် ကြည့်မိနေရာ
မိုးများ ရွာသွန်းလာလို့
ပြတင်းပေါက်ကို အလျင်အမြန်ပိတ်
အိပ်ရုံပေါ့ တွေးခါရှိသေး
စိတ်သည် ပိုမိုပြန့်ကားလာ
မီးနီကို ဖြတ်မောင်းလာတဲ့ ကားတစ်စီးလို လှုပ်ရှားလာ
အခန်းက နှလုံးသားကျဉ်းနေချိန်ဆို ပိုမိုကျပ်တည်း ပိတ်လှောင်နေတာ
အထီးကျန်သန်းခေါင်ယံအကြောင်း မာကျူရီမီးရောင်အောက်မှာ တဖြောက်ဖြောက် ဆက်လက်ပြောဆိုနေဆဲ
ရှေ့မှာ လေဟာပြင်
မိုးပေါက်တွေလို ခုန်ဆင်းသွားရမှာလား
နံရံပေါ်က မီးခလုတ်လို ပိတ်လိုက်လို့ ရမှာလား
တံတားက နည်းနည်းဝေးသေးတယ်။
၂၂/၀၇/၂၀၁၇
စက္ကူသက်တံ့
ဝေဖာအကျိုးအကြေလေးတွေက နဂါးငွေ့တန်းထဲက ကြယ်တာရာတွေ
ခလေးငယ်ဟာ ပျော်ရွှင်စိတ်နဲ့ အရုပ်လုပ်တဲ့ ဂျုံလုံးကို သစ်သားစားပွဲပေါ် တဘုတ်ဘုတ်နဲ့ ပုတ်နေတယ်
ဂဏန်းသင်္ချာတွေ ရေတွက်နေပြီ လို့
အရောင်တွေ ခြယ်တတ်နေပြီ လို့
သိပ်မဝိုင်းသေတဲ့ သူ့ ဝ လုံးတွေက ကျောက်ခဲတွေ လို့
ကဗျာတွေ ရွတ်တတ်နေပြီ လို့
ငါ တွေးတယ်
တိတိကျကျ ပြောရရင် ခလေးငယ်ကို တွေးပြီး ကြည့်နေရင်း ငါ တွေးတယ်
အိပ်မက် မက်တယ် ဆိုတာ ဖြစ်စဉ်တစ်ခုပဲ
ကော်မြေကော်ကားရုပ်ထဲ သူ့စိတ်ကူးက ဝင်ထိုင်လိုက်တာ
ငါ အသေအချာမြင်လိုက်ရ
တကယ်ဆို ရွက်လွှင့်မယ့် ခရီးက သူ့မိုင်တိုင်တွေကို စရေတွက်နေပြီပဲ
ပြုံးနေတဲ့ ခလေးငယ်တစ်ယောက်
ပျော်နေတဲ့ ခလေးငယ်တစ်ယောက်က လူသားရဲ့ စံနှုန်းတစ်ခုလည်း ဖြစ်မယ်ထင်တယ်
ပီတိကို မုဒိတာ ပွားနိုင်တာလည်း လူသားရဲ့ ဂုဏ်သိက္ခာ ဖြစ်မယ်ထင်တယ်
၃၀/၀၇/၂၀၁၇
ဝင်းမင်းထွန်း