> သီဟသူ [dot] blogspot [dot] com: 2014

Dec 30, 2014

ညီမလေး

#1
ကို့ အသေကောင်ကို
မြေသားကတုတ်ကျင်းတွေထဲ
လိုက်ရှာတော့ ညီမလေး။
စစ်ဟာ မြို့ပြမှာလည်း
ရှိတယ်။
ရှိတယ်။ သေချာတယ်။


#2
ငရဲဆီသွားတဲ့လမ်းကို
စေတနာနဲ့ခင်းပေးထားတယ် တဲ့ စကားရှိတယ်။
စေတနာနဲ့ခင်းပေးထားတဲ့ လမ်းတွေကို သတိထားပေါ့ ညီမလေး
ရှင်သန်ခြင်းဆိုတာ
နတ်သမီးပုံပြင် မဟုတ်ဘူး။
စီစီဖတ်စ်ရဲ့ တောင်တက်ခရီး။


#3
အဲဒါတွေကို နားမလည်ဘူး
ဒါပေမယ့် ဆက်ရေးပေးနော်လို့ပြောတဲ့
ညီမလေး..
ကို့အနာတွေက
ကဗျာပေါ် ကျတဲ့တုတ်လိုပဲကွယ်။


#4
နှုတ်ခမ်းတွေက ခြောက်ကပ်နေတုန်း
နှလုံးသားက ပူနွေးစိုစွတ်နေတာ
ပြဿနာမရှိပါဘူး ညီမလေး
တေးသံတွေဟာ နှုတ်ခမ်းက ထွက်လာတာမဟုတ်ဘူး
နှုတ်ခမ်းတွေ စိုပြေနီတျာနေချိန်
ရင်ဘတ်ထဲ အမှောင်တိုက်ဖုံးနေတာ ခက်မယ်
ခါးသီးတဲ့စကားလုံးတွေဟာ
နှလုံးသားရဲ့ ထုတ်ကုန်တွေမဖြစ်ဖို့သာ လိုအပ်တာ


#5
လမ်းတွေက သိပ်ဖြူးနေတာ့
ချော်ကျမှာ စိုးရတယ်
တို့က တောင်ကုန်းတွေပေါ်က ဆင်းလာတာလေ
ခဲလေးတွေရှိတော့ ခြေကုပ်ရတာပေါ့ ညီမလေး


#6
သူစိမ်းပြင်ပြင်ဖြစ်မှုဟာ
မြူဆွယ်ဖြားယောင်းစရာမလိုဘဲ
နေရာတကာပြန့်နှံ့ပါတယ် ညီမလေး
ဒီတော့ ခက်ခက်ခဲခဲလေး
နွေးထွေးကြစို့ရဲ့။


#7
ကံဆိုးသူ
======
ကျွန်တော်ဟာ
ညီမလေးကြိုက်မယ့်
ကဗျာတွေ
မရေးတတ်သေးဘူး


#8
ရိုးအီနေတဲ့ စာသားတွေကို
ကဗျာဆရာတွေက မကြိုက်ဘူးကွယ်
ကိုတို့ စာသားအသစ်တွေ ရှာကြမယ်


#9
ညီမလေး
တိုက်ဆိုင်မှုများစွာထဲမှာ
ဒီအမြတ်တနိုးခေါ်ဆိုမှုက
တခြားသူတွေရဲ့ သုံးစွဲမှုတွေနဲ့
ထပ်တူနေခဲ့သည် ရှိတဲ့အခါ
ငါ့တစ်ဦးတည်းကို ခေါ်တာပဲလို့
သတိရလိုက်ပါ။


#10
ညီမလေး
ခေါင်းမြီးခြုံအောက်က
လူသတ် စိတ်သတ်
ခပ်ထက်ထက် လက်နက်တွေ
ဆောင်ကြတဲ့ခေတ်အခါ
ပန်းကလေးတစ်ပွင့်ပန်ပါ
ရိုးစင်းစွာ ဝတ်စားနေထိုင်ပါ
ဘာဟာ တည်တံ့သလဲ
ကိုတို့ရဲ့ လွတ်လပ် လုံခြုံမှုကလွဲလို့


#11
ညီမလေး
အဝေးကြီးမှာကျန်ခဲ့တာတွေရယ်
ရောက်လာဖို့ အဝေးကြီးလိုသေးတာတွေရယ်
ဒီနှစ်မျိုးက ခုလက်ရှိ နာရီပေါ်က စက္ကန့်တံလေးကို
ဝါးမြိုတယ်
ကိုအမှားတွေ လုပ်ခဲ့မိတယ်
အဲဒီထဲမှာ ညီမလေးတော့ မပါခဲ့ဘူး
ညီမလေးက အမှားတွေ များများမရှိခဲ့ဘူး
တစ်ခုပဲ
ကို့ကိုရွေးမိခဲ့တယ်
ကိုတို့ တစ်စက္ကန့်ချင်း ဆက်သွားကြမယ်


#12
ပြဇာတ်လေးတစ်ပုဒ်ရေးမယ်
ဆောင်းပါးလေးတစ်ပုဒ်လက်စသတ်မယ်
နှစ်တစ်နှစ်ကုန်တယ်ဆိုတာ ပြက္ခဒိန် လဲတာပါပဲ။
မမြဲခြင်းအနိစ္စထဲမှာ မြှုပ်ထားတဲ့ ရတနာအိုးကြီးထက်
အိပ်မက်တွေက စျေးပိုကောင်းတယ်
ညီမလေးရေ
နံနက်ခင်း မျက်နှာသစ်ပြီးချိန်ကစလို့
နေ့စဉ်ရယ်မောပါကွယ်

ရေဝတီ



Dec 7, 2014

၂၄/၇

၂၄/၇
(ကဗျာ ၇ပုဒ်)

၂၄-၁
ဒီလိုနေ့တွေမှာ
ကော်ဖီဟာ အသက်ဆက်ဆေး
Slipknot သီချင်းတွေဟာ စိတ်ငြိမ်ဆေး
မိုးက မတိတ်တော့ဘူးလား

၂၄-၂
ဒီလိုနေ့တွေမှာ
ကိုယ့်လက်သည်း ကိုယ်ပြန်ဆိတ်
နာကျင်မှုနဲ့ ဖြစ်ရှိမှုကို အတည်ပြု
မိုးက မတိတ်တော့ဘူးလား

၂၄-၃
ဒီလိုနေ့တွေမှာ
နှုတ်ဆိတ် တိတ်တိတ်
အသံမဲ့ အော်သံ
မိုးက မတိတ်တော့ဘူးလား

၂၄-၄
ဒီလိုနေ့တွေမှာ
အေးစက်ထုံကျင် ဟားတိုက်ရယ်
မော
မိုးက မတိတ်တော့ဘူးလား

၂၄-၅
ဒီလိုနေ့တွေမှာ
အကောင်းမြင် ဒီဂရီများ
အနှုတ်လက္ခဏာပြ
မိုးက မတိတ်တော့ဘူးလား

၂၄-၆
ဒီလိုနေ့တွေမှာ
ဆေးသားပြယ် မိသားစု ဓာတ်ပုံဟာ
ငွေ့ရည်ဖွဲ့
မိုးက မတိတ်တော့ဘူးလား

၂၄-၇
ဒီလိုနေ့တွေမှာ
အိမ်အပြန်လမ်းမှာ
ပြန်စရာ အိမ်ဘယ်မှာ
မိုးက မတိတ်တော့ဘူးလား

သီဟသူ
၂၁-၂၃၊ ၁၁၊ ၂၀၁၄

အိပ်မက်မှာနေထိုင်၊ ရှင်သန်မှုကို အိပ်မက်

ကားပိတ်လို့ နောက်ကျနေတဲ့ ဂိုဒေါ့
ရှေ့နေငှားမှ ထောင်လုံးလုံးကျတဲ့ ကေ
ကတ္တား ကံ ကြိယာ ပါပြီး သဒ္ဒါမှားတဲ့ ဝါကျ
ဘူတာမှာ ပုဒ်မ မချပဲ အတိတ်ဆီ ရထားထွက်ခွာရန် ၅မိနစ်အလို

သီဟသူ
၀၈-၁၀-၂၀၁၄

မှတ်စု (၄)

အတိတ်
ဓာတ်ပုံတွေအားလုံးကို
အဖြူအမည်း ပြန်ပြောင်းရမယ်။

မိသားစု
ဖြေရှင်းမရ ပဟေဠိ
ခဏ ခဏ ရန်မဖြစ်ကြရင် ကောင်းမယ်။

အမှတ်ရမှု
နာကျင်စရာပေးနိုင်တာ
ဒါတွေပဲပေါ့

သီဟသူ
၁၂-၀၈-၂၀၁၄

Sep 25, 2014

အသက်ကယ်ခြွင်းချက်

သဗ္ဗံ
(အလုံးစုံ)
ဒုက္ခများ
ငါ မရွေးချယ်ဘဲ
ရခဲ့။

သဗ္ဗံ
(အလုံးစုံ)
အချစ်များ
ငါ ရွေးချယ်လျက်
လွဲခဲ့။

ကဗျာဆရာဘဝကတော့
ခြွင်းချက်။ ။

၁၉၉၁ ဇွန် ဟန်သစ် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 24, 2014

အရက်ပုလင်းများနဲ့ကြံခင်းများ

တာရာများ
ဒဏ္ဍာရီများ
သီချင်းများ
ကင်းမြီးကောက်များ
စက်တစ်ခုရဲ့ ဝက်အူများ
နေ့ခုနစ်နေ့သင်္ကေတ တိရစ္ဆာန်များ
အရာရာ
အံချော်မှုများ
ရင်းနှီးတွေ့ဆုံရ။

အရိပ်တွေ ရှည်လျား
ညနေမီးရထားဆန်သူ တစ်ဦးရဲ့
အိပ်မက်တစ်ချို့
ပုလင်းထဲက အရက်တွေက
ကြံခင်းတစ်ခင်း ပြန်ဖြစ်ပါ့မလား။ ။

၁၉၉၁ အောက်တိုဘာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 23, 2014

သောကြာနေ့ မနက်ခင်း

များလိုက်တဲ့စကားလုံးတွေ
ကိုင်ကြည့်ပြီး
တစ်ခုမှ မကြိုက်တာနဲ့
ပြန်ချ ထားလိုက်ရတယ်
ကြာပြီဆိုတော့
ပင်န်နယ်စလင်မတိုးတော့တဲ့ စကားလုံးတွေ
လှည့်ပတ်၊ ဆက်စပ်
ကျေနပ်ဖွယ်ဖြစ်အောင် နေထိုင်ကြရတဲ့ကမ္ဘာကို
ခုတော့ ငါစိတ်ပျက်နေပုံလေ ။ ။

၁၉၉၀ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 22, 2014

ဝိတ်မခြင်း

ငါ့ လေ့ကျင့်ခန်းက
မိုးတိမ်တွေကို မ တယ်
တီးလုံးတေးသွားချည်းသက်သက် မ တယ်
စာအုပ်တွေကို မ တယ်
ရုပ်ရှင်တွေကို မ တယ်
ပြီးတော့
ကမ္ဘာကြီးကို
ရေနဲ့ ဆွဲလိုက်
ဆီနဲ့ ဆွဲလိုက်
မ တယ်။

အမှိုက်ပုံလို
အဆင်မပြေမှုများစွာ
ကျွန်တော်ဟာ မ ရဦးမှာ မဟုတ်လား။
၁၆ နှစ်သားက
မူးမြစ်ကမ်းနဖူးမြို့ကလေးပေါ်မှာ
ကျော်တင့်
အေးဆွေ
ငယ်သူငယ်ချင်းတွေနဲ့
ဝိတ်မခဲ့တဲ့ နေ့ကလေးတွေ
လွမ်းမိတော့တယ်။ ။

၂၀၀၀ အောက်တိုဘာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 21, 2014

ရွှေကြည်အေးနှစ်များ

ဟိုတုန်းက
တရုတ်လက်ဖက်ရည်ဆိုင်
ကုလားလက်ဖက်ရည်ဆိုင်
ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးအိုးကြီးတွေ
ရွှေကြည်အေးမှာ
( ၁၉၇၂-၃-၄-၅-၆-၇ က )
ငါ နောက်ဆုံး တွေ့ဖူးခဲ့တာပဲ။

တစ်နေ့က
ငါ့ကိုယ်ထဲမှာ တစ်လုံး
ဗြုန်းခနဲ တွေ့လိုက်တော့
ငါ ပျော်သွားတယ်။

ကမ္ဘာကြီးကို ဖျော်တိုက်ချင်တဲ့ ငါ့ကဗျာ
ရေနွေးပွက်ပွက်ဆူမှပေါ့။ ။

၂၀၀၆ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 20, 2014

ရုပ်ရှင်

စိတ်မနိုင်သူ တစ်ဦးရဲ့
ကြည့်ရတဲ့ရုပ်ရှင်ဟာ
ချောက်ချားဖွယ်အတိ။

ဒဏ်ရာတွေဟာ
တောက်ပဝတ်စုံ
ထည်လဲဆင်လို့
အားလုံးဇာတ်လိုက်
စိတ်အိုက်တဲ့အခါ
ရုံအပြင်ပြန်ထွက်လို့လဲ မရတော့။ ။

၁၉၉၁ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 19, 2014

မွေးနေ့လက်ဆောင်များ

သူ့ရာသီ၊ သူ့ရပ်ဝန်းမှာ
သစ်ရွက်ကြွေတွေနဲ့
နွေရောက်ပြန်ပေါ့။

မိုးတိမ်တောင် အဆန်းတွေနဲ့
အလွမ်းတွေလဲ သယ်ခဲ့ပြီးပါပြီ။

လှည့်စားခြင်းတွေမှာ အနုပညာမြောက်လို့
အနုပညာမြောက်မှုမှာ လှည့်စားခြင်းတွေ။

ဒုက္ခတွေကိုတော့
ပြောင်ပြောင်လက်လက် စက္ကူများနဲ့ ထုပ်ပိုးပြီး
ဖဲကြိုးစည်း
ကျေနပ်စွာ ယူခဲ့ကြတာလေ။ ။

၁၉၉၇ နိုဝင်ဘာ တော်ဝင်ဂျာနယ်

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 18, 2014

မိုးဘွဲ့

အမှတ်တရ
သူ ကျလာပုံက
ကမ္ဘာမြေရဲ့ လွမ်းစရာတွေကိုယ်စား
မလုံတော့တဲ့ စာရိတ္တတွေနဲ့
အိမ်တံခါးတွေလုံအောင်ပိတ်ကြ
ကလေးတွေကို ငဲ့ညှာကြ
တတ်နိုင်သလောက် အမှားနည်းကြ
ဒါလောက်ပဲ ရမယ်ထင်ရဲ့။

မပြင်းထန်ရဲတော့တဲ့ မျှော်လင့်ရိပ်တွေ
ခေါင်မိုးတွေရဲ့ အော်သံအောက်မှာ တိုးတိတ်
လမ်းတွေ နစ်မြုပ်ကုန်ပြီလေ
နည်းနည်းလောက် အားထပ်ထည့်နိုင်ရင်တော့
ရှင်ပြန်ထမြောက်သူတွေလိုအပ်
အရပ်ရှစ်ခွင်မှာ
(အတွေးနယ်ချဲ့ဖို့)
သူ အစွမ်းပြပါစေတော့. . . ။ ။

၁၉၉၀ ဇူလိုင် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 17, 2014

မီးရထား

ဘီတယ် သီချင်းတွေ ကိုယ်ကြိုက်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

အမေရိကန်နဲ့
ဗီယက်နမ် စစ်ပွဲကြီး တကယ်ဖြစ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

မာရီလင်မွန်ရိုး
အသက်ရှင်ခြင်းကို
သူ တစ်မျိုး ရွေးချယ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

ခုတော့
(မီးလျှံများနဲ့)
၂၀၀၀ ခုနှစ် နားကပ်
ငါ့ဆံပင်တွေ ဖြတ်ခဲ့
နောက်မှာ ဘူတာရုံတွေ ကျန်ခဲ့
အဆိုး၊ အကောင်း၊ အလွမ်း
မြို့အသီးသီး ကျန်ခဲ့
ဒဏ်ရာများနဲ့သာ ယူထားရတဲ့
သံလမ်းနှစ်ကြောင်းပေါ်မှာ
ဆက်လက် ခုတ်မောင်းဆဲ
မင်းကို ကိုယ်ချစ်ဆဲလေ ....။ ။

၁၉၉၇ ဖေဖော်ဝါရီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 16, 2014

မမေ့လျော့ခြင်း

အလို....
ထူးဆန်းလိုက်တဲ့ရင်ခွင်
အလွမ်းတွေပွင့်ဝေပြီး
နိုးထလာခဲ့တယ် ။

မထူးဆန်းပါဘူး
အချစ်ရယ်
ဟောဒီကမ္ဘာကြီးမှာ
အလွမ်းတွေကလွဲ
ဘာများရှိလို့လဲ ။ ။

၁၉၉၇ မတ် မြားနတ်မောင် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 15, 2014

ဖောရက်စ်ဂမ့် ဇာတ်ကားမှ ပြဿနာတွေနဲ့တွေ့ရင် ရင်မဆိုင်နဲ့ ပြေးသာပြေး ကဗျာ

ရင်ဆိုင်ဖို့က
ကြိုးဝိုင်းထဲ
စိန်ခေါ်ပွဲတွေထဲ
တစ်ကမ္ဘာလုံး ဝိုင်းကြည့်နေကြမယ့်
လူမိုက်တွေရဲ့ အနိုင်ယူနည်းများထဲ ....

ပြေး၊ ပြေး
ပြေးသာပြေး
ထွက်ပြေးမှုက
ကြယ်ပွင့်တွေထံ
နိုင်ဂျီးရီးယားတောင်တန်းတွေထံ
မြို့မငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" ထံ
"ကူရိုဆာဝါ" ရဲ့ "အိပ်မက်များ" ထံ
ဒဂုန်တာရာရဲ့ "နှင်းခဲပန်း" ထံ
အံ့မောင်ရဲ့ "အန်ဒါဆင် ပုံပြင်များ" ထံ
"ဟိုချီမင်း" ရဲ့ "ရေဝေစု" ထံ
ဦးသန်းထွန်းရဲ့ "ဗိုလ်တရားလေးပါး" ထံ
ဗန်းမော်တင်အောင်ရဲ့
"ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း" ထံ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ။ ။

၁၉၉၅ စက်တင်ဘာ ရနံ့သစ် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 14, 2014

ပို့စ်ကဒ်

ငှက်ကလေးသုံးကောင်
စာအိတ်ထဲ လှောင်ပို့လိုက်တယ် ။

စာအိတ်ကိုဖွင့်
ဟင်းလင်းပွင့်သွားရင်လဲ
ငှက်ကလေးတွေခမျာ
ပျံနိုင်မှာမဟုတ်
သူတို့ဟာ အရုပ်တွေပဲ ။ ။

၁၉၉၆ ဖေဖော်ဝါရီ ပန်းဝေသီ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 13, 2014

ပင်လယ်

လမင်းလိုပဲ
ငါမအိပ်တဲ့ညက
ပင်လယ်လိုပဲ စီးခဲ့တယ် ။

သြော် . . . . အရှိန်အဟုန်လား
ကမ္ဘာမြေထုပေါ်က
ပြဿနာပေါင်းစုံရဲ့
အဆအတိုင်းပါ ။ ။

၁၉၉၁ ဇန်နဝါရီ ကမ်းလွန်လေ ကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 12, 2014

ပုစွန်တွေဖတ်ဖို့ ကဗျာ

ပုစွန်ကြော်ကို ဝါးနေရင်း
ရေမှာပျော်တဲ့ သူ့အချိန်လေးတွေ မြင်ယောင်
သွားနဲ့လျှာတစ်လျှောက် အရသာပေါ်
တုန်လှုပ်မှုတွေရောက် ။

သြော် .... လောကအနက်ထဲ ထောက်မမီ
ငါ့အတွေးတွေလဲ
တော်တော်တိမ် ထင်ရဲ့ ။

ဒါဆို
ပုစွန်တွေ ပျော်ရွှင်
ကူးခတ်ခဲ့ခြင်းလှော်တက်များ
စနစ်တကျ ကိုက်ဖြတ်ရန်
သွားတွေရှိရာကိုပေါ့ ... ။ ။

၁၉၉၃ ဇူလိုင် ပင်လယ်မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 11, 2014

တနင်္ဂနွေ ဂဠုန်

တိမ်တွေရဲ့ ရောင်စုံ
အကျဉ်းလှောင်အိမ်မှာ
ငါ အကြိမ်ကြိမ် ကျ ။

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာ ။
စကြဝဠာကို မထိုးဖောက်နိုင်ခင်
သီချင်းတွေပေါ်မှာ အိပ်တန်းဝင် ။

နှုတ်သီးဒေါသ
လက်သည်းအတ္တ
ခြေသည်းမာန
တောင်ပံတစ်စုံသာ
အနုပညာ ။

လိုရာရောက် မပျံသန်းနိုင်လျှင်
ဂဠုန် သေဖွယ်ရာပင် ။ ။

၁၉၉၀ ဒီဇင်ဘာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 10, 2014

ဆိပ်ကမ်း

ပင်လယ်တစ်ခုလုံး
လှိုင်းတွေ မရှိ
စံပယ်ပန်းတွေ အပြည့် ။

သက်တန့်လှေက
ကမ္ဘာ့ ရေမြေတောတောင်မကျန်
ချစ်ခြင်းမေတ္တာကို တင်ဆောင် ။

ဆိပ်ကမ်းမှာတော့
အမုန်း မရှိ
စစ်ပွဲ မရှိ
တရားရပြီးမှ
ထပ်မံ ငြင်းခုံစရာ
တရားမရှိ ။ ။

၁၉၉၅ စက်တင်ဘာ ပန်းဝေသီ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 9, 2014

ဆေးရောင်စုံဂြိုဟ်ပြာ၏ အမှားတစ်ယောက်

လူတွေက ငါးမန်းတွေကို စားခွင့်ရှိ
ငါးမန်းတွေက လူတွေကို စားခွင့်မရှိ
လှသလောက် မလှခဲ့သောကမ္ဘာ
အမှားအယွင်းများသည် အင်္ဂါဂြိုဟ်မှာ
ဒုံးပျံအဖြစ် ဆိုက်ရောက်၏ ။

ကောင်းကင်ကြီးနဲ့ ညတွေ
ပျင်းအမနေဖို့
ကြယ်တွေကို ထည့်သွင်းပေးထားခဲ့
ဒါနဲ့ပဲ အလွမ်းအဆွေးတွေကျောက်ချ
စိတ်ကူးယဉ်ခွင်း ရတော့၏ ။

ဒါနဲ့ပဲ
ငါးမန်းစာ ချမကျွေးရဲသူရဲ့ကဗျာ
ဖြစ်ပေါ်လာခဲ့၏ ။ ။

၂၀၀၁ နိုဝင်ဘာ IDEA မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 8, 2014

ဆေးမင်ကြောင်

တစ်ခါတုန်းက
လက်မှာ အရုပ်တွေနဲ့ သူငယ်ချင်းတစ်စု
ကမ္ဘာကြီးကို
လက်ဖျံမှာထိုးပြီး
ခရီးသွားခဲ့ကြတယ် ။

အနှစ် နှစ်ဆယ်အကြာ
နှစ်ယောက် သေ
သုံးယောက် ကျန်
ရှင်သန် - ၁
လဲကျ - ၁
ပျံသန်း - ၁ ။

နောက်ဆုံးကျမှ
ကမ္ဘာကြီးရဲ့ကိုယ်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေဟာ
ငါတို့မှန်း
သိခဲ့ရ ။ ။

၁၉၉၃ သြဂုတ် ရှေ့ပြေး မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 7, 2014

ငါးဆယ်ခရီး

ဝရန်တာမှာ
စိမ်းရွက်တွေကြား
အနီစ များ
မိုးကို ခေါင်းမော့ပွင့်နေကြ။

မိုးရွာလိုရွာ
နေပူလိုပူ
မုန်တိုင်းဖြစ်လိုဖြစ်
မိုးလေဝသ စစ်ပွဲထဲမှာ
သူတို့ခေါင်းဟာခိုင်တော့
သူတို့အပွင့်တွေဟာလဲ မြိုင်မြိုင်ဆိုင်ဆိုင် ရှိပေရဲ့
ဒါနဲ့ ကျွန်တော် သူတို့ရှိရာတက်သွား
(ခူးဆွတ်ဖွယ်ရာများကိုလွမ်းဆွတ်)
ခရီးတွေကို ဆာလောင်မိပြန်ပေါ့။ ။

၁၉၉၇ နိုဝင်ဘာ ရွှေဝတ်ရည် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 6, 2014

ချစ်သူ

တို့ အိမ်ခေါင်မိုးတွေအပေါ်
ဆေးရောင်စုံတောင်တန်းများ
လှည့်စားတဲ့ညနေ ။

"ရေ" လို့ ငါမှားခဲ့တဲ့ "မီး"
သင်္ကေတတွေနဲ့ကမ္ဘာ
အရာရာစိတ်လျှော့ဖို့ပြုပြင်ရ ။

သိခဲ့ပါပြီလေ
ရက်စက်ခြင်းမှာ ခေါင်းထိုးယူတဲ့
ငါ့ဘောလုံးဟာ
စွန့်စားခြင်းမကြီးမား
ငါ့ မနေနိုင်မှု တစ်ခုသာ ။ ။

၁၉၉၁ ဇွန် ရွှေဝတ်ရည် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Aug 30, 2014

သေတမ်းစာ နံပါတ် ၆

၆ လက်မ ဓားသွားနဲ့
ငါ့ရင်ထဲ ထိုးမွှေသွားခဲ့သလို ဆိုးရွား
မင်းရဲ့အပြုအမူအားလုံးကို
၆ မိနစ်စာ သီချင်းတစ်ပုဒ်
၆ ပါဒရှိတဲ့ ကဗျာ ဒါမှမဟုတ်
၆ စတုရန်းပေရှိတဲ့ ပန်းချီကားတစ်ကားအဖြစ်
ငါ့သွေးသားများထဲမှ
ဖောက်ချထားရစ်ခဲ့ပြီး

မင်း ငါ့အပေါ်ကောင်းခဲ့တာ အားလုံးကိုတော့
နောက်ဆုံး . . .
၆ ပေကျင်းထဲ လဲလျောင်းရချိန်အထိ
၆ အောင်စ အလေးချိန်ရှိတဲ့ ငါ့နှလုံးသားထဲမှာ ထာဝရ
သိမ်းဆည်းထားလိုက်ပါတော့မယ် . . .

ဗြူတီးမက်စ် မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Aug 29, 2014

ညသို့ တမ်းချင်း


ညဟာ - အန်းဒါးဆင်းပုံပြင်တွေထဲကည မဟုတ်ဘူး
ညဟာ - နာရီစက်သံခြောက်ကပ်ကပ်နဲ့ ရွှေဘိုဆောင်က ခင်ဝမ်းရဲ့ည မဟုတ်ဘူး
ညဟာ - ကြိုးတွေထဲမှာ ပိတ်လှောင် မွန်းကျပ်နေတဲ့ ချစ်ကောင်းရဲ့
            သတ်ပုံမှားတဲ့ည မဟုတ်ဘူး
            ဒါပေမယ့် ညဟာ ညစစ်စစ် ဖြစ်တယ်


တကယ်တော့ . . .
ညဟာ - ဆံပင်ကောက်ကောက်နဲ့ မိုဒီဂလီနီ ရေးထားတဲ့ ပန်းချီကားထဲက
            Figure နဲ့ ပိုတူတယ်
ညဟာ - ဆေးလိပ်မီးခိုး အရက်နံ့နဲ့ အဆီပြန်နေတဲ့ မျက်နှာနဲ့ ညဉ့်နက်တဲ့အထိ
            ကြေးမုံတစ်ချပ်ရှေ့မှာ
            ထိုင်နေတတ်တယ်
ညဟာ - ကျရှုံးတာနဲ့ အောင်မြင်တာ ဝေခွဲမရတဲ့
            မောဟတရားနဲ့ သင်္ကေတဖြစ်တယ်


တကယ်တော့ . . .
ညဟာ - သူ့တရားနဲ့သူ ရှိသူဖြစ်တယ်
ညဟာ - အင်းလျားတစ်ခေတ်မှာ အင်းလျား အင်းလျား
လောကနတ်တစ်ခေတ်မှာ လောကနတ် လောကနတ် အဲဒီလို အနုပညာရှင်မျိုးကို
            အထင်မကြီးတတ်ဘူး
ညဟာ - တစ်ခါက ပါဖောမင့်စ်ပွဲတစ်ပွဲမှာ ကွန်ကရက်ကျူလေးရှင်းသွားလုပ်တဲ့
            ရှေ့တအားရောက်ချင်တဲ့ ပန်းချီဆရာမျိုးကို အထင်သေးတယ်

ညဟာ - တစ်ခါတစ်ရံ ဗန်းမော်တင်အောင်နဲ့ အောင်လင်းတို့ရဲ့
            ဇာတ်ကောင်ဖြစ်ပြီး
            တစ်ခါတစ်ရံ ယန်းပေါလ်ဆတ်ရဲ့ ဇာတ်ကောင် ဖြစ်တယ်
ညဟာ - တစ်ခါတစ်ရံ တယောထိုးတတ်ချင်ပြီး တစ်ခါတစ်ရံ
            သူ့လည်ပင်းမှာ မာဖလာပတ်ထားတတ်တယ်
ညဟာ - တစ်ခါတစ်ရံ အသံထွက်သိပ်မကောင်းတဲ့ ဂစ်တာတစ်လက်နဲ့
            သီချင်းရေးစပ်လေ့ ရှိတယ်
ညဟာ - သူရေးထားတဲ့ သီချင်းတွေထဲက
            သူကြိုက်နေတဲ့ ကောင်မလေးအကြောင်း ရေးတဲ့ 'နေရီဝေ'
            ဆိုတဲ့ သီချင်းကို သူ့မာစတာပိစ်လို့ သူထင်တယ်
ညဟာ - ကျောင်းသားဘဝတုန်းက မာ့က်စ်ဝါဒကို
            သက်ဝင်ယုံကြည်သူဖြစ်တယ်
ညဟာ - ပန်းချီကျောင်းတက်ရင်း အနုပညာဟာ
            အပေါ်ယံ အဆောက်အအုံဖြစ်တယ် ဘာညာ
            ဘဝရဲ့ လက်တွေ့ကျနမှု ဘာညာ အမြဲပြောလေ့ရှိတယ် ဒါကြောင့်မို့
ညဟာ - ညဆိုတဲ့ နာမည်မတိုင်မီ သူငယ်ချင်းတွေက
            သူ့ကို 'မာ့က်စ်'လို့ပဲ ခေါ်ကြတယ်

ညဟာ - မင်းကွန်းနဲ့ ပုဂံ လောကနန္ဒာမှာ သူ့အနုပညာစီမံကိန်းတွေ
            အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး
ညဟာ - သူ့ရင်ထဲမှာ မင်းကွန်းဆရာတော်ဘုရားကြီး ရှိတယ်လို့
            ယုံကြည်နေတဲ့ကြား
            မင်းကွန်းက
            ကန်အထုတ်ခံလိုက်ရတယ်
ညဟာ - မင်းကွန်းမှာ သူ့ပန်ချီကားလာဝယ်ပြီး ပျော်ရွှင်စွာပြန်သွားတဲ့
            အဆိုတော် ကောင်မလေးအကြောင်း အမြဲပြောတတ်တယ်
ညဟာ - နောက်ပိုင်းကာလတွေမှာ စိတ်ကူးယဉ် အိပ်မက်ဝါဒီသမားလို
            စွပ်စွဲကြတာကိုတော့
            ကျွန်တော် သဘောမတူပါဘူး

ညဟာ - သီချင်းရေးဆရာတစ်ယောက်က သူရေးထားတဲ့
            လမ်းကြိတ်စက်ပန်းချီကားကို ကြိုက်ပြီး
            သူ့ကဗျာစာအုပ်အဖုံးလုပ်ဖို့ ကမ်းလှမ်းတာ ခံရဖူးတယ်
ညဟာ - အလျား အနံ အမြင့် သုံးဖက်ပါဝင်တဲ့
              (3D) သရီးဒီအိပ်မက်တွေ ရှိပေမယ့်
             ကံမကောင်းရှာခဲ့ဘူး။ နောက်
ညဟာ - 5D ငါးဖက်မြင် အိပ်မက်တွေအထိ စဉ်းစားခဲ့ပေမယ့်
            ဘာမှဖြစ်မလားခဲ့ဘူး
ညဟာ - သူ့ရဲ့ 3D ဆိုတဲ့ နာမည်ကို
            သူ့သူငယ်ချင်း ပန်းချီဆရာ ဝေချစ်ကိုက ယူသုံးပြီး
            ပန်းချီပြခန်းတစ်ခု ဖွင့်ဖြစ်ခဲ့တာကိုတော့ သိပ်ကျေနပ်ပုံမပေါ်ဘူး

ညဟာ - တကယ်တော့ အန်းဒါးဆင်းရဲ့
            တစ်ထောင့်တစ်ည ပုံပြင်တွေထက် ခမ်းနားသူဖြစ်တယ်
ညဟာ - သူ့သူငယ်ချင်း ကဗျာဆရာ ပိုင်စိုးဝေက
            သူ့အကြောင်းတွေ ပြန်ရေးပြဖို့
             ကောင်းကွက်တွေ တော်တော်ရှာခဲ့ရတယ်လို့ ပြောပါတယ်
             ကျွန်တော် ပြောချင်တာက
ညဟာ - အဲဒါ ညစစ်စစ် ဖြစ်နေလို့ပါလို့
            အဲဒီကဗျာဆရာကို ကျွန်တော် ပြောပြချင်ပါတယ်

၂၊ ၂၊ ၂၀၀၇ နေ့က ကွယ်လွန်သွားတဲ့
ချစ်သူငယ်ချင်း ပန်းချီဆရာ ညမင်းကျော်သို့ . . .          

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Aug 27, 2014

လွန်ခဲ့တဲ့ ၁၅ မိနစ်


• လွန်ခဲ့တဲ့ ၁၅ မိနစ် ရုပ်မြင်သံကြားသတင်းမှာ
(နှလုံးရောဂါနဲ့) ရန်ကုန်မြို့
ပြည်သူ့ဆေးရုံကြီးမှာ
'သော်ဒီဝေ'ဟာ သေဆုံးသွားပါပြီ

• မောဟကင်းကင်း ခင်ဗျားကဗျာ . . . ကျွန်တော်
ဖတ်ဖို့ ကပ်ရောဂါကင်းရှင်း ကျွန်တော့်ကဗျာ . . .
ခင်ဗျားဖတ်ဖို့ . . .
၁၅ မိနစ်တိတိ . . . နောက်ကျသွားပြီ

• မန္တလေးမြို့ အနောက်ကျုံးလမ်းထောင့်ကွေး
အဆောက်အဦးများ
ကလေးငယ်တစ်ယောက်ရဲ့ 'ဒီချရီကို'
အိပ်မက် . . . နောက်ကျသွားပြီ

• ရိုးသားမှုလေးတစ်ခုပဲ လိုချင်ခဲ့တာပါ
တစ်ချိန်တုန်းက သူ့ကို ငါ သိပ်ချစ်ခဲ့တယ်
(ဖြူစင်ချင်လို့တဲ့ . . . ) . . . နောက်ကျသွားပြီ

• နေ့ပြန်တိုးပေးတဲ့ တရုတ်မကြီးမျက်နှာနဲ့
ခေတ်ပြိုင်အနုပညာ အလုပ်လုပ်ဖို့ . . .
နောက်ကျသွားပြီ 

• အာပတ်ဖြေဖို့ (ဒါမှမဟုတ်)
ခင်ဗျားအကျင့်စာရိတ္တကို ဖြောင့်ချက်ပေးဖို့
'ပေါလ်မက္ကာတနီ'ဟာ အဲဒီသီချင်းရေးခဲ့တာ
မဟုတ်ဘူး နောက်ကျသွားပြီ

• ခင်ဗျား ထုဆစ်ထားတဲ့ အရုပ်တွေအတိုင်း
အပေါက်တစ်ပေါက်ထဲ ကျွံဝင်သွားတဲ့
စကားလုံးတွေ
အနုတ်အသိမ်း မကောင်းခဲ့ဘူး . . .
နောက်ကျသွားပြီ

• 'ပါဖောမင့်စ်'သာ ကောင်းတာပါ
ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်
ဘယ်တုန်းကမှ
မရေးခဲ့ဖူးဘူး . . . နောက်ကျသွားပြီ

• မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းမှာ
အဆိပ်သင့်ခဲ့ပြီး
အချစ်ကို ရှာမတွေ့ခဲ့(အဲဒါကိုပဲ
အနုပညာလို့ ထင်ခဲ့တဲ့)
သီချင်းသမား ချာတိတ် . . . နောက်ကျသွားပြီ

• တကယ်တော့ . . .
ခင်ဗျားဟာ'ဘရုတပ်စ်'လို လူမျိုးဆိုတာ
ကျွန်တော်သိခွင့်ရခဲ့တာ ၁၅ မိနစ်တိတိ
နောက်ကျခဲ့ရပြီ . . .
ကျွန်တော့်နောက်ကျော
ဓားနဲ့ထိုးဖို့ကိုတော့ . . . ခင်ဗျား
၁၅ မိနစ်တိတိ . . . နောက်ကျသွားပြီ။ ။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Aug 22, 2014

ငါးနှစ်ကောင်၊ မြင်းတစ်ကောင်

ကျွန်တော့်မှာ
ငါးနှစ်ကောင်နဲ့ မြင်းတစ်ကောင် ရှိတယ်
တစ်ခုသော မိန်ရာသီမှာ
ကျွန်တော့်အမေက ကျွန်တော့်ကို မွေးပါတယ်

ပုရောဟိတ် ဆရာစံဇာဏီဘိုက
ကြာသပတေးဂြိုဟ်မှာ ငါးတစ်ကောင်နေပြီး
ပင်လယ်ထဲမှာ ငါးတစ်ကောင်နေတယ်လို့ ဟောပြောပါတယ်
ကျွန်တော်ရေးတဲ့ ရေဆေးပန်းချီကားတချို့
လူကြိုက်များခဲ့တာ အဲဒီငါးနှစ်ကောင်ကြောင့် ဖြစ်နိုင်ပါတယ်၊

တရုတ်ဗေဒင်အရ
တစ်ခုသော မြင်းနှစ်မှာ ကျွန်တော့်ကို မွေးပါတယ်
စာရေးဆရာတစ်ယောက်က
မြင်းဆိုတာ 'လဲပြီးရင် ပြန်ထနိုင်ရမယ်'လို့ ပြောပါတယ်၊

တစ်ခုသော ဒီဇင်ဘာနံနက်ခင်း
ကျွန်တော်နေထိုင်တဲ့ မြို့လေးရှိရာ
အမျိုးသမီးတစ်ဦး ရောက်လာပြီး
အင်္ဂလိပ်ခေတ်က ဗီရိုမြင်းလှည်းတစ်စီး လာဝယ်စဉ်
အမှတ်မထင် ကျွန်တော်နဲ့ ချစ်မိသွားကြတော့
သူမက 'မြင်းတစ်ကောင်ပါ အဆစ်ရတယ်'လို့
ဖွဲ့နွဲ့ပါတယ်၊

အခု သူမနဲ့ ကျွန်တော်
လမ်းခွဲခဲ့ကြတာ ကြာပါပြီ
မနှစ်က ထပ်ပြီး ကျွန်တော်
လေတစ်ခြမ်း အဖြတ်ခံရတယ်၊

အခု သူမကို ကျွန်တော်
ဆက်မချစ်နိုင်တော့ပေမယ့်
ပန်းချီကား နည်းနည်း၊ ကဗျာတချို့
ရေးလို့ ရနေပါသေးတယ်၊
ခင်ဗျား ပြောသလို
မြင်းဆိုတာ 'လဲပြီးရင် ပြန်ထနိုင်' ဖို့
လိုအပ်ပါလိမ့်မယ်။ ။

၃၀၊ ဧပြီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 13, 2014

တနင်္ဂနွေစကား-၃

ပြန်မလာ ဒီအတိတ်
မိသားစု၊ အိမ်ခန်းငယ်နဲ့ မဆံ့
မေတ္တာတရား သီးသန်း ဘာသာစကား

သီးခြားဖြစ်တည်မှု၊
တစ်ခုခြင်း ပေါင်းစည်း
တည်ဆောက်ထားမှု

နီးခြင်း၊ ဝေးခြင်း
ဘာသာစကားရဲ့ အကန့်
အသတ်/အကွာအဝေး

ဘယ်လောက်ဝေးဝေး သွားရ/နိုင်မလဲ၊ လမိုက်ည
တစ်ကိုယ်ရေ/ရေး ကဗျာ
အာသာဖြေခြင်း

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၇-၇/၈-၇) ၂၀၁၄

Jul 10, 2014

ကျွန်တော့်မိတ်ဆွေ "ဩဂတ်စ်လင်း"

တစ်ခါတစ်ခါ
ဒီလို အသည်းကွဲရတာ . . .
ကောင်းပါတယ်
ကျွန်တော့်မိတ်ဆွေ
ဩဂတ်စ်လင်းကို သတိရတယ်။

ဒဏ်ရာ အနာတရများ အဖေးမတက်ခင်
ယဉ်ကျေးမှု ခပ်မြင့်မြင့်
ကျွန်တော်နဲ့ ဩဂတ်စ်လင်း
မိုးစင်စင်လင်းတဲ့အထိ
စကားထိုင်ပြောချင်လည်း ရတယ်။

ဆို့နင့်နင့်
၁၂ နှစ် ကြာပြီဖြစ်တဲ့ အလွမ်းကို
သက်တမ်းခပ်ရင့်ရင့်
၁၂ နှစ်ကြာ မြေအောက်မြှုပ်ပြီး ဖောက်ထားတဲ့
ဝီစကီပုလင်းထဲ
သွန်းချလိုက်ပြီ။

ဟဲ့ . . . ဝေကြီးရဲ့
ဝီစကီဆိုတာ မူးတာမဟုတ်ဘူးဟဲ့
ရီဝေတာ Romance ဖြစ်တာ . . .

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်
တစ်ပက်ပြီး နောက်တစ်ပက်

ဒီလိုနဲ့ စီးကရက်တွေ
တစ်လိပ်ပြီး နောက်တစ်လိပ်

ဒီလိုနဲ့ ဩဝါဒတွေ
ခင်ဗျား ကျွန်တော့်ကို
ပြာချွေသလို ချွေပြရဲ့။

ဒီလိုနဲ့ ဘတကို
ဒီလို Romance ဖြစ်လိုဖြစ်ငြား . . .
ဒီလို လူသားဆန်ဆန်ပြောတတ်တဲ့ . . .
သီရိခေတ္တရာ ပြန်သွားတဲ့
မိတ်ဆွေ ဩဂတ်စ်လင်းကို သတိရရဲ့။

၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 9, 2014

မုဒိတာညများ

ဘဝအား
၉၀ ဒီဂရီအပြည့် မတ်မတ်မရပ်နိုင်ကြသူများ
လယ်ကွင်းများအားဖြတ်၍
အသက်ရှူကျပ်ကျပ် ဘတ်စ်ကားကြီးဖြင့်
ပဲခူးမြစ်နံဘေးက
သက်တမ်းနုနု မြို့ကလေးရှိရာ
ပြန်ကြပြီ
ရေမိုးချိုး . . . ပြီးရင်
ခုနစ်နာရီ ကိုရီးယားကားကို ကြည့်မယ်
ပြီးရင် (အပျိုကြီးမညို ကြိုက်တဲ့) ဒါရိုက်တာရင်နဲ့ လွမ်းမယ်
မီးမလာရင် အဝိုင်းဘက်ထွက်
ကတ္တရာနံ့ ဂျင်နရေတာမီးစက် ညှော်နံ့တွေမပါတဲ့
လေကောင်းလေသန့် ရှူမယ်
ဆူးလေ အနော်ရထာလမ်းမှာ မရှိတဲ့
တစ်မျှော်တစ်ခေါ် ရှုခင်းများနဲ့
ဟောဒါက သန်လျင်တံတား၊ ဒါ ကျိုက်ခေါက်စေတီ
ဟိုမှာ မှုံပျပျ ရွှေတိဂုံ
လရောင် ပါးပါးလေးအောက်
ဘဝအမောတွေ ပျောက်သွားတဲ့အထိ
ရင်ခုန်ချင်ရင်လည်း ရတယ်။
မနာလို မရှိကြပါနဲ့ . . . သူတို့ဟာ
ဘဝကို သူတို့ဘာသာ ရွေးချယ်ခဲ့ကြတာ မဟုတ်ဘဲ
ဘဝက သူတို့ကို ရွေးချယ်ခဲ့ခြင်းမျှသာ
တို့လူသားတွေ တစ်နေ့တခြား
မုဒိတာအား ကောင်းနိုင်ကြပါစေ
သော်ဒီဝေ . . . ယုဇနမှာ နေသည်။

ဖက်ရှင်မဂ္ဂဇင်း၊ မေ၊ ၂၀၁၄။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 8, 2014

ပြီးခဲ့တဲ့နှစ်ဟာ ခရမ်းရောင်ဖြစ်တယ်

ဒီလိုနဲ့ ၂၀၀၈ ဟာ
ဖြူရော်နေတဲ့ သူ့ဆံပင်ကို အနက်ရောင်ဆေးဆိုး
ခပ်တည်တည် ရုပ်ဖျက်ပြီး
'Happy New Year' လို့တောင်
နှုတ်မဆက်ဘဲ ရောက်လာခဲ့ပြန်တယ်။
အမှန်တရားလို့ ယုံကြည်ထားတာတောင်
အမှန်တရားနဲ့ တစ်ဘဝစာ လွဲခဲ့ရလို့တဲ့
၁၉၅၂ ဖွား စာရေးဆရာတစ်ယောက်
၁၉၅၂ ထုတ် စာအုပ်တစ်အုပ်အကြောင်း
ဟောပြောပို့ချနေရဲ့။
အနည်းဆုံးတော့ . . . ဒီလိုပါပဲ (ဘယ်သူဖြစ်ဖြစ်)
အနည်းဆုံးတော့ . . . ခင်ဗျားချစ်ခြင်းမေတ္တာ
အနည်းဆုံးတော့ . . . ခင်ဗျားတော်လှန်ရေး
သားလျှောခဲ့ဖူးပေမယ့်
နောက် . . . ခင်ဗျားအိပ်မက်
နောက် . . . ခင်ဗျားအနုပညာ
ဩော် . . . ဒါနဲ့ ကျွန်တော့်ကို
နောက် (တစ်ပက်လောက်)
နေ့စဉ် ခေါက်ရိုးကျိုးဘဝထဲ နေထိုင်
ဒီလူ ခေါက်ရိုးမကျိုးဘူးလို့ မပြောပါနဲ့
ကျွန်တော့်အတ္တကို မီးပူမတိုက်ဘဲ
ပစ်ထားခဲ့တာ ကြာပြီ။
အနည်းဆုံး 'ရိုးသားမှု' ဆိုတာလေးတောင်
မရနိုင်ခဲ့တော့လည်း နောက်ထပ်
ဘာကိုမှ ထပ်မရချင်တော့ပါ
(ဘာမှ ရစရာမရှိအောင် လုပ်ထားခဲ့လို့တဲ့)
ဒီလိုနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က
လမ်းခွဲခဲ့ကြတဲ့ ချစ်သူကိုလည်း
နောက်ထပ် ဆက်ထုံးတစ်ခု
ထပ်ထုံးဖြစ်ပြန်ပေါ့။

၁၊ ဇန်နဝါရီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 7, 2014

တနင်္ဂနွေစကား-၂

ပြန်မလာ ဒီအတိတ်
ပျော်ရွှင်မှု၊ ကောက်ရိုးမီးပွင့်

အမြဲတမ်း ဒီအိပ်မက်
ထင်ထင်ရှားရှား၊ ညများ

ဘာမှ
ထူးထူးခြားခြား မဖြစ်ခဲ့ပါ။

ဒီအလင်းရောင်အောက်မှာကို
အေးစက် ခြောက်ခြား ညများ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၄-၇/၇-၇) ၂၀၁၄

တနင်္ဂနွေစကား

ပြန်မလာ ဒီအတိတ်
ပျိုရွယ်မှု၊ ဝိုးတဝါး ဓါတ်ပုံ

ကျကျန်ခဲ့
အမည်များ၊ ဘဝ
ဒီလမ်းပေါ်

အရိုးထဲက အေးစက်မှု
ကိုယ့်ဇာတ်လမ်းမှာတောင် ကိုယ်က လူကြမ်း

အိပ်မက်ကို ဘာသာပြန်လို့ မပြီးခင်မှာပဲ
လန့်လန့်နိုး

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၂၉-၆/၄-၇) ၂၀၁၄

Jun 28, 2014

စနေ နေ့တစ်ဝက် (၂၂)

ရောက်လာခဲ့သော စနေ
(တစ်ဝက်များ)
ရလာခဲ့သော မ-ပျော်
-ရွှင်-မှု
ရူးသွပ်ရပါသော ကဗျာ
ဖြစ်တည်မှုမှာ အချိန်မှန်

စိတ်
ကျ
ခြင်း။

ကော်ဖီ ပြန်သောက်ဖြစ်နေပြီ။


သီဟသူ
၁၈-၀၆-၂၀၁၄

May 20, 2014

ဗင်းဆင့်ဗန်ဂိုးရဲ့ဆက်သွယ်ရေးလုပ်ငန်း

တစ်ခါတုန်းက
ခင်ဗျားကိုင်ထားတဲ့ 'ဟန်းဖုန်း'မျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
သူချစ်တဲ့ သူ့ကောင်မလေး ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်လေး တစ်ဖက်ကိုတော့
လက်ဆောင်အဖြစ် ဖြတ်ပေးခဲ့ဖူးရဲ့
တစ်ခါတုန်းက
ခင်ဗျားစီးနေတဲ့ မော်တော်ကားလှလှေလေးတစ်စီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
ခင်ဗျားစိတ်ကူးတွေ လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်ပင်တွေနဲ့လမ်း ပန်းချီကားကိုတော့
(လက်ဆောင်အဖြစ်)
ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။

၆၊ မတ်၊ ၂၀၀၄
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊ ၂၀၀၄။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Apr 16, 2014

နေ့စဉ်မှတ်တမ်းများ ကောက်နုတ်ချက်

အဲဒီမိန်မပေါ့
အနုပညာ
အောင်မြင်ကျော်ကြားမှုနဲ့
စိတ်ကျရောဂါသည်တစ်ဦးတို့ကို
ခပ်ပေါ့ပေါ့ တစ်ပြိုင်နက်
လက်ထပ်ယူခဲ့တာ
အဲဒီယောက်ျားပေါ့
ဝီစကီခြောက်ပက်
အင်ပရက်ရှင်းနစ်ပန်းချီရေးနည်းနဲ့
အမေရိကတိုက်ကို တွေ့ရှိဖို့
ကိုလံဘတ်စ်ရဲ့ ခရီးသွားမြေပုံတို့ကို
အဲဒီမိန်းမထံ ပေးဆပ်လိုက်ရလေရဲ့။

၁၊ စက်တင်ဘာ၊ ၂၀၀၂။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၂။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Apr 15, 2014

သီရိခေတ္တရာ ဒိုင်ယာရီ

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
သီရိခေတ္တရာမြို့ မင်းကြီးတောင်ပေါ်က
မည်ကာမတ္တ အိမ်ကလေးတစ်လုံးရဲ့
ဝါးထရံမှာကပ်ထားတဲ့ ဝါကျင့်ကျင့်
ကောက်ရိုးချပ်တစ်ခုပေါ် (အဆိုအမိန့်တစ်ခုလို)
'တကယ်တော့ ခင်ဗျားတို့ ကျွန်တော်တို့ နေထိုင်တဲ့
ဟောဒီကမ္ဘာကြီး နေထိုင်ကောင်းဖို့ဆိုတာ . . .
အင်မတန်မှ စိတ်ကူးစိတ်သန်းကောင်းပြီး
အင်မတန်မှ အပင်ပန်း အဆင်းရဲခံနိုင်သူတွေ
ဖန်ဆင်းထားခဲ့ခြင်းမျှသာ ဖြစ်တယ်' . . . ဆိုပြီး
အဲဒီစာတန်းကို ခင်ဗျား ရေးချထားခဲ့ပြီး
အဲဒီဆယ်စုနှစ်များကို အဲဒီသူငယ်ချင်းများ အဲဒီမျှော်လင့်ချက်များနဲ့
အဲဒီကမ္ဘာကြီးကိုပဲ
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးရဲ့ ခုတင်တစ်လုံးပေါ်မှာ
(ပစ်ချထားခဲ့ပြီး)
ခင်ဗျား . . . ထွက်ခွာသွားတော့တယ်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Apr 14, 2014

ကျွန်တော့်အိမ်နံဘေးက ဂစ်တာသမား

ကျွန်တော့်အိမ်နံဘေးမှာ
ဂစ်တာသမားတစ်ယောက် ရှိတယ်
သူ့မျက်နှာပေါ်မှာ မရိတ်ရသေးတဲ့ မုတ်ဆိတ်ကျင်စွယ်နဲ့ သူ့ဆံပင်
အဲဒါကလွဲရင် ဘဝမှာ သူပိုင်တာ
များများစားစား မရှိပါဘူး။
ကျွန်တော့်အိမ်ဘေးမှာ ဂစ်တာသမားတစ်ယောက် ရှိတယ်
သူ့မှာ 'ကတ်ကိုဘိန်း'ပုံပါတဲ့ ရှပ်တစ်ထည်နဲ့
အသံထွက်သိပ်မကောင်းတဲ့ ဂစ်တာတစ်လက်
သူ့မှာ ... ဒါပဲ ရှိတယ်။
ကျွန်တော့်အိမ်ဘေးမှာ ဂစ်တာသမားတစ်ယောက် ရှိတယ်
သူ့မှာ ချုပ်ရိုးများတဲ့ နှလုံးသားတစ်စုံ
ဖျားနာနေတဲ့ စကားလုံးစာသားတချို့
သူ့ကိုယ်ပိုင်ဆိုလို့ ဒါပဲရှိတယ်။
ကျွန်တော့်အိမ်ဘေးက ဂစ်တာသမား
နောက်တစ်နေ့ နာရေးကြော်ငြာမှာ
သူ့နာမည် တွေ့လိုက်ရတယ်
အဲဒီနေ့ကစပြီး ကွဲအက်အက် သူ့ဂစ်တာသံ
ဘယ်သူမှ မကြားကြတော့ဘူး။
ကျွန်တော့်အိမ်ဘေးမှာ ဂစ်တာသမားတစ်ယောက် ရှိတယ်
သူ့မှာ အိပ်ရေးပျက် မျက်လုံးတစ်စုံ
ကြယ်ရောင်မစုံတဲ့ ညတချို့ကလွဲရင်
ဘဝမှာ သူချန်ထားခဲ့တာ ဘာမှမရှိပါဘူး
ကျွန်တော့်အိမ်နံဘေးမှာ ဂစ်တာသမားတစ်ယောက် ရှိတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
အခုတော့ သူ
ကောင်းကင်ဘုံမှာ ရှိနိုင်တယ်။

ခရမ်းပြာဂျာနယ်။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Apr 13, 2014

မပြောင်းလဲသော တိမ်တိုက်များ

အိမ်ကနေ ဝေးရာကို သွားနေတဲ့ ကျွန်တော်ရဲ့
အရိပ်ကို အိမ်အပြန် ဘတ်စ်ကားတွေပေါ်မှာ ရိပ်ခနဲ ရိပ်ခနဲ တွေ့
တွေ့ နေရတယ်။

ကိုယ့်အရိပ်က ကိုယ်နဲ့ ခွဲပြီး ကြာကြာ နေလို့ရပါ့မလား။

ဒီဖုန်းနံပါတ်ကိုပဲ အကြိမ်ကြိမ်ပြန်နှိပ်
'သူ ဒီမှာ မရှိတော့ဘူး'
ဒီအဖြေပဲ အကြိမ်ကြိမ်။

'သူ'ကိုယ်တိုင်ပြန်ဖြေနေတာကော မဖြစ်နိုင်ဘူးလား။

'မင်းမရှိလည်းဖြစ်တယ် ကိုယ့်ရဲ့မရှိမဖြစ် မိုး'
သိမ်းထားရတာတွေ ပြောချလိုက်တော့
ရင်ထဲ ပေါ့သွားတယ်မလား။

တချို့ကိုတော့
တောင်ပေါ်က သစ်ပင်တစ်ပင်ရဲ့ပင်စည်ကို အပေါက်ဖောက်
တိုးတိုးလေးပြောပြီး
အပေါက်ကို ရွှံ့နဲ့အုပ် သိမ်းထားခဲ့ပါတယ်။

နာနတ်သီး စည်သွပ်ဘူးတွေမှာလည်း
'ကုန်ဆုံးရက်'ဆိုတာ ရှိတယ်မဟုတ်လား။

သီဟသူ
၀၉-၀၄-၂၀၁၄

နှစ်ထောင့်တစ်ဆယ့်လေး မတ်လ သုံးဆယ့်တစ်

ရထားစီးတုန်း ဘေးကလူ
ဖတ်နေတဲ့စာအုပ်က
'သေခြင်း ရှင်ခြင်းဟာ လျှာတစ်ချောင်းရဲ့ အစွမ်းပေါ်မှာ ရှိသတဲ့'
'အသက်ရှင်မှုကို ရွေးပါ'လို့လည်း
ခေါင်းစဉ်ခွဲ ပေးထားသေးရဲ့။
ဘီယာတစ်ခွက်တည်းနဲ့
ဒီလောက်မူးရတာ
တန်သလား
မတန်ဘူးလား

သီဟသူ
၀၁-၀၄-၂၀၁၄

Death and life are in the power of the tongue,
And those who love it will eat its fruit.
Proverbs 18:21 (New King James Version)

ဖျတ်ခနဲ ဘန်ကောက်

ဘတ် ၃၀၀၀ မှ ၃၀၀ ဖိုး
ညစာ
အမျိုးမျိုး အစားစား လမ်းပေါ်
လမ်းထပ်ဆင့်
မစီးခင်ကမေးပါ
မီတာလား ပုတ်ပြတ်လား
တိုးဂိတ်ကြေး ပေးရမလား
ဘန်ကောက်ကို ပိတ် ထိုင်းလန်းကို ပြန်စ*
နေရာတိုင်း
ဂေးဆိုတာ ပျော်ရွှင်မှုလည်းဟုတ်
ဟိုမို လက်စဘီယံလည်းဟုတ်
ပိုင်းလော့ကမှဖြစ်နိုင်သေးတယ်
အချစ်သစ်တစ်ခု မဖြစ်နိုင်တော့ဘူး
ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ

သီဟသူ
၂၀၁၄

* Shut down Bangkok; Restart Thailand.

Apr 9, 2014

တိမ်ပြာပြာနေ့အလွန်

သူငယ်ချင်း
မင်း ဘယ်တော့မှ အမှန်တရားကို တွေ့မှာမဟုတ်ဘူးဆိုပြီး
ကဗျာဆရာတစ်ယောက်က
နောက်ကဗျာဆရာတစ်ယောက်ကို
ရေမြှုပ်တွေကြား knock out (နောက်ကောက်)
အလဲထိုးချပစ်လိုက်တယ်
အဲဒီနေ့ဟာ တိမ်ပြာပြာနေ့ ဖြစ်တယ်
မင်း ယူတတ်ရင် ကမ္ဘာကြီးကို မင်းရမှာပဲတဲ့ (ဟုတ်ကဲ့)
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောပိုင်ခွင့် မရှိဘူး
လုပ်ပိုင်ခွင့်ပဲ ရှိတယ်တဲ့ (ဟုတ်ကဲ့)
အသက်နည်းနည်း ရလာတယ်
အသိဉာဏ်နည်းနည်း ရလာတယ်
ဆီးချိုသွေးတိုးနည်းနည်း ရလာတယ်
လူမှုရေးနည်းနည်း ပိုက်ဆံနည်းနည်း ရလာတယ်
ဟို ကော်လံခေါင်းတုံးနဲ့ ငနဲ ဘဝနဲ့စာရင်
လူကြီးလူကောင်းဆန်ဆန် နည်းနည်း Smart (စမတ်)
ဖြစ်နိုင်ရင် နည်းနည်းထပ်ရချင်သေးတယ်
(ကျွန်တော်က အတ္တကြီးတယ်)
အဖြူအမည်း ခလုတ်တွေနဲ့
စန္ဒရားတစ်လုံးဆီက လှပတဲ့တေးသွား
ခင်ဗျား မျှော်လင့်ခွင့် ရှိတယ်
ချေးညှော်များမှ
အကြိမ်ရာထောင်မက လျှော်ဖွပ်ရန် ကြိုးစား
သိုးမည်းတစ်ကောင်မျှသာ ငါ ဖြစ်တယ်
တိမ်ပြာပြာနေ့အလွန်
သင်္ဘောကျင်း၊ မဟာဗန္ဓုလတံတား
ဂန္ဒီ၊ မဆလာ၊ လမ်းငါးဆယ်
ပန်းဆိုးတန်းမှတ်တိုင် ကျော်ပြီးရင်
ချိန်းဆိုထားတဲ့ ခင်ဗျားကို
ဓမ္မာရုံရှေ့က လေထန်ကုန်းမှာ
တွေ့မယ်။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Apr 8, 2014

ကျွန်တော့် ဘာသာဗေဒကဗျာ ကျွန်တော့် ကဗျာဘာသာဗေဒ

'တောင်းပန်ပါတယ်'
ကိုရီးယား ဆပ်ပြာမြှုပ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေထဲက
ဇာတ်ကောင်တွေ ပြောသလိုမျိုး 'တောင်းပန်ပါတယ်'
ပါးစပ်က ရွဲ့စောင်းနေရင်တောင် စကားကိုတော့ အတည့်ပြောရတယ်တဲ့
အခြားအချက်တွေထက် အဲဒီမှာ မိုးနတ်မင်း ရှိပါတယ်
ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ
တစ်ကိုယ်တော့သိပြီး နှစ်ကိုယ်မသိဘူး မဟုတ်လား
မီတော့မယ်ဆို ဝေးသွားပြန်ရော၊ နိုင်တော့မယ်ဆို နောက်ကျသွားပြန်ရော
ငါ ဘာဖြစ်လို့ ဒီလောက် ကံမကောင်းရတာလဲ
စောင်းစားတတ်ခြင်း ဆိုတာလည်း မုဆိုးတွေရဲ့ ပညာတစ်ပါးပါပဲ။
အခု ကျွန်တော် အတည်ပေါက်ပြောနေတာ အားလုံး
ကျွန်တော်ပြောတာတွေ မဟုတ်ဘဲ ခုနက ကျွန်တော်ပြောခဲ့တဲ့
ကိုရီးယား ဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေ ပြောနေကြတာကို
ပြန်ပြောပြနေတာပါပဲ။
တကယ်တော့ 'ဂျွန်အက်ရှ်ဘရီ'ရဲ့ ကဗျာတွေကို
ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်စလုံး အတူကြိုက်ခဲ့တာပဲ မဟုတ်လား
ရွှေမန်းတင်မောင်နဲ့ နန်းကြီးသုတ်ကြိုက်တဲ့ ကျွန်တော့်ဆီက ခင်ဗျား
LP* ကဗျာတစ်ပုဒ် မျှော်လင့်ထားတယ်ဆိုရင်တော့
ခုနက ကျွန်တော်ပြောခဲ့တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေထဲက
ဇာတ်ကောင်တွေ ပြောသလိုမျိုး ပြောရရင်
'တောင်းပန်ပါတယ်'။

*LP (language ကဗျာ)

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Apr 7, 2014

ဆက်ကပ်ကြည့်သူ

သူတို့ပေါ့ . . .
အလျှံငြီးငြီး မီးတောက်တွေကြား 'ဒိုင်ဗင်'ထိုးပြကြ
ဟန်ချက်မပျက်၊ တစ်ဘီးတည်းနဲ့ လှိမ့်ပြကြ
ကြိုးတန်းပါးပါးပေါ်၊ သက်စွန့်ဆံဖျား လမ်းလျှောက်ပြကြ
သံတိုင်တွေရဲ့ကြား၊ သားရဲတိရိစ္ဆာန်များနဲ့ ဆော့ကစားပြကြ
နောက် . . . တစ်ယောက်ကိုတစ်ယောက်
အသွားချွန်ထက် ဓားတွေနဲ့ ပစ်ပေါက်ပြကြနဲ့၊

ဒါပေမဲ့ သူတို့ဟာ
ဘယ်တော့မှလည်း အသည်းမကွဲကြ၊
ဘယ်တော့မှလည်း မနာကျင်ကြဘူး။

တကယ် အသည်းကွဲကြ
တကယ် နာကျင်ကြရသူတွေကတော့
အဲဒီအစီအစဉ်ကို ငေးမောကြည့်နေကြတဲ့
ပရိသတ်တွေမျှသာ ဖြစ်တယ်။

ဗြူတီမဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Apr 6, 2014

မဟုတ်ဘူး

ပြောပြစရာတွေ အများကြီးရှိနေသေးတာ
ကြာသပတေးနေ့ မဟုတ်ဘူး
အခြေခံစိတ်ဓာတ် ဗလာနဲ့ ဖန်တီးမှုဟာ အနုပညာမဟုတ်ဘူး
ကြိယာမပါတဲ့ မိတ်ဆွေဖွဲ့မှုဟာ ကဗျာဆရာမဟုတ်ဘူး
ကြေကွဲမှုမပါတဲ့ ရယ်ပွဲဖွဲ့မှုဟာ ဟာသမဟုတ်ဘူး
မိုးသောက်ကြယ်နဲ့ လူကြီးမင်းရဲ့ နံနက်စာဟာ ကဗျာမဟုတ်ဘူး
ယန်းပေါလ်ဆတ်နဲ့ အဲလ်ဗတ်ကမူးဟာ
လူယုတ်မာ မဟုတ်ဘူး
ရိုးသားမှုကို တစ်ဘဝလုံး ဖက်တွယ်နစ်မြုပ်သွားတဲ့
ဖော်ဝေးဟာ လူနုံလူအမဟုတ်ဘူး
ကမ္ဘာပေါ်က အကြီးအကျယ်ဆုံး မှားယွင်းမှုကို
တွေ့ရှိခဲ့တဲ့ မောင်ချောနွယ်ဟာ အရက်သမားမဟုတ်ဘူး
စိတ္တဇပန်းချီ စာအုပ်နဲ့ မိဘမေတ္တာ သီချင်းဆိုတဲ့ ကိုခင်ဝမ်းဟာ သူရူးမဟုတ်ဘူး
အလားတူ
အမှားတွေကို ဖင်ခုထိုင်ပြီး သံသရာလည်ပတ်နေတာ နာရီတစ်လုံးမဟုတ်ဘူး
ကော်ဖီပူပူတစ်ခွက်ရှေ့မှာ အဲဒီလူအကြောင်း
မစဉ်းစားဘဲနေတာ ငါမဟုတ်ဘူး။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Apr 3, 2014

ပြင်သစ်ရုပ်ရှင်

ဇာတ်လမ်းက အဲဒါပါပဲ
ထရစ်ကာကို ဆွဲညှစ်၊ ခြောက်ချက်တိတိ
အဲဒီငနဲရဲ့ ဦးနှောက်ထဲ ဖိပြီး
ပစ်ချလိုက်တယ်
နောက်တော့ ငနဲ၊ မီးသွေးပုံထဲမှာ, ဖလက်
နောက်ဆို သူ ဘယ်တော့မှ
ချွဲငန်းဝါးတဲ့ ဘောလုံးနည်းပြ
ဖြစ်တည်မှုပဓာနဝါဒကို အားကျပြီး ဘာမှဖြစ်မလာသူ
စတန်းဖို့ဒ်တံတားပေါ်က ကလပ်ပိုင်ရှင်သူဌေး
မိုးလေဝသ သတင်းကြေညာသူ
ကြက်ဥအလုံးငါးဆယ်တိတိ ခွဲပြတဲ့ ပါဖောင်းမင့်စ်သမား
အားကစားဂျာနယ်တစ်မျိုးတည်း စောင့်ဖတ်သူ
ညနေခင်း အကောင်းမြင်သမား
စကော့ဝီစကီသောက်ပြီး လူမှုရေးညံ့ဖျင်းသူ
သူ ... နောက်ဆို
ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်တော့ဘူး
ဇာတ်လမ်းကတော့ ဒါပါပဲ။

ဟန်သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Apr 1, 2014

တစ်ယောက်နဲ့ တစ်ယောက်

တစ်ယောက်နဲ့ တစ်ယောက် နစ်နာဖို့မဟုတ်ပေမယ့်
တစ်ယောက်နဲ့ တစ်ယောက် အချစ်မဟုတ်တဲ့ အချစ်တွေနဲ့
တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားများ မပါခဲ့
တစ်ယောက်နဲ့ တစ်ယောက် တို့ ချစ်ခဲ့ကြတယ်။
တစ်ယောက်နဲ့ တစ်ယောက် အငမ်းမရပေမယ့်
တစ်ယောက်နဲ့ တစ်ယောက်ရမ္မက်ချည်းသာ ဆန်တဲ့
တစ်ယောက်နဲ့ တစ်ယောက် တို့နမ်းတဲ့ အနမ်းတွေဟာလည်း
တစ်ယောက်နဲ့ တစ်ယောက် တို့နှုတ်ခမ်းတွေ သွေးရောင်ကင်းမဲ့ ဗလာပဲ
နည်းနည်းတော့ ကြေကွဲဖို့ကောင်းတယ်။
တစ်ယောက်နဲ့ တစ်ယောက် လှည့်ဖျားဖို့မဟုတ်ပေမယ့်
တစ်ယောက်နဲ့ တစ်ယောက် ကတိမဟုတ်တဲ့ ကတိစကားတွေနဲ့
တစ်ယောက်နဲ့ တစ်ယောက် မုသားတွေချည်း နှောင်ဖွဲ့
တစ်ယောက်နဲ့ တစ်ယောက် တို့ ချည်ထားခဲ့ကြတယ်။
တစ်ယောက်နဲ့ တစ်ယောက် မဆန်းလှပေမယ့်
တစ်ယောက်နဲ့ တစ်ယောက် ပြိုလဲခဲ့ရတာပါပဲ
တစ်ယောက်နဲ့ တစ်ယောက် သတိမထားမိကြခင်မှာပဲ
တစ်ယောက်နဲ့ တစ်ယောက် အချစ်ကလေးရေ
တို့ လမ်းခွဲကြတာ ကောင်းတယ်။

၁၉၉၉။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 24, 2014

ဆီးချိုသီးများ ရှိတယ်

ဤသို့ဖြင့်
ဘဝတွင် ချိုမြိန်သောသူများအတွက်
ဆီးချိုသီးများ အမြဲရှိသည်ဟု
မှတ်သားခဲ့ရဖူးပေသည်။
ဟောဒါ အရင်းကျမ်းကို တွေ့ရှိခဲ့သူ 'ားလ်မတ်စ်'
ဒါ 'ရော့စတီးဝဒ်' ရမ္မက်အကြောင်း သီချင်းဆိုသူ
သူက ပန်းနုရောင်၊ ရွှေအိုရောင် 'ဒဂုန်တာရာ'
သူက အပြာရောင်စီးသူများ ပန်းချီဂိုဏ်းဝင် 'ကင်ဒင့်စကီး'
သူကိုယ်တိုင် သဘာဝတရားပါလို့ ရဲဝံ့စွာ ကြွေးကြော်ရဲသူ 'ဂျက်ဆန်ပူးလော့'
သူကတော့ ချင်းတွင်းမြစ်ကမ်းဘေးက ရိုးရိုးသားသား
ရေကြည်သမားလေး
သူက အခုအချိန်အထိ အနုပညာနဲ့ ကျော်ကြားမှုကို
ငွေနဲ့ ဝယ်နေရသေးသူ
သူကိုယ်တိုင် အနုပညာပုံစံတစ်ခုအဖြစ် နာမည်ကြီးသူ 'အင်ဒီဝါးဟိုး'
'မာဆယ်ဒူးရွှန့်' ဒါဒါအနုပညာဝါဒရဲ့ အရှင်သခင်
ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီး၊ အနိဌာရုံများ၊ စစ်ပွဲများ
နံရံများကို ဖွဲ့နွဲ့တင်ပြတဲ့ 'ပင့်ဖလွိုက်'တေးဂီတ
ဤသို့
ဤသို့ဖြင့် ဆီးချိုသီးများသည်
ဘဝတွင် အမှန်တကယ် ချိုမြိန်သူများအတွက်
ဖြစ်ခဲ့ရပေသည်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 23, 2014

ဒေါက်တာခမ်းလိတ်မှ သိမယ်

ကက်ဆက်ခလုတ်ကို ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ်ကို
နောက်ကို ပြန်ရစ်တယ် . . .
ဒါဟာ အလုပ်ပဲ
ဒါတွေကို ဒေါက်တာခမ်းမလိတ်မှ သိမယ်
ဆဒ္ဒန်ဆင်မင်း အကြံနဲ့
ဘဝမှာ ဉာဏ်ပညာကြီးမားခဲ့ပေမယ့်
ကံနဲ့ စားရသူတွေထဲမှာ
ကိုယ်တစ်ယောက် မပါခဲ့
ငွေဆိုတာ ပိုက်ဆံနဲ့ရှာမှ ရတယ်
ဒါတွေကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ပေးကား ပေး၏ မရတဲ့
မုတ်သုန်လေ မြောက်ပြန်လေတို့ထက်လည်း
အချိန်မှန်ခဲ့ရ
ထိုက်တန်တာထက်လည်း ပိုပြီး ရင်းနှီးခဲ့ရ
ဘဝရဲ့ လှည့်ကွက်တွေကြား
အနယ်ထိုင်အောင် စောင့်ခဲ့ပေမယ့်
ချယ်ရီပင်အောက် အခုချိန်ထိ
ရောက်မလာခဲ့သူ တစ်ယောက်အကြောင်းကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ကက်ဆက်ခလုတ် ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ် နောက်ကို ပြန်ရစ်တယ်
ဒါဟာ သီချင်းတစ်ပုဒ်ပဲ
ဒါ . . . ဒေါက်တာခမ်းမလိတ်မှ သိမယ်။

ဖက်ရှင်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 22, 2014

မှတ်တမ်းမှတ်ရာများအရ

မှတ်တမ်းမှတ်ရာများအရ     မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံမှာ
                                        'ဒေါက်တာဇီဗားဂိုး' ဇာတ်ကား ရုံတင်တဲ့နှစ်က
                                        သူ့ကို မွေးပါတယ်။
မှတ်တမ်းမှတ်ရာများအရ     (ရေနံချောင်း) ကုန်းစောင်းရွာကလေးမှာ ရုပ်ရှင်ရုံ
                                        ကောင်းကောင်းမရှိရှာခဲ့ဘူးလို့ တချို့က
                                        ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     ကဗျာဆရာ 'မောင်ချောနွယ်'ဟာ ကျွန်တော်တို့
                                        ခေတ်ရဲ့ 'ပုသျှကင်'ပါလို့ တင်စားခံရသူဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဖော်ဝေး'သာ သက်ရှိထင်ရှား ရှိနေသေးရင်
                                        မြန်မာ ကဗျာလောကဟာ
                                        တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အသက် ၂၀ အရွယ်မှာ
                                        မန္တလေး ပန်းချီပန်းပုကျောင်းကို ရောက်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဒါဒါဝါဒ' 'မာဆယ်ဒူးရွှန့်'နဲ့ 'ဂျက်စ်ပါဂျွန်'တို့ရဲ့
                                        အနုပညာဖန်တီးမှုကို သူကြိုက်တယ်။
မှတ်တမ်းမှတ်ရာများအရ     ဒီနှစ်ဟာ လွတ်လပ်ရေးရတာ
                                        နှစ် ၆၀ ပြည့်နှစ် ဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ ၈ နှစ်သားအရွယ်မှာ တော်လှန်ရေးကောင်စီ
                                        အစိုးရ တက်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အကြိုက်ဆုံးက 'မန်ချက်စတာယူနိုက်တက်'
                                        ဘောလုံးအသင်း ဖြစ်ပါတယ်။ (မန်ယူရှုံးတဲ့ညဆို
                                        သူ အိပ်မပျော်ဘူးတဲ့)။
မှတ်တမ်းမှတ်ရာများအရ     သူ့ဘဝမှာ ချစ်သူ ၄-၅ ယောက် ထားခဲ့ဖူးတယ်တဲ့။
မှတ်တမ်းမှတ်ရာများအရ     အဲဒီထဲမှာမှ ကျွန်တော့်အနမ်းဟာ စွဲမက်စရာ
                                        အကောင်းဆုံးလို့ ပြောတော့
                                        တော်တော်နားထောင်လို့ ကောင်းပါတယ်။
                                        တကယ်တော့ မှတ်တမ်းမှတ်ရာများဟာ
                                        မှတ်တမ်းမှတ်ရာမျှသာ ဖြစ်ပါတယ်။

၆၊ ဇန်နဝါရီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 21, 2014

ဗလာ လေဟာနယ်များ

ဘာမှ စဉ်းစားမထားတဲ့ ဦးနှောက်ထဲမှာ
အနုပညာတစ်ခုခု ရှိလိမ့်မယ် သူထင်ပြီး
ဘာမှရေးမထားတဲ့ ရွက်ဖျင်ကင်းဘတ်စ်စထဲမှာ
ပို့စ်မော်ဒန်အယူဝါဒတစ်ခု ရှိမယ် သူထင်တယ်
ဘာမှခံစားချက်မရှိတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ
အချစ်သီချင်းစာသားတချို့ ရှိမယ် သူထင်တယ်
ဘာမှတိတ်သားမပါတဲ့ စီ ဇီးရိုးခွေအလွတ်ထဲမှာ
ဘလူးစ်တေးသွားတစ်ခု ရှိမယ် သူထင်တယ်
ဒီလိုနဲ့ သူ့ကိုယ်သူ
နေကာမျက်မှန်အမည်းတစ်လက် တပ်ဆင်ထားတဲ့အခါ
ကွယ်လွန်သွားတဲ့ ကဗျာဆရာ မောင်ချောနွယ်အတုလို့ထင်ပြီး
ကဖီးဆိုင်တစ်ခုထဲ သူ့ကိုယ်သူ
ကြယ်သီးတပ်ထားတဲ့ စကားတွေအများကြီး ပြောနေချိန်မှာတော့
ကမ္ဘာပေါ်က၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံး
ရော့ခ်ဂီတသမားတစ်ဦးဦးနဲ့
ဆင်ဆင်တူသူပေါ့။

၂၄၊ ဇူလိုင်၊ ၂၀၀၃။
အလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 20, 2014

ကျွန်တော့်အခန်း

ကျွန်တော်
ကျွန်တော့်အခန်းကို ပြန်ရောက်တော့
ပို့စ်ကဒ်တစ်ခု တွေ့ရတယ်
ဖန်တုံးတစ်ခုထဲမှာ အကျဉ်းချခံထားရတဲ့
ခရမ်းရောင် နှင်းဆီပန်းတစ်ပွင့် တွေ့ရတယ်
ပန်းအိုးများထဲမှာမှ
သူမရဲ့ သတိရခြင်းကို တွေ့ရတယ်
နောက်
အချစ်သီချင်း ကက်ဆက်ခွေတစ်ခွေ
သံယောဇဉ်နဲ့ ရက်လုပ်တဲ့
စကော့တလန် ရှပ်အင်္ကျီအကွက်တစ်ထည်
တွေ့ရတယ်
အိပ်ရာပေါ်မှာ ခပ်ငွေ့ငွေ့ ကျန်နေသေးတဲ့
သူမရဲ့ ကိုယ်သင်းရနံ့ကို တွေ့ရတယ်
နောက်တော့
သူမဟာ
အခန်းထဲမှာ ကျွန်တော့်ကို တစ်ယောက်တည်း
ပစ်ထားခဲ့တယ်
ကြေကွဲခြင်းတွေနဲ့

၇၊ ဖေဖေါ်ဝါရီ၊ ၁၉၉၇။
ရွက်နုဝေမဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 19, 2014

အမေ

ရေငွေ့များများ ဇူလိုင်လ
တိမ်ထူထူ တစ်နေ့မှာ
ဟိုး တောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေ မသိတာတွေ အများကြီးနဲ့
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေက တောသူ
ရိုးအတယ်
သူ့သား ခဏခဏ အသည်းကွဲတတ်တာ အမေ မသိဘူး
ကန္တာရလမင်း စီးရီးပေါက်တာ မသိဘူး
ဟယ်ရီလင်းကို မသိဘူး
ဂန္တဝင်မြောက် အိမ်အပြန်ထဲက သူ့သားရဲ့အသံကို မသိဘူး
လက်ဖက်ရည်ဆိုင်ထဲက ကောင်မလေးကို ဆယ်နှစ်တိတိ ချစ်ခဲ့ရပြီး
ပြန်အချစ်မခံရတာလည်း မသိဘူး
လမ်းပေါ်က ကောင်မလေးနဲ့လည်း သံယောဇဉ်တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သား သူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကိုကို မသိဘူး
အမေက ဂီတကို မသိဘူး ဒါပေမဲ့
ဆိုနီ စတီရီယိုကက်ဆက်တစ်လုံး ငါ့ကို ဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး ဒါပေမဲ့
ကင်းဘတ်စ်နဲ့ ဆေးတွေ ငါ့ကို ဝယ်ပေးရဲ့
အမေက သောကကို မသိဘူး ချစ်ခြင်းမေတ္တာ အလျှံပယ် ငါ့ကိုပေးရဲ့
ငါ ပြန်မပေးနိုင်တာအားလုံး အမေ ငါ့ကိုပေးရဲ့
ရေငွေ့များများ ဇူလိုင်လ၊ တိမ်ထူထူတစ်နေ့မှာ
ရိုဂျာဝါးတား၊ မဂ္ဂဇင်းဂေါ်ကီ၊ ဦးသုခ
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးလ်ကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါ ပြန်ရမှာမဟုတ်တဲ့ အမေ့ကို
ငါ ဖွဲ့ဆိုဖြစ်ရဲ့။

ဇူလိုင်၊ ၁၉၉၉၊ သွားလေသူ အမေသို့ . . .
ဇူလိုင်၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 18, 2014

မကျင်းပဖြစ်သော မွေးနေ့များ

အချစ်တဲ့ . . .
ကော်ဖီမစ် တစ်ခွက်စာပင်
ရင်ခုန်စရာ မကောင်းခဲ့
ဖြူစင်ချင်လို့ . . . တဲ့
ဘာကြောင့်များ သူမ
ငါ့ဘဝတစ်ခုလုံး ရှုပ်ထွေးနောက်ကျိခဲ့ရလဲ
ဒီလိုနဲ့
ကျွန်ုပ်ထံမှ အချိုရည်များ ကုန်ဆုံးပြီဟု
သူတို့ဘာသာ သူတို့
နောက်ဆုံး ယူဆပြီးချိန်မှာပဲ
သူတို့ဘာသာ သူတို့ နောက်ဆုံး
ထွက်ခွာသွားကြရဲ့
ဝဋ်ရှိလို့ပါ
လူတကာရဲ့ လက်ညှိုးနဲ့ တံတွေးတွေထက်
ကိုယ် မင်းကိုချစ်တယ်
ဘာတစ်ခုမှ မမှားခဲ့ကြတာက လွဲလို့
ဘာတစ်ခုမှ မမှန်ခဲ့တာ တစ်ခုပါ
မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲ
တော်လ်စတွိုင်းရဲ့ ဇာတ်ကောင်လို သင်
နေထိုင်ခဲ့ဖူးပါသလား
တစ်ခါက
ပင်လယ်ရေမျက်နှာပြင်ထက် ခပ်မြင့်မြင့်
ထင်းရှုးနံ့၊ ယူကလစ်နံ့တွေနဲ့
သူမရဲ့ ကိုယ်သင်းနံ့နဲ့လည်း တူတဲ့
မြို့ကလေးရဲ့ တောင်ကုန်းအနိမ့်အမြင့်များအတိုင်း
သူရဲကောင်း ဘီးကိုစီးလို့
ခုတော့လည်း . . . အားလုံး
ပြီးဆုံးသွားခဲ့ပါပြီ
ဒီလိုနဲ့
ဒီလိုပါပဲ မိတ်ဆွေ
(ဘဝဆိုတာ)
ခင်ဗျားတို့ ကျွန်တော်တို့ မစိုက်ပျိုးနိုင်ခဲ့တဲ့
ဗင်းဆင့်ဗန်ဂိုးရဲ့
အဝါရောင် နေကြာပန်းများဟာလည်း
ဟိုး . . . နေရာတော်တော်များများအထိ
လှပနေကြဦးမှာပါဲ . . .

၁၊ ဧပြီ၊ ၂၀၁၂။
ဗြူတီမဂ္ဂဇင်း၊ မေ၊ ၂၀၁၂။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 17, 2014

တနင်္လာနေ့ရဲ့ပုံတူ

မဖွင့်တာကြာပြီး ဖုန်တက်နေတဲ့
ဘီတဲလ်ဓာတ်ပြားအဟောင်း တစ်ချပ်
ဗီရိုအံဆွဲထဲမှာ . . .
ဖြစ်နိုင်ရင်
မျက်စိမှိတ်ပြီး အိပ်ပျော်နေရင်တောင်
ပိုက်ဆံတွေ လှိမ့်ဝင်နေသေးတဲ့
ဘီလ်ဂိတ်လို သူဌေးလည်း ဖြစ်ချင်တယ်
လူတိုင်း . . .
ကုန်ကျစရိတ် ခပ်နည်းနည်း
အတွေးအခေါ် ခပ်ရဲရဲနဲ့
စိတ်ကြီးဝင်သင့်တာပဲပေါ့
ဟာဗျာ . . . မဟုတ်တာ . . .
ဟာဗျာ . . . အနည်းဆုံး
ပေါလ်မက္ကာတနီ ရခဲ့တဲ့
အနုပညာကြေားမျိုးတော့
ခင်ဗျားလည်း ရသင့်သူပေါ့်
ဟာဗျာ . . .
ချက်နိုင်ငံသူ
ကိုယ်နဲ့ နက္ခတ်ချင်းလည်းတူတဲ့
ကယ်ရိုလိုင်းနားကာကိုဗာဆိုတဲ့
မော်ဒယ်လ်ကောင်မလေးနဲ့လည်း လက်ထပ်ချင်သူပါ။
ယခင် တနင်္လာနေ့များအတိုင်း
ဒီနေ့လည်း . . .
ဆားစ်ရောဂါနဲ့ ဘဂ္ဂဒက်စစ်ပွဲဟာ ရုပ်မြင်သံကြားပေါ်မှာ
ရှိနေဆဲပါပဲ။
ဆယ်စုများ တစ်ခုပြီး . . . နောက်တစ်ခု
၃၃ လမ်း ရွှေတူးသမားများအိပ်မက်
ကမ္ဘာမြေ တစ်နံတစ်လျား လတ်ဆတ်
မွှေးပျံကြပါစေသတည်း။

ဖက်ရှင်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 16, 2014

ဆေးရှူတဲ့မောင်

လမ်းပေါ်မှာ ငါတို့ တုန်တုန် တုန်တုန်
မြေပြိုမှာကြောက်သလိုမျိုး တုန်တုန်
ရာသီဥတုက
"နွေကြီးတော့ နွေနိုင်
မိုးကြီးတော့ မိုးနိုင်" စကားပုံထပ်တိုးရမလို
မိုးကြီးခဲ့တယ်။
မိုးကြီးတော့ ရန်ကုန်မြို့တော်မှာ
ငါတို့တွေ ခြေအေး
ငါတို့တွေ ဝမ်းယောင်
ငါတို့တွေ ချောင်းဆိုး
ငါတို့တွေ ရင်ကြပ်
ဒါကြောင့် 
ငါတို့ဆေးရှူ  VINTOLIN ရှူရတယ်။
ဒါကြောင့်
ဆေးရှူတဲ့မောင်။
ဘယ့်နှယ့် မကြီးမငယ်
ဆေးရှူတဲ့မောင်။
ဒီမလေ
ဆေးရှူတဲ့မောင်
လာပြီမောင်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 15, 2014

"၂၀၁၁" သို့

သတိရနေပါလိမ့်မယ်
သတိရနေပါစေ
သတိရစရာတါေ သတိရပါစေ
တစ်ခါတစ်ရံ ဟုတ်ရဲ့လား
"ဒါဟုတ်ရဲ့လား" ဆိုသလို
ဆိုသလိုပေါ့လေ
သတိရနေပါလိမ့်မယ်။
ငါတို့ရှိနေခဲ့တာလည်း သတိရဖို့ဆိုသလို
ငါတို့ကလည်း သတိရနေပါတယ်
သတိရနေပါတယ်
သတိရနေပါလိမ့်မယ်ပေါ့။
သတိရနေပါလိမ့်မယ်
ငါတို့ရဲ့လမ်းများသို့
အိမ်နံပါတ် (၄၁) သို့
သတိရနေပါလိမ့်မယ်
ဆင်ခြင်တုံတရားအပြင် မဆင်ခြင်နိုင်တာ
သတိရနေပါလိမ့်မယ်
တစ်ခါတစ်ရံ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရတာအတွက်
သတိရနေပါလိမ့်မယ်
တစ်ခါတုန်းက ခုံပုလေး
တစ်ခါတုန်းက ဝရန်တာ
သတိရနေပါလိမ့်မယ်
သူ့ကိုယ်နံ့ပြင်းပြင်း
သတိရနေပါလိမ့်မယ်
စိတ်လွှင့်ဖို့
စိတ်ထိန်းဖို့
သတိရနေပါလိမ့်မယ်
သတိရနေပါလိမ့်မယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 14, 2014

ကမ္ဘာကြီးအကြောင်း

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။

တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး?

ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။

သူတို့အလုပ်က
တော်တော်လည်းဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။

ကျွန်တော်ဟာ သာမန်ပြည်သူ
ကဗျာတို၊ စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ရေးနေတဲ့
ကဗျာရေးသူပါ။

ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသော ကမ္ဘာကြီးသာ
တောင့်တပါ၏။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 13, 2014

နည်းနည်း

မများပါဘူး
စားစရာနည်းနည်း
သောက်စရာနည်းနည်း
ပိုက်ဆံနည်းနည်း။
နည်းနည်းပါပဲ
မများပါဘူး။
အဲဒီ ငါတို့နည်းနည်းဟာ
များနေသတဲ့
ဘယ်လိုလုပ်မလဲ
များနေသတဲ့
ဒုက္ခပါပဲ
များနေသတဲ့။

အသက်ရှူဖို့ နည်းနည်း
အသက်ရှင်ဖို့ နည်းနည်း
အချစ်မရှိ နည်းနည်း
အလိုမရှိ နည်းနည်း
နည်းနည်း
နည်းနည်းပါပဲ တော်ပါပြီ။

သင်တို့မလိုတဲ့ နည်းနည်း
နည်းနည်း နည်းနည်း။

လက်ပေါ်အလိုလို
ကြွေကျသလို နည်းနည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 12, 2014

ဒုံးပျံစီးသူ

ပါခဲ့သေးလား
ပြတ်ကျကျန်ခဲ့လား
ရိန်းဂျားလော်ရီကားကြီးစီးခဲ့တယ်
ဒုံးပျံကိုဖက်စီးသလို။

ဒုံးပျံကိုဖက်စီးခဲ့တယ်
ရိန်းဂျားလော်ရီကားကြီးစီးသလို
ကျင်းများ ချိုင့် (ဂျိုင့်) များ
ချောက်များပေါ် လိမ်လိမ်လူးလူး။

ငါ့မြို့သစ်ရဲ့ ရှေ့ဆုံးနေ့များ
အာကာသသူရဲကောင်းပမာ ငါ့ကိုယ်ငါသွေးမြောက်မိ
ရိန်းဂျားလော်ရီကားကြီးစီးခဲ့တယ်။
ဒုံးပျံကို ဖက်စီးသလို။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 11, 2014

[မြန်မာမှာ ပြဿဒါးလို့ခေါ်တဲ့နေ့လားမသိ] 'အဲဒီနေ့'

အဲဒီနေ့တိုင်း ဆုံကြမယ်ပြောပြီး
အဲဒီနေ့တိုင်း မရောက်ခဲ့တဲ့ ချိန်းဆိုချက်နေ့
မိုးကြီးမှောင်နေအောင်သည်းနေစဉ်
မိုးကာ၊ အနွေးအင်္ကျီ၊ ထီးကြီးကြီးဆောင်း
ရေလုံလည်ရှည်ဖိနပ်စီးပြီး
ကူညီသူတစ်ယောက်
ရောက်လာလိမ့်မယ်လို့
စိတ်ကူးယဉ်နေသူတစ်ယောက်သာ စိတ်ကူးယဉ်နေတဲ့
အဲဒီနေ့။

အဲဒီနေ့မှာ
မင်္ဂလာဆောင်မရှိ
အဲဒီနေ့မှာ
တနင်္ဂနွေမရှိ။
အဲဒီနေ့မှာ
အဲဒီနေ့မရှိ။
အဲဒီနေ့မှာ
နိုင်ငံခြားငွေလာဖို့မရှိ။

အဲဒီနေ့မှာ
ငါက သူ့ကိုကြည်မရဘဲ
သူကလည်း ငါ့ကိုကြည့်မရတဲ့
အဲဒီနှစ်ယောက်သာ၊ တစ်စားပွဲစီ ထိုင်နေတဲ့
အဲဒီနေ့။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 10, 2014

အခြားကဗျာဆရာတစ်ယောက်သို့

ဝမ်းနည်းဖွယ်ရာတွေတွေ့တော့
စာမျက်နှာကျော်ပြီးလှန်ခဲ့တယ်။

သူတို့ကလိုအပ်လို့
ငါတို့က မလိုအပ်လို့
ဖြစ်ခဲ့မယ်၊ ပျက်ခဲ့မယ်၊ ခြားခဲ့မယ်၊ ခံစားရမယ်
ငါတို့မှာငြင်းလို့မရ။

ငယ်ရွယ်ချင်တယ်
ငယ်ရွယ်လို့မရတော့ဘူးမဟုတ်လား။

အချစ်ရေးဆိုတာမျိုး
ရှုပ်ထွေးလို့ရနိုင်သေးလို့လား။

ဒီစာမျက်နှာမှာ ပျော်စရာတွေ
ထားခဲ့ချင်သလို
ဒီစာမျက်နှာပေါ်မှာ ငါဟာအကောင်းများများ
မထားခဲ့နိုင်ဘူးဆိုတာ
အခု၊ ဖတ်နေရပြီ
ဖတ်နေရပြီမဟုတ်လား။

လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။

ပိုကောင်းအောင်
အခြားကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။

ကောင်းပါစေ
ပိုကောင်းပါစေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 9, 2014

စားပွဲကလေးခင်း ဖုန်းဆိုင်ဖွင့်ထားပြီး

ဖုန်းဆိုင်မြင်တော့ တက္ကစီထိုးရပ်တယ်
အရေးကြီးတဲ့ စာရွက်စာတန်းတွေ မေ့ကျန်ခဲ့လို့
အိမ်ကိုဖုန်းဆက်မှာမလို့၊ တစ်ယောက်ယောက်ယူပြီး
လိုက်လာခဲ့ပါ။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
မိအိုဖအိုကြီးနှစ်ပါးကို ရှာကျွေးနေသူ၊ ခလေးမ
ဖုန်းပြောမယ်။ အရေးတကြီးဘဲ
ခြေတောင်အောင်ရပ်စောင့်တယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
သတင်းစာထဲမှာပါတယ်....တဲ့။ အဲဒါသိရရင် ငါ့အတွက်
လမ်းတစ်ခုပွင့်သွားမယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆို်ငဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ငါမနက်ဖြန် မန္တလေးရောက်မှဖြစ်မယ်။
လက်မှတ်က....။
ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 8, 2014

မုန်းတော်မူ

ငါတို့ကြိုက်ခဲ့တာတွေ
မကြိုက်ကြတော့ဘူး
မကြိုက်တော့ဘူး
မကြိုက်တော့၍ ကြိုက်ပါလို့ပြောလို့မရ
ပြောလို့မရတော့တဲ့အခြေ။

ငါ့ကြက်ဟင်းခါးတွေ
ငါ့ပေါင်မုန့်မီးကင်တွေ
ငါ့ဤလူ့ဘောင်တွင်တွေ
ငါ့ Bjork တွေ
ငါ့မေရှင်တွေ
ကုန်ပြီ။

အထက်ပါအရာတွေ အထက်ပါပုဂ္ဂိုလ်တွေ
ငါအားနာမိပါတယ်။

ငါ့ကို မကြိုက်တော့
ငါ၌ပင်မဆုံး၊ ငါ့ကဗျာကိုမုန်းသတဲ့။

မုန်းတော်မူ
မုန်းတော်မူပါတော့....
အမုန်းစုံလင်လှပါသဖြင့် မရုန်းတော့ပြီ
မုန်းတော်မူ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 7, 2014

တေး

[တေးသက်သက်မျှ]

ဒီအရွယ်ရောက်မှ
ဒီတေးဆိုရမယ်
ဒီတေးကိုဆိုခဲ့
ဆိုတော့။

မသိနိုင်တော့ပါဘူး
သိခဲ့တယ်ထင်ခဲ့တာတွေ
မြစ်ရေတွေ
မြစ်ရေချိုးခဲ့တာတွေ။

သစ်ပင်ကိုဓားနဲ့ထစ်မှတ်ခဲ့လဲ
သစ်ပင်ဟာ မရှိတော့ပြီ။

လက်ထဲမှာ
တစ်ပြားမှမကျန်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 6, 2014

ဇာတ်သမား

ငါတို့ရထား
ငါတို့နှစ်များ
ငါတို့ဘုရား
ငါတို့ဒေဝဒတ်
ငါတို့သိကြားမင်း
ငါတို့အချင်းချင်း
ငါတို့အသီးသီး
ငါတို့
လက်ညှိုးတစ်ထောင်
လည်ဆွဲကုံး
ငါတို့လင်းယုန်
ငါတို့တာရာ
ငါတို့မေခလာ
ငါတို့ဇူဇကာ
ငါတို့လီယာမင်းကြီး
ငါတို့ရောက်ပြီးသောနေရာ
ငါတို့မသိသောအရာ
ငါတို့အဆန်
ငါတို့အပြန်
ငါတို့စာသူငယ်ကြား
လဒနားသကဲ့သို့
ငါတို့နဲ့သူတို့
ဟောဒီမျက်မြင်ကြမ်းပြင်မှာ
ငါတို့။
ငါသည်ပင်လျှင်
သဘင်သည် ဇာတ်သမား ဖက်ခွက်စား
ငါဖာတ်က, နေသတတ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 5, 2014

ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့

အနိစ္စပဲ၊ အနတ္တပဲ
သင်္ခါရပဲ
ဓမ္မပဲ။

အဲသလို ငါအဘိုးကြီးဖြစ်လာ
ခါးကိုင်းလာ
မျက်စိသီလာ
ဒါငြင်းဆန်လို့မရဘူးလေ။

ဒီမှာတင်မရပ်ဘဲ မတော်မတည့်
ငါစဉ်းစားမိ။

ဂါးလီးဗားတို့
ကိုလံဘတ်တို့ ဘာတို့လဲ
ဒီအရွယ်မှာ ဒီလိုဖြစ်မှာမလွဲ။

အရေးထဲငါ့မှာမျက်မှန်ပေျာက်ခဲ့။

ဒီတော့တစ်ခါ
ငါဆက်စဉ်းစားပြန်ခဲ့
ဂါးလီးဗားရော၊ ကိုလံဘတ်ရော ငါ့လိုပဲ
သူတို့လည်း နမော်နမဲ့
မျက်မှန်ပျောက်ခဲ့ဖူးမှာပဲ
ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့
မျက်မှန်ပျောက်ခဲ့တယ်။

ငါတို့မျက်မှန်ပျောက်ခဲ့
ကမ္ဘာထဲမှာ ကမ္ဘာပျောက်ခဲ့။ ။

အောင်ချိမ့်

အံ့သြစရာပဲ။ ၁၊ ၁၁၊ ၂၀၀၇ တဲ့။ စာရွက်အဟောင်းတစ်ရွက်မှာ ရှုပ်ယှက်ခတ်နေတြ့ အထက်ပါ စာမူအကြမ်းကို တွေ့ရှိ။ ကြိုက်သလိုလိုရှိတာနဲ့ ဖြတ်သင့်တာ ဖြတ်။ ဖြုတ်သင့်တာ ဖြုတ်၊ ဖြည့်သင့်တာဖြည့်ပြီး ကဗျာတစ်ပုဒ်လုပ်။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ။

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 4, 2014

ထိုနောက်

တေ ဇ သု နေ မ
ဘူ စံ နာ ဝိ ဝေ
တေမိအစ
ဝေသန္တရာအဆုံး
ငါတို့ ဖတ်ခဲ့ရပါတယ်။

ဟိုးတစ်နေ့က
တစ်နေ့က
မနေ့က
ငါတို့ဖတ်ခဲ့ရပါတယ်။

ငါတို့နေခဲ့ရ
ငါတို့မနေလို့မရ
ငါတို့နေခဲ့ကြ
ငါတို့ဖတ်ခဲ့ရပါတယ်။
ထိုနောက်
ခေတ်များ၊ ခေတ်များ
ခေတ်များ၊ ထိုနောက်
မီးရထား
ငါတို့ဖတ်ခဲ့ရပါတယ်။
ငါတို့ဖတ်ခဲ့ကြပါတယ်။
ဝဋ်ရှိသလို
ငါဇွဲသန်ခဲ့ပါတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 3, 2014

ရာဇဝင်မူးသူ

လမ်းအကျယ်ကြီးနဲ့
သစ်ပင်အကြီးကြီးများနဲ့
သံဇကာ တစ်ထပ်
ခြံစည်းရိုး တစ်ထပ်
ရုပ်ပုံများပဲ တင်ထပ်လာခဲ့တာ
တစ်ခါတစ်ရံ ငါမြင်ရ ငါကြားရ။
နီလျက်၊ ရဲလျက်။
ကြီးကျယ်လျက်။
အိန္ဒြေကြီးလျက်။
အသံမြည်လျက်။

ဒေါင့်က သတင်းစာတိုက်ဟာ
'သူရိယ' သတင်းစာတိုက်ပါလား။

အာဏာရှင်လှရွှေ၊ ဒေါက်တာလှရွှေ၊ သူ့အသံ
ဒဂုန်တာရာ သူ့စာဟန်
တစ်ဖန်၊ မြင်းခွာသံ
တစ်ဖန်၊ ဗိုလ်ချုပ်အောင်ဆုံးတို့ ကျဆုံးခဲ့ပြန်
တစ်ဖန် ....
၁၉ .... ဇွန်လသို့ရောက်ခဲ့ပြန်။

ရာဇဝင်နားကပ်လျက်
ငါထိုင်မိခဲ့
ကော်ကုလားထိုင်နဲ့ ငါထိုင်မိခဲ့။
၁၉၁၂ သည် ရောက်ရှိခဲ့။

ယူကြမလား
အိပ်မက်လိုလို တကယ်လိုလို
တကယ်က ရာဇဝင်ပါတကား
အလို သင်ယုံပါရဲ့လား။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 2, 2014

သန်းအုန်းအတွက်ကဗျာ

အသက်ရှူမဝရာမှ
အသက်ရှူမရာရာမှ
မင်းလွတ်ထွက်သွားပြီပေါ့
မင်းသက်သာရာရခဲ့ပြီပေါ့။

ဖိုးပုရေ၊ ခွေးပုရေ
ဘာကိစ္စအရေးကြီးလို့ ဒီလောက်မြန်မြန်ထွက်သွားခေျ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 1, 2014

အာလပ သလ္လာပ

ငါတို့ကြည့်ကြရမယ်
ကိုယ့်ရုပ်ကိုယ်ကြည့်ကြရမယ်
မှန်ကြည့်ရမယ်
ခွတီးခွတကို ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
သမိုင်းရာဇဝင်ကိုကြည့်ရမယ်
"အလှအပလေးများသည် လူကိုနုပျိုစေသည်တကား"ကို ကြည့်ရမယ်
ကမ္ဘာ့မြေပုံကို ခါးထောက်ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
လူကိုကြည့်ကြရမယ် (တချို့ကတော့ 'မူ' ကိုပါကြည့်ရမယ်ပြောတယ်)
အရင်းရှင်စနစ်ကောင်းလာလို့လားလို့ ကြည့်ရမယ်
ရှားလော့ဟုမ်း ဆေးတံကိုကြည့်ရမယ်။

အင်း၊ မသေချာဘူးထင်ရင်တော့
ဗေဒင်လေးဘာလေးကြည့်ပေါ့လေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 28, 2014

မုန့်ကလေး ၂ ခု

တစ်နေ့လုံး လက်ကျန်
တစ်နေကုန် အငြင်းပယ်ခံထားရဟန်တူရဲ့
စမူဆာသေးသေးလေးနှစ်ခု
သနားကမား သနားစရာလေး
ငါ့ရှေ့ မုန့်ပန်းကန်ထဲမှာ
အဲဒါ သနားတာနဲ့
ဇပ်ဇပ်ဆို ငါစားပစ်လိုက်တယ်
စားပစ်လိုက်တယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 27, 2014

အကြောင်းချင်းတ

သားသမီးဖြုန်းတီးဖို့
ပိုက်ဆံရှာပေးနိုင်တဲ့ မိဘလိုတဲ့
ဝမ်းမြောက်ဝမ်းသာဖြစ်သတဲ့
အင်းလေ၊ ဝမ်းသာပေါ့။

ဥပမာက
ကောင်းသားပဲ။

တကယ်က
အဖြစ်အပျက်က
အဲသလောက် ဟုတ်လို့လား

ဒီဒွန္ဒယာကြီးမှာ
ဒီလိုလည်း ရှိချေသေးသကိုး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 26, 2014

မတွေ့ကြတော့ဘူးလား တစ်ယောက်နဲ့တစ်ယောက်

မိုးရွာလာပြီ
မိုးရွာလာတော့
မိုးရွာတဲ့အခါ
မိုးအမည်နဲ့မိန်းကလေးလို
မိုးရွာတဲ့အခါ
ပန်းများ၊ လမ်းများ၊
ရေပေါက်များ၊ ရေစီးများ
အခန်းစည်းလွင့်လွင့်များ
ပြတင်းပေါက်များ
ပြတင်းပေါက်မှမြင်ရသော ကုန်စုံဆိုင်လေး
ရှေ့နားဓာတ်တိုင်
ဓာတ်တိုင်နားမှာ
ထီးတစ်လက်၊ အဲဒီထီးတစ်လက်အနီး
အခြားထီးများ
အခြားဘဝများ
ဘဝများအညိုရောင်၊ ဘဝများအနီရောင်
ဘဝများအရောင်စုံစုံ
မိုးဟာနှေးနှေး
မိုးဟာဖြေးဖြေး
မိုးဟာတိတ်မည့်အရောင်ဝေးဝေး
မပါသေးတဲ့အနာဂါတ်
မလာသေးတဲ့အနာဂါတ် မိုးရေစပ်စပ်မှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက် မကြားရာ၊ မြမြင်ရာ
ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက်အဝေးကြီးမှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက်
ထိုနောက်၊ မတွေ့ကြတော့ဘူးလား တစ်ယောက်နဲ့တစ်ယောက်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 25, 2014

ကမ္ဘာထဲမှာ

ငါတို့ဟာ အမြဲ ချစ်ရေးဆိုခဲ့သလို
ငါတို့ဟာ အမြဲ အငြင်းပယ်ခံခဲ့ရသလို
အောင်ပွဲနဲ့ အောင်မြင်မှုနဲ့ ငါတို့နဲ့
အဲသလောက်မျှ။

အချစ်ရေ
အဲသလောက်မျှ။

ငါတို့ကြိုးစားခဲ့ပါတယ်
အဲသလောက်မျှ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 24, 2014

ဘတ်စ်ကားစီးသူ

ကလေးငယ်ဟာ ဖုန်တွေနဲ့ဆော့နေတယ်
ကလေးဟာ ပျော်နေတယ်
ဖုန်တွေကြားမှာ
ကလေးဟာ ကြည်လင်နေတယ်။

တစ်ပင်လုံးကြွေတော့မယ့် ဗန်ဒါရွက်တွေ
ကြောက်စရာကောင်းအောင်လှလို့
(အဲဒီကြွေသွားတဲ့အထဲ
ဗန်ဒါရွက်အပြင် ဘာတွေပါသေးလဲ)
ငါအံ့အားသင့်ရ။

ဖြစ်စဉ်တရား
အလှတရား
ပြိုင်တူဖူးပွင့်
ပြိုင်တူဇွင့်ဆိုနေသည့်နှယ်။

အဘိုးအိုတစ်ယောက်ဟာ စိတ်လေ
ဘတ်စ်ကားပြတင်းပေါက်ဘေး၊ ငိုင်လျက်
ငေးလျက်
သူ့သမိုင်း လူ့သမိုင်းကို ရီဝေလျက်။

ကားစောင့်၍ ငိုက်မျဉ်းအပြေ
အိမ်း၊ မှတ်တိုင်နီးပြီ
ထမှပဲ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 23, 2014

တနင်္လာနေ့ ဒုတိယအပိုဒ်

သီတင်းတစ်ပတ်တိုင်း တစ်ပတ်တိုင်း တနင်္လာနေ့
ရောက်လာသလိုပဲ
ရောက်လာပါပြီ။

ပေါင်းသင်လို့ ပန်းပင်တွေရေလောင်း
ပန်းပင်တွေရေလောင်း၊ ပေါင်းသင်လို့
ကျောခင်းလို့၊ အပျင်းဆန့်
အပျင်းဆန့်၊ ကျောခင်းလို့။

စနေ၊ တနင်္ဂနွေ
ရောက်ခဲ့ပြီးလို့။
တနင်္လာနေ့ဟာ
ရောက်လာတာပေါ့လေ။

ရေဒီယိုအသံလွှင့်ချက်။

"ယနေ့၊ တနင်္လာနေ့မှာ
မြန်မာနိုင်ငံသို့ရောက်ရှိလာမှာဖြစ်ပြီး..."
တနင်္လာနေ့ဟာ အဲသလို
ရောက်လာပါတယ်။

ငါတို့နဲ့ ဆိုင်သလိုလို
မဆိုင်လိုလို။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 22, 2014

ချစ်စကား

ငယ်ဘဝနှင်းများ
သီချင်းများ
ဒီကနေ ငါတစ်ခါမှ
ငါတစ်ခါမှမရ။
ပြည်တွင်းစစ်အတွင်း ရထားစီးရသလို
ရထားစီးရသလို
ဇာတ်လမ်းမှာ ဖတ်မဝအောင်ရှိ၍
ငါတို့မှာ ထောင့်တောင့်တောင့်ဖက်နမ်း၏။

ဘာကိုကြားရပါသလဲ
မြစ်ရေစီးများ၊ ရေစီးများ။

ဒီလိုကြားခဲ့ပါတယ်
ဒီလိုနားကြားလွဲမှုများ။
လွန်ခဲ့တဲ့တစ်လလောက်ကမှ
ငါအသက်ကြီးတာ ငါသိခဲ့တယ်။
သတင်းစကားကား
ဤမျှ။
အဘိုးစားနားကား
ဤမျှ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 21, 2014

ဒီအင်္ကျီ

ဒီအင်္ကျီကိုဝတ်မိတယ်
အဆင်ပြေချင်တာပေါ့လေ
ဓာတ်ပုံခဏခဏအရိုက်ခံရတယ်
ဒီအင်္ကျီနဲ့ပဲ
ဝတ်ရတာချောင်ချိတယ် အရောင်မှိန်ပေမဲ့လည်း
လျှော်လွန်းတော့ အသားကညက်နေတယ်
မောင်ပြည့်မင်းကလည်း မကြိုက်ဘူး
ဇေယျာလင်းကလည်း မကြိုက်ဘူး
အသစ်တစ်ထည် တစ်ထည်လည်း ဆင်မပေးပြန်ဘူး
'လှကလေးစိန်' ရဲ့ 'မောင်မောင်ဆိုလေထီးရိုးရှည်' သီချင်းမှာ
ပြက်လုံးဝင်လာတယ်။ တစ်ယောက် 'မောင်မောင်ဆိုလေ....ရှည်....'တဲ့
နောက်တစ်ယော်က 'ကိုယ့်မလည်း ဒါပဲရှိတာ' 'ဝါး' (ရယ်သံ)
(ပြက်လုံးပြီးရင် ရယ်သံထည့်ရတယ်လေ)
ဘယ့်နှယ် သီချင်းထဲပြက်လုံးဝင်ရတာလဲကွာ
ပြက်လုံးထဲသီချင်းဝင်ရင်လည်း ရတာပဲမဟုတ်လား
ငါလည်း ဒီအင်္ကျီထဲဝင်တယ်
မဟုတ်ဘူးဆိုရင် အင်္ကျီက ငါ့ဆီဝင်လာတာပေါ့လေ
အဲဒီအင်္ကျီနွမ်းနွမ်းလေး ဝတ်တိုင်း
ငါကသဘောကျပြီး
အခြားသူများက သဘောမကျကြဘူး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 20, 2014

မိုးတွင်းစန္ဒရား

ငါက တစ်နေရာက
ရေဒီယိုနားထောင်နေတယ်
အစီအစဉ်တစ်ခုမှ
အခြားအစီအစဉ်တစ်ခု။

သူကတစ်နေရာမှာ
ရေဒီယိုဘေးမှာ၊ စန္ဒရားခလုတ်
အဖြူအနက် ရွှေ့တယ်
နားထောင်သူပေါ့လေ။

ငါက ဒီအတိုင်း ဒီလိုင်းပေါ်
ဒီလှိုင်းပေါ်ခုန်နေတယ်
ငါဆက်နားထောင်တယ်။

ငါတို့ပြန်ပြောကြ
ငါတို့အတူတူပြန်ပြောကြ
မိုးရွာနေတယ်။ သစ်ရွက်စိမ်းစိမ်း။
မတူခဲ့တာတွေ
တူခဲ့တယ်။ တဝေါဝေါ
ကတ္တရာလမ်းချောချော။

ကြားပါစ ငါ့အသံ
ငါ့အသံကြားပါစ။

ငါက
ရန်ကုန်ကပါ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 19, 2014

နိုင်ငံရေးကဗျာ

မင်းက ဒီလို
ငါက ဒီလို
ဟိုက ဒီလို
ဒီက ဒီလို
အပိုတွေ လျှောက်ပြော
ကဗျာက စ,ဝင်လာ။

အဲဒါကို ငါကတွေ့
အမိဖမ်းလို့ ရပါ့မလား။
မိပါ့မလားမှာ
နိုင်ငံရေးပါလာ
နိုင်ငံရေးပါလာတော့
ငါ့ကဗျာမှာ နိုင်ငံရေးပါရင်
အရင်က နိုင်ငံရေးမပါခဲ့ဘူးလား
အခုမှ နိုင်ငံရေးပါတာလား
ဟာကွာ၊ နိုင်ငံရေးပါပါ မပါပါကွာ
ငါရေးလိုက်ပါတဲ့ နိုင်ငံရေးကဗျာ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 18, 2014

ငါရေးနေတဲ့အဓိပ္ပါယ်

ခပ်လှမ်းလှမ်းမှာရှိတဲ့အဓိပ္ပာယ်က
ခပ်လှမ်းလှမ်းမှာရှိတာပေါ့လေ။

ဒါကို သူလည်းသိပြီးသား ငါလည်းသိပြီးသား
ဒါကို သူငါအားလုံးသိပြီးသား
အဲသလို သိပြီးသားကို မေးမေးနေတော့
အဲသလို မေးမေးနေတာကို ဖြေနေရတာက သပ်သပ်
အဲသလို သပ်သပ်က သပ်သပ်ဖြစ်နေတော့
သပ်သပ်ဖြေနေရတာဟာ
အဓိပ္ပာယ်ဆိုတာနဲ့ ဝေးဝေးသွားပြီး
အဲဒီဝေးဝေးသွားတာဟာ
ငါတို့နဲ့လည်း ဝေးဝေးသွားတာပေါ့။

အဲဒီမှာ ငါရေးနေတဲ့ အဓိပ္ပာယ်
ငါရေးနေတဲ့ အဓိပ္ပာယ်ကို ပြောစမ်းပါဦး
ပြောစမ်းပါဦး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 17, 2014

ဘယ်လောက်မှ မကျပါဘူး

ထည့်ပေါင်း
ထည့်ပေါင်း
နှစ်တွေ ထည့်ပေါင်း၊ ခေတ်ကို ထည့်ပေါင်း
ရထားကို ထည့်ပေါင်း
လမ်းလျှောက်တာ ထည့်ပေါင်း
ဇီးယို၊ ဇီးသီး၊ ဇီးပြား ထည့်ပေါင်း
အာပလာ ထည့်ပေါင်း
ပါပလာ ထည့်ပေါင်း
ဒက္ခ ထည့်ပေါင်း
သွေး ထည့်ပေါင်း
ဟာသ ထည့်ပေါင်း
၁၉၈၈ ထည့်ပေါင်း
၂၀၀၇ ထည့်ပေါင်း
၂၀၀၈ ထည့်ပေါင်း
ပြန်လှည့်ပြီး ၁၉၉၀ ထည့်ပေါင်း
၂၀၁၁+၂၀၁၂ ထည့်ပေါင်း
သက်မွန်မြင့်ကို ထည့်ပေါင်း
ငါ့ကို ထည့်ပေါင်း
နာဠာဂီရိကို ထည့်ပေါင်း
ဟိုမအေပေးကို ထည့်ပေါင်း
ငါ့သူငယ်ချင်းကို ထည့်ပေါင်း
ထည့်ပေါင်း
ထည့်ပေါင်း
အဲဒါဘယ်လောက်လဲ။

ဘယ်လောက်မှမကျပါဘူး။

တန်ပါတယ်။
အများကြီးတန်ပါတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 16, 2014

ဇွန်လ ၅ ရက်နေ့သတင်း

ဒီတစ်ခေါက်ဖြင့် ပြန်တွေ့ကြရဦးမယ်ထင်တာ
ပြန်မတွေ့ရတော့ဘူး
ညီလေး၊ သူငယ်ချင်း
မောင်သစ်မင်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 15, 2014

ထွက်ပြေးမှုဝါဒ

အင်္ကျီနဲ့ဖိနပ်
နောက်ထပ်လိုလိမ့်မယ်။

မျက်မှန်အမဲလိုလိမ့်မယ်
ထီးလိုလိမ့်မယ်။

အချစ်လိုလိမ့်မယ်
သကြားလိုလိမ့်မယ်
ကြက်ဥလိုလိမ့်မယ်
ပေါင်မုန့်လိုလိမ့်မယ်
ရေလိုလိမ့်မယ်။

လှုပ်ကုလားထိုင်လိုလိမ့်မယ်
စိတ်ဆာဖို့လိုလိမ့်မယ်။

တစ်ဖန်အချစ်လိုလိမ့်မယ်
ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်။ အဲသလို
ပြည့်စုံတဲ့လောကကြီးလိုလိမ့်မယ်။

အချစ်များများလိုလိမ့်မယ်
အဲဒါ၊ ငါလိုတာမဟုတ်ဘူး
အဲဒါ၊ 'ပီကာဆို' လိုတာ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 14, 2014

လွမ်းမိသေး လွမ်းမိတေး

အိပ်ယာခြေရင်း ရေနံဆီမီးဖိုလေးမှ
ယခုအထိ။
အရိပ်က သေးသေးကွက်ကွက်လေး
အဝေးကြီးဆိုတာ ဝေးတုန်းပဲလား

ဒီဘဝအော်သံမှ နောက်ဘဝအထိ
ငါလွမ်းမိသေး လွမ်းမိတေး။

လ မျှင်းမျှင်းရေးရေး
ပန်းခြံခုံတန်းရှည်
အိမ်အပြန် ဦးထုပ်
အိမ်အပြန် ခေါက်ဆွဲထုပ်
ငါလွမ်းမိသေး လွမ်းမိတေး။

ပထမဆုံး မရေမရာမှုမှ
ပထမဆုံး အင်္ကျီတစ်ထည်နှစ်ယောက်မှ
မရမ်းစေ့ရောင် ထမီလေးမှ
ငါလွမ်းမိသေး လွမ်းမိတေး။

အားအကုန်သုံးထားတဲ့
ရက်စက်တဲ့ ရုပ်ရှင်ကားများ ငါတို့ကြည့်နေကျ
ငါတို့ကြည့်ခဲ့ကြ
ငါလွမ်းမိသေး လွမ်းမိတေး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 13, 2014

အင်းပေါ့လေ

ဘာဖြစ်လို့လဲဆိုတော့
ဘာမှမဖြစ်ပါဘူး။

"မြ နဲ့ မောင် နဲ့"
"ခုမှတွေ့တာပေါ့လေ" ပေါ့လေ
"လူပါးမဝခင်တုန်းက" ပေါ့လေ။

ဘာမှမဖြစ်ပါဘူး။

အခုတော့လည်း ဒီလို
ရန်ကုန်အစ၊ မန္တလေးအစ
ငါတို့အစ
အရင်ဘဝကို ပြန်မရတော့တာကိုး။

အလကားနေ ပြန်မရတော့တာကိုး။

ဘာမှမဖြစ်ပါဘူး။

ခုတော့ ငါတို့ရဲ့ ည ၉ နာရီ မရိုးဆန်းရု့
နိုင်ငံခြားကားတွေသာပြတဲ့ ယုဇန၊ တော်ဝင်၊ SHOW DOWN
သွားကြပြီ၊ သွားကြပြီ
ဆိုကိုး။

ဘာဖြစ်လို့လဲဆိုတော့
ဖြစ်တော့ဖြစ်သွားပြီပေါ့လေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 12, 2014

ထိုနေ့က

စိတ်ကူးရလို့
ပျောက်နေတာ ၁ ခု ၂ ခုကို ထရှာတယ်။
တွေ့တယ်
ပြန်တွေ့တယ်
ပျောက်နေတဲ့ ၁ ခု ၂ ခုသာမက
ပြန်တွေ့တာ ၄၊ ၅၊ ၆ ခု။

ပြန်တွေ့တာ ၄၊ ၅၊ ၆ ခု။

ဒါတွေ ငါဘယ်တုန်းက ပျောက်ခဲ့တာလဲ
ငါတို့မသိဘူး ငါတို့ ဘာတွေ ဘယ်နှစ်ခု ပေျာက်နေသေးလဲ။
ပြန်တွေ့တာ
၄၊ ၅၊ ၆ ခုတောင်။

ပွတာပဲ
ဘယ်တန်ခိုးရှင်ကိုကျေးဇူးဆိုရမည်မသိ။

ဘယ်တန်ခိုးရှင် ထိုနေ့က စိတ်ကောင်းဝင်သည်မသိ။
မသိ
ငါ့မှာမသိရ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 11, 2014

ဗိုလ်အောင်ကျော်လမ်း

အမေရိကန် သမ္မတကြီး လင်ကွန်းလိုငါထိုင်နေခဲ့တယ်
မဟုတ်ရင် ရှေးဟောင်းလူတစ်ယောက်ပြတိုက်ထဲမှာလို
ဒါပေမဲ့ အဲသလိုဆိုလည်း
ဘာဖြစ်မှာမို့လဲ။

ပြောမယ့်သာပြောပေမယ့်
ငါထိုင်နေတာ ကော်ကုလားထိုင်ပေါ်မှာပေါ့။

ငါထိုင်နေတာ
ကော်ကုလားထိုင်ပေါ်မှာလေ။

နာဂစ်လက်ကျန် ပိတောက်ပင်ကြီးမှ ပိတောက်ရွက်တွေကြွေလို့။
ငါတို့မြို့ကျီးကန်းတွေ အိပ်တန်းဝင်ဆူလို့။
မီးပွိုင့်ဟာ နီလို့ စိမ်းလို့။
အတွင်းဝန်ရုံးဟာဆွေးလို့ လွမ်းလို့။

ကော်ကုလားထိုင်ပေါ်မှာ ငါဟာအေးရာအေးကြောင်း
မင်းနေနိုင်တယ်နော် အေးရာအေးကြောင်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 10, 2014

မေးသူ

တိတ်ဆိတ်၊ ပူလျှက်
မိုးဖွဲဖွဲရွာလျက်
မြို့တစ်ပတ်လျှောက်၊ ဆံပင်ညှပ်
လိုင်ချီး(အအေး)သောက်
မဆိုးပါဘူး။

နေ့တစ်နေ့ဟာလည်း
ကုန်တော့မည့်ဆဲဆဲ။
ကိုယ်ကအမေးခံရပေါင်းများတော့
ကိုယ်က ပြန်မေးခဲ့ပါတယ်
"နေကောင်းရဲ့လား . . .
ကျန်းမာလား" . . . ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 9, 2014

စ၍

သင်္ကြန်ပြီးနောက်
နောက်ထပ်ပွင့်သမျှ
နောက်ထပ်ဖြစ်သမျှ
နောက်ထပ်ကြုံသမျှ
နောက်ထပ်ကြားသမျှ
နောက်ထပ်မြင်သမျှ
နောက်ထပ်လာသမျှ
"အမျှဝေ" ၍ "သာဓုခေါ်" ရဘိသကဲ့သို့
ကောင်းစွ၊ ကောင်းစွ၊ ကောင်းစွ တည်စေသတည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 8, 2014

ပန်းလက်ဆောင်

ပေါ့ပေါ့ပါးပါး တွေးပြီး
လေးလေးနက်နက် ရေးပါတယ်။
လေးလေးနက်နက် တွေးပြီး
ပေါ့ပေါ့ပါးပါး ရေးပါတယ်။
အဆင်းနှင့်ရနံ့ ပြည့်စုံစွာ
ပန်းပွင့်ပါစေသတည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ


Feb 7, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၅

ကြားပါစေသား

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ကျွန်တော်တို့တွေဟာ တစ်ခါတစ်ခါ ဘီယာ
တစ်ခါတစ်ခါ ရုပ်ရှင်
ဆူးလေလမ်း၊ ဂလုပ်ရုံ
ဗိုလ်ချုပ်လမ်း၊ မီးရထားရုံးရှေ့ ရွိုင်ရယ်၊ ကာလ်တန်ရုံ
ဗိုလ်ချုပ်လမ်းနဲ့ ၃၃ လမ်းထောင့် အိပ်ဇယ်စီယာရုံ
အဲဒီမှာ နိုင်ငံခြား ကားကောင်းတွေ ပြပါတယ်
ကျွန်တော်တို့တွေ ကားကောင်းတိုင်း ကြည့်ဖြစ်ကြပါတယ်။

ဖော်ဝေးဟာ
နံနက်စာ စားပြီး ပိုတဲ့ ပိုက်ဆံကို
အင်းဝတိုက်က နိုင်ငံခြားကဗျာစာအုပ်တစ်အုပ်ဝယ်
ဝါဇီလက်ဖက်ရည်နဲ့ မြည်းလေ့ရှိပါတယ်။

ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်
တစ်ယောက်ကို တစ်ယောက် အနစ်နာခံ
ရန်ဖြစ်လည်း အတူတူဖြစ်
တစ်ယောက်ပိုက်ဆံ တစ်ယောက်မျှသုံး
လူ့ဘဝမှာ အဲဒီအနေအထားမျိုးနဲ့
အမှောင်ခေတ်မှာ လူဖြစ်ခဲ့ကြပါတယ်။

အဲဒီတုန်းမှာ
ကိုလေးအောင် ဆုံးပါတယ်
(ကျွန်တော်တို့၏ နောင်တော် ကဗျာဆရာ မောင်လေးအောင်)
နောက် ပန်းချီရွှေမောင်မောင်
(ကျော်ကြားတဲ့ ခရမ်းပြာ အဆောင်ကို ရောက်ခါစမှာပဲ ဆုံးပါတယ်)
နောက် ဖော်ဝေး
ကျွန်တော်တို့ရဲ့ ဖော်ဝေး ဆုံးပါတယ်
(ကျွန်တော်တို့တွေ လောကဓံ၏ အရှိုက်အထိုး ခံရခြင်းပါပဲ)
အဲသလိုနဲ့ ကျွန်တော်တို့ နှစ်များ
အဆုံးအရှုံးများတဲ့ နှစ်များ။

ကျွန်တော်တို့ရဲ့ နှစ်များ
ကျွန်တော်တို့ရဲ့ နှစ်များ
ခင်ဗျား ကြားပါစေသား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 6, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၄

ရန်ကုန်မြို့ထဲ တလွှာလွှား

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
တစ်နေ့လုံး ငှက်အုပ်ကြီး ရွေ့သလို
ကျွန်တော်တို့ ရွေ့နေကြပါတယ်။

'ကိုလှချို' ဆိုင်၊ ရွှေကြည်အေး၊ ပွင်းဦး၊ ဝါဇီ
(ဝါဇီက ဆိုင်သစ်ပါ၊ ဆိုင်ပိုင်ရှင် အစ်ကိုကြီး 'ဦးရီ" ဟာ ပြုံးပြုံး ပြုံးပြုံးနဲ့
ကျွန်တော်တို့ကို အလိုလိုက်ပါတယ်၊ အခု သောက်နေကြတဲ့
ရှယ် လက်ဖက်ရည်ဆိုတာ အဲဒီ ဝါဇီက စတာပဲ)

တစ်ခါတလေ ညနေများ
လှည်းတန်း 'အောင်ကဖီး' မှာ
ထိုင်ကြပါသေးတယ်။
အဲဒီအချိန်တွေက
ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်
အော်သံတွေ
ခြေသံတွေ
မကြာမကြာ ပြည့်နှက်နေတတ်ပါတယ်။
ပြီးရင်တော့ ညမထွက်ရ
ပြီးတော့ နေဝင်မီးငြိမ်း ဖြစ်သွားပါတော့တယ်။
ပြီးသွားရင် မြို့တော်ဆီ
လူတွေ ပြန်ထွက်လာပါတော့တယ်။
ကျွန်တော်တို့လည်း မြို့ထဲဆီ
ပြန်ထွက်လာပါတော့တယ်။
ထွက်လာတဲ့ ကျွန်တော်တို့မှာ
အဖွဲ့သား တိုးလာပါတယ်.
မြေနီကုန်းမှ မောင်သစ်မင်း
တောင်ဥက္ကလာမှ ကိုကြူ  (ကြူကြီး)
ထပ်တိုးလာပါတယ်။
သူတို့လည်း ဆံပင်အရှည်ကြီးတွေနဲ့ပဲ။
(မောင်ချောနွယ်က ဧည့်သည်သွား ဧည့်သည်လာပေါ့)
ဆံပင်တွေထဲမှာ အဆီပြန်မျက်နှာများ
ရန်ကုန်မြို့ထဲ တလွှားလွှား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 5, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၃

အိပ်ကပ်ထဲ ပိုက်ဆံမပါသူများ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ဖြစ်ချိန်တန် ဖြစ်ပြီး
ပျက်ချိန်တန် ပျက်ခဲ့ပါတယ်။

မိုးဝေမှ
တောင်ညွန့် ၁၀၁ လမ်းမှ
ကျွန်တော်တို့ ဝမ်းနည်းစွာ
ထွက်တော်မူ နန်းက ခွာခဲ့ပါတယ်။
လမ်းပေါ်၊ ပလက်ဖောင်းပေါ်
ရောက်သွားခဲ့ပါတယ်။
၃၃ လမ်းထိပ်၊ ခရေပင်အောက်
စုရပ်လုပ်ရာက
ရွှေကြည်အေး လက်ဖက်ရည်ဆိုင်
ထိပ်ဆုံးစားပွဲကို
မျက်စိကျပြီး နေရာယူခဲ့ပါတယ်။

(သုခမိန်လှိုင်၊ ဖော်ဝေး၊ သခွပ်နီ
ကျွန်တော် စသဖြင့် စသဖြင့်
(ရွှေကြည်အေးမှာ တရုတ်ကျောက်စားပွဲကြီး ရှိပါတယ်၊
အံအဆင့်ဆင့် ရေနွေးအိုးကြီးလည်း ရှိပါတယ်)
နံနက် ၉ နာရီများမှာတော့
ပန်းဆိုးတန်း 'ကိုလှချို' ဆိုင်မှာ
အိတ်ကပ်ထြ ပိုက်ဆံမပါဘဲ ထိုင်ကြပါတယ်
(ကျွန်တော်တို့ ရွေ့လျား ရုံးခန်းပေါ့၊ စက်မှုတက္ကသိုလ်က
ကိုသန်းလင်း (ဘုန်းနွယ်လင်း) ပါခဲ့တယ်)

ဆံပင်ရှည်ကြီးတွေ လက်ဖြင့်သပ်၍ သပ်၍
အားဖြည့်ခဲ့ကြတာပေါ့။
Note Book ကိုယ်စီနဲ့
ရေးကြခြစ်ကြတာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် ပေးဖတ်
အထပ်ထပ် မီးတင်ကြတာပေါ့။
ဘယ်မဂ္ဂဇင်းကမှ လက်ခံမှာ မဟုတ်တဲ့ ကဗျာ
မော်ဒန်ထက်သန် ကဗျာတွေနဲ့ (အခုတော့ 'ခေတ်ပေါ်ကဗျာ' ခေါ်တာပေါ့လေ)
ပျော်ပျော်ရွှင်ရွှင် (ငွေမရှိဘဲ) တရွရွ
လှုပ်ရှားခဲ့ကြပုံ (ဘယ်က ရမှန်းမသိ သတ္တိ)
ယခုအခါ
ပြန်လည် အားကျမိပါသေး။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 4, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၂

ဘယ်တော့မှ မေ့လို့မရ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
မိုးဝေမဂ္ဂဇင်း ၁၉၇၀ များမှာ
'မဲခေါင်မြစ်ကမ်းများ အောင်ပွဲသို့'

ဒုတိယ တစ်ခါ
'ချိန်းစာရောက်မှာ ကြောက်မိတယ်'

ရင်တုန်လက်တုန် ဖတ်ရတယ် (နတ်ပူးသလို
ဇောချွေးတွေပြန် တစ်ကိုယ်လုံး တုန်လျက်)။
ဒီရှေ့နားမှာ
'နွေဦးညနေခင်း'
မရှေးမနှောင်းမှာပဲ
'ဘတ်စ်မှတ်တိုင်' ' နွေဦးဝိုင်'
မောင်ချောနွယ်တွေ ဖတ်ရတယ်။
ရှားရှားပါးပါး ဒီတစ်ပုဒ်ပဲလား မသိ
'ရေလယ်မီးပြ' ဖော်ဝေးကို ဖတ်ရပြန်ပေါ့။
ကျွန်တော်တို့ရဲ့ ဇာတ်အစပေါ့။
သူငယ်ချင်းများရဲ့ ဇာတ်အစပေါ့။
အခြားသူများအတွက် ဘာမှ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေ အဲဒီ 'မိုးဝေ' တပိုက်ပိုက်နဲ့ပေါ့။
အဲဒီ မိုးဝေမှာ စင်တက်ခွင့်ရ
အဲဒီ မိုးဝေမှာ အရိပ်ခိုခွင့်ရ
အဲဒီ မိုးဝေမှာ စုဝေးခွင့်ရ
အဲဒီ မိုးဝေကို လွမ်းလျက် ကျေးဇူးတင်လျက်။
(အထူးသဖြင့် 'ဆရာနတ်နွယ်' (ကိုကြီးနတ်) ကို
အထူးသတိရ။ အထူး ကျေးဇူးတင်။ မေ့လို့မရ။
ကျွန်တော်တို့ အဲသလိုဘဝကို ပြန်ရမှာ မဟုတ်တော့ပါဘူး။
ဦးနတ်နွယ်ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်)
ဆရာနတ်နွယ်ကို ကျေးဇူးတင်ပါတယ်။
မိတ္ထီလာမှ၊ မြင်းခြံမှ၊ မန္တလေးမှ၊ မြစ်ကြီးနားမှ
တောင်ကြီးမှ၊ တောင်တွင်းကြီးမှ၊ မကွေးမှ
ပျဉ်းမနားမှ၊ တောင်ငူမှ၊ ခေျာက်မှ
မြိတ်မှ၊ ကော့သောင်းမှ
ရှမ်းပြည်နယ်တောင်ပိုင်းမှ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
မြစ်ဝကျွန်းပေါ်မှ
မြန်မာပြည်တစ်ဝန်းမှ ကဗျများ
မြန်မာပြည်တစ်ဝန်းမှ ကဗျာရေးသူများ
ထက်သန်ခဲ့ရာ
နုပျိုခဲ့ရာ
ဘယ်တော့မှ မေ့လို့မရ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 3, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၁

ဒီစာမျက်နှာ ဒီကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ကမ္ဘာကြီးဟာ လှုပ်ယမ်းနေတယ်
ကောင်းကင်ကြီးဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ အသံမြည်နေတယ်။
အဲဒါကြောင့်ပဲ ကဗျာပါပဲ။
ခင်ဗျား မှတ်မိပါစ 'ဒီဇင်ဘာ ၂၀ တမ်းချင်း'
'ဝေပွန်ကို အလိုရှိဦးမည်လော' (မောင်လေးအောင်)
'သေသူနှင့် ရန်ဖြစ်ခြင်း' (မင်းလှညွန့်ကြူး)
'အိပ်မက်ထဲက ဆပ်ပြာ'၊
'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း' (တင်မိုး)
'စျာပနမိန့်ခွန်း' (မောင်လှဝင်း - မြင်းခြံ)၊ 'နေ့နှင့် ညနှင့်' (သခွပ်နီ)
'သားကိုရိုက်တဲ့လက်' (သထုံ မောင်လှိုင်းပြာ)၊ 'စစ်အတွင်းအိပ်မက်' (သစ္စာနီ)
'ကားပျက်ကြီး သမိုင်း' (မောင်လူမှိန်)၊ 'ရေမှုံများ' (အောင်သိန်းဦး)
'နွေသဘင်' (တင်မော်)၊ 'ရှပ်တိုက်ပြေးလွှားနေသူများ' (မောင်လေးမွန် - ပျဉ်းမနား)
'ထလော့ ဗော်လဂါ' (မောင်သင်းခိုင်)
၁၉၇၀ ပြည့်နှစ် ဝန်းကျင် 'မိုးဝေကဗျာများ'။
အခြားသော မဂ္ဂဇင်း စာစောင် 'ရှုမဝ'။ 'သွေးသောက်'
'ရုပ်ရှင်ပဒေသာ'၊ 'ရုပ်ရှင်မျက်မှန်'
'လျှို့ဝှက်သဲဖို'၊ 'ရှုဒေါင့်'
သူ့ထောင့်နဲ့သူ လှခဲ့တယ်။
လူငယ်တွေဟာ ခေတ်ကို ဖြတ်သန်း
တလှပ်လှပ် ဖြတ်သန်း
ကဗျာနဲ့ ဖြတ်သန်းခဲ့ကြ။
ကဗျာကပဲ ခေတ်ကို ဖြတ်သန်းသလို
ကျွန်တော်တို့ကို ဖြတ်သန်းစေပါတယ်။
အဲဒါကြောင့် ဘယ်အရာ ဘယ်ဆုလာဘ်ကိုမှ ပြန်မရပါ။
ဒီစာမျက်နှာ ဒီကဗျာဟာ
အသက်မွေး ဝမ်းစာမျှ ပြန်မရတဲ့ အနုပညာ
ကဗျာရေးသူများအား
ကျွန်တော်၏ သတိရခြင်း
မရှိတော့သော သူများအား
ကျွန်တော်က အလေးပြု သတိရခြင်း။
ကဗျာဆရာဆိုတာ ခေတ်ကို ဖြတ်သန်းခြင်း အလုပ်
အလုပ်တစ်လုပ်လို လုပ်ရပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 2, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၀

ထင်းရှူးပင်ရိပ်သို့

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
၁၉၆၈ တစ်နေ့သား၊ ဗိုလ်ချုပ်စျေးမှာ လှိုက်ခနဲ
ထင်းရှူးပင်ရိပ်ကို တွေ့မိလိုက်
တန်ဖိုး ၆/- ကျပ်
ငါ့မှာ လက်မလွှတ်နိုင်တော့။
ကျွန်တော်တို့ရဲ့ ကဗျာတွေ အလန့်တကြား ထအော်ခဲ့
အရင် သိမှတ်ခဲ့ဖူးတဲ့ ဥရောပ ကဗျာတွေကပဲ
(ရှယ်လီ၊ ဂျွန်ကိ၊ ဒီလန်တောမတ်၊ အီလိယော့၊
လော်ရကာ၊ နီရူဒါ၊ မာယာကော့်ဖ်စကီး)
ယခုအခါ အသက်ဓာတ်အသစ်
ကဗျာခေတ်သစ်အဖြစ် မူးမော်ရတာပဲ။
(ဒါပေမဲ့ ကျွန်တော်တို့ရေးတဲ့ ကဗျာတွေ ခေတ်သစ် ခေတ်ပေါ်သို့
ချက်ချင်း မရောက်ခဲ့ပါ။ ရေးမြဲပုံစံက အနည်းအကျဉ်း တိုးထွက်ခဲ့။
ခေတ်သစ် ခေတ်ပေါ် ရဖိုး သုံးလေးငါးနှစ် ကြိုးစားခဲ့ရပါတယ်)
ဆက် သွားရမယ်
ဆက် သွားခဲ့ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်
ဇော်ဂျီ၊ မင်းသုဝဏ်မှ ဒဂုန်တာရာ
ဒဂုန်တာရာမှ ကျွန်တော်တို့
ကျွန်တော်တို့တွေ ဖြတ်သန်းခဲ့ပါတယ်။
(အဲဒီ 'ကျွန်တော်တို့' ဟာ ဆရာဒဂုန်တာရာရဲ့ လှိုင်းတွန့်ဆံပင်ခေတ်
ဘန်ကောက်လုံချည်ခေတ်ကို တွေ့မီခဲ့တဲ့ နောက်အကျဆုံး မျိုးဆက် ဖြစ်ပါတယ်)
ဒီကဗျာဟာ ကဗျာအဖြစ်ကနေ သွေဖည်သွားပလား
ဒီကဗျာရဲ့ အပိတ်လိုင်းကိုလည်း အောက်ပါအတိုင်း ပိတ်လိုပါတယ်။
(ဝင်းဝါသော ပိတောက်ရွှေဝါရိပ်မှ နှင်းခဲများ ပေကျံနေသော
ထင်းရှူးပင်ရိပ်နားသို့ ရောက်သွားသည်။
ရွှေရာင်အဖူးများ မသီး၊ သို့သော် စိမ့်စိမ့် မှိုင်းဖြူသော
အာရုံသစ်ကို ပေးသည်)
ဒဂုန်တာရာ၏ 'ဒဂုန်တာရာ'
(မူရင်းဝါကျ မူရင်းသတ်ပုံအတိုင်း
ကူးယူဖော်ပြပါသည်)

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 1, 2014

လူငယ်တစ်ယောက်အကြောင်း - ၉

ပါရီလို ရင်ခုန်တက်ကြွ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ထိုနေ့မှာ တစ်လတစ်ခါ ကျွန်တော် မြို့ထဲထွက်
ထိုနေ့မှာ စာမူ လည်ပို့သောနေ့ ဖြစ်ပါတယ်။
ထိုနေ့မှာ စာမူပို့ရန်
ထိုနေ့မှာ စာအုပ်တန်း မွှေရန်
ထိုနေ့မှာ လူရောင်စုံ ငေးရန်
ထိုနေ့မှာ ကျွန်တော့် အလုပ်တစ်ခု ဖြစ်ပါတယ်။
ထိုနေ့မှာ (ဒိန်ချဉ်၊ ပါပလာလေး သင်းသင်းနဲ့) ချစ်တီး သက်သတ်လွတ်ထမင်း
စားပါတယ်
ထိုနေ့မှာ ပန်းဆိုးတန်း၊ ၃၃ လမ်း စာအုပ်တန်း လျှောက်ပါတယ်
ထိုနေ့မှာ ရွှေကြည်အေး၊ ပွင်းဦး လက်ဖက်ရည်သောက် ထိုင်ပါတယ်
ထိုနေ့မှာ မိုးဝေ၊ ရုပ်ရှင်ပဒေသာ၊ ရုပ်ရှင်မျက်မှန်၊ သွေးသောက်၊ ရှုမဝ
မဂ္ဂဇင်းတိုက်တွေ ရောက်ပါတယ်။
ပန်းချီ ညိုလှနဲ့ ထိုနေ့မှာ
ပန်းချီ ဝသုန်နဲ့ ထိုနေ့မှာ (ဝသုန်က ငယ်သူငယ်ချင်း အခုမှပြန်တွေ့)
ကာတွန်း သော်ကနဲ့ ထိုနေ့မှာ
မောင်သင်းခိုင် (ပျဉ်းမနား) နဲ့ ထိုနေ့မှာ
ကျွန်တော် ဒိုင်ယာရီရေးဖြစ်တဲ့ ထိုနေ့မှာ။
ထိုနေ့မှာ မိုးကောင်းကာင်ဟာ ပြာချင်ပြာ ဖြူချင်ဖြူ
ထိုနေ့မှာ ရာသီဥတုဟာ မိုးမည်းချင်မည်း နေပူချင်ပူ
ထိုနေ့မှာ လှလှ မလှလှ
ထိုနေ့မှာ ရန်ကုန်မြို့ကြီးကို ကျွန်တော်ဟာ ပါရီလို ရင်ခုန်တက်ကြွ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 31, 2014

လူငယ်တစ်ယောက်အကြောင်း - ၈

နေထိုင်ကောင်းတဲ့အရွယ်

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ရေးထားတဲ့စာရွက်များ
ကျွန်တော့်အခန်းထဲမှာ ပြည့်ကျပ်လာတယ်၊ လျှံထွက်လာတယ်။
ကိုယ့်ကျေနပ်မှုနဲ့ ကိုယ်
မိုးခြိမ်းသံများ
ချောင်းဆိုးသံများ၊ လေတိုးသံများ
ရေကန်၊ အနက်ရောင်ငှက်တော်များ
သစ်ပင်မှာ စွန်ငြိနေဟန်
သူငယ်ချင်းများ
ကျွန်တော်တို့ ရပ်ကွက်လေးရဲ့ အသက်ဝင်မှုများ
ပိုက်ဆံမရှိသော နေ့များ
ပိုက်ဆံရဖို့လည်း မရှိသော နေ့များ
ယနေ့များကို မျှော်ကြည့်သော နေ့များ
အဲသလို ကျွန်တော့် ကဗျာများ
အဲသလို ကျွန်တော့်ကိုပါ မြင်တွေ့နိုင်ပါတယ်။

အမေပေးထားတဲ့ ကျွန်တော့် အခန်းလေးနဲ့ ကျွန်တော်ဟာ
သီးခြား ပြည့်စုံတဲ့ကမ္ဘာ ဖြစ်ပါတယ်။
ဟီးနိုးကားနဲ့ သမ္မတရုံနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

တိုင်းရင်းမေနဲ့ ဒေါင်းနွယ်ဆွေနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ပုံနှိပ်စာလုံး မဖြစ်တဲ့ ကျွန်တော့် ကဗျာနဲ့
နေထိုင်ကောင်းတဲ့အချိန် ဖြစ်ပါတယ်။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 30, 2014

လူငယ်တစ်ယောက်အကြောင်း - ၇

ငယ်က အလင်းရောင်

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

ကောင်းကင်တွေ ပိုများလာ၊ ကွက်လပ်တွေ ပိုများလာ
ဖြည့်ရမှာတွေ ပိုများလာ
ဘဝတွေ ပိုများလာ
ကဗျာတွေ ပိုများလာ
ဇာတ်တွေ ပိုများလာ
ပိုများလာတဲ့ လောကကြီးအလယ်
လူငယ်တစ်ယောက်ဟာ ပိုကြီးပြင်းလာပါတယ်။

လမ်းမများ၊ သစ်ပင်များ
ပန်းပွင့်များ လန်းဆန်းကာ
ကမ္ဘာကြီးမှာ လူဟာ
လူမျှသာ ဖြစ်ပါတယ်။

မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ
မတတ်နိုင်တာတွေ အများကြီးနဲ့
ဒါကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ။

အလွန် စကားနည်းပြီး
ဘဝကို ယုတ္တိရှိရှိ နေထိုင်သွားသူ
(ကွယ်လွန်ခဲ့တာ ကြာပါပြီ)
ကျွန်တော်တို့က
'အစ်ကိုမောင်လေး' လို့ ခေါ်တဲ့
အစ်ကိုက
စာအုပ်တွေ
လိုချင်သလောက် လိုက်ဝယ်ပေးပါတယ်။

ဗန်းမော်တင်အောင် 'မုန်တိုင်းထဲကလူ'
မော် 'ယင်အန်မိန့်ခွန်း'
ဖူးချစ် 'မှတ်တမ်းများ'
နတ်နွယ် 'အပြာ'
'မြန်မာပြည်မြောက်ပိုင်း' ပထမတွဲ
စာအုပ်တွေ
(ဖတ်လိုက်တာများမြင်းကလေးတစ်ကောင်
နွေဦးမြက်နုလေးတွေ တအား လွှေးနေတဲ့အတိုင်းပါပဲ)
အဲဒီအတိုင်းပါပဲ။

'စာပေသဘောတရား
စာပေဝေဖန်ရေး
စာပေလှုပ်ရှားမှု' ဆရာဒဂုန်တာရာစာအုပ်
ဂူအတွင်း မီးတိုင်လို လင်းခဲ့တယ်။

ငယ်က အလင်းရောင်
စိန်နားကပ်ကဲ့သို့ ပြိုးပြက်လျက်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 29, 2014

လူငယ်တစ်ယောက်အကြောင်း - ၆

ဓာတ်ပုံတွေလို

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

အမေက ကျွန်တော်ဝတ်လာတဲ့ အင်္ကျီလုံချည်
ပြန်ပါလာတဲ့ အဝတ်အစားများ အကုန်
ဒန်ဇလုံကြီးထဲ ထည့်ပြီး
ပြုတ်လျှော်ပစ်ပါတယ်။

ကျွန်တော့်ကို ရေချိုးစေပါတယ်။
ခေါင်းလျှော်စေပါတယ်။

ညီနဲ့ညီမက
ဝမ်းသာမျက်ရည် ကျသတဲ့။
(ယခုအခါ တစ်နှစ်တစ်ခါတောင် မတွေ့ကြပါ)

အဖေက သူ နေနေကျအတိုင်း
ထောင့်လေးတစ်ခုမှာ ကုပ်ပြီး ထိုင်နေပါတယ်။
(လက်ကြား ဆေးပြင်းလိပ် ညှပ်လျက် ငြိမ်လျက်)

အစ်မက ပျာပျာ ပျာပျာ
စားစရာ တစ်ခုပြီး တစ်ခု လုပ်တယ်။
(အခု အဲဒီအစ်မက မှတ်ဉာဏ်ချွတ်ယွင်းနေရှာတယ်)

ကျွန်တော့်မှာ စိတ်လှုပ်ရှားမှု တလှပ်လှပ်
အရာရာကို တလှပ်လှပ်
ဓာတ်ပုံစာအုပ်ကို ပြန်ထုတ်ကြည့်သလို
ဓာတ်ပုံတွေလိုပါပဲ။

(ဘဝဆိုတာ အရင်က အရာတွေ၊ အဖြစ်အပျက်တွေ၊ နေ့ရက်တွေကို
အဲသလို အဲသလို ဓာတ်ပုံတွေလို ပြန်ပြန် ထုတ်ကြည့်လို့ရသေးတာ ကံကောင်းတာပဲ)
'အပျော်ဆုံး နေ့တစ်နေ့' ဆိုတာလည်း ဖြစ်နိုင်ပါတယ်
လောကထဲ ပြန်ရှင်ရတာမျိုး မဟုတ်လား။

အဲဒီ တစ်ရက်လို နှစ်ရက်လို ရက်များဟာ
လကလည်း ပိုသာ
နေကလည်း ပိုလင်း
အဓိပ္ပာယ်များ၊ ချစ်ခင်မှုများ၊ မိသားစုများ လင်းလင်းချင်းချင်း
(ကျန်သော မိသားစုများသို့လည်း စိတ်က ရောက်ပါတယ်)။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ


Jan 28, 2014

လူငယ်တစ်ယောက်အကြောင်း - ၅

သုံးဘီးကားလေးနဲ့

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

သုံးဘီးကားလေးနဲ့
အိမ်ပြန်ခဲ့တယ်။
အုတ်တံတိုင်းနဲ့ အမှောင်ဟာ
နောက်ကျောမှာ
ကျန်ခဲ့ပါတယ်။

ရဲဘော်များ မိတ်ဆွေများ
ကျန်ခဲ့ပါတယ်။

သုံးဘီးကားလေးဟာ
လွမ်းစရာပါပဲ
မောင်ဒီရဲ့ 'သုံးဘီးကားလျှောက်စီးခြင်း' ပန်းချီကားလို
သုံးဘီးကားလေးဟာ
လွမ်းစရာပါပဲ။

သုံးဘီးကားလေးထဲမှာ
လာကြိုတဲ့ အဖေ ပါတယ်
အခြားတစ်ယောက် ပါတယ်
ကျွန်တော့် ပစ္စည်း၊ ကျွန်တော့် အဝတ်အစားတွေ ပါတယ်။

ကျွန်တော် ကျောင်းက ပြန်လာတယ်
ကျွန်တော် ဘဝတက္ကသိုလ်က ပြန်လာတယ်။

ဘဝတစ်ခုမှ ဘဝတစ်ခုသို့
နေ့ပေါင်းများစွာမှ လာမယ့်နေ့များသို့
အခြားနေရာမှ ကျွန်တော့် ရပ်ကွက်လေးသို့၊ အိမ်သို့
အခြား အိပ်ရာမှာ ကျွန်တော့် အိပ်ရာသို့
မိုးဥတုမှ သီတင်းကျွတ်သို့
အမှောင်မှ လင်းရာသို့
အမေ့ဆီသို့
သုံးဘီးကားလေးနဲ့
ကျွန်တော် ပြန်လာပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 27, 2014

လူငယ်တစ်ယောက်အကြောင်း - ၄

အဲဒီတုန်းက

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

'သားမောင်' . . အစချီ အဖေ့ထံမှ စာများ
တစ်လတစ်စောင် ဖတ်ရခဲ့
ကျွန်တော်က အဖေအမေတို့ထံ
တစ်လတစ်ခါ စာပြန်ရေးရခဲ့။

အမေက ရူးသွားသလို
လမ်းထိပ်ကို မျှော်ပြီး သီချင်း နေ့တိုင်း ဆိုသတဲ့။

အဲဒါကို ကျွန်တော် သိရလို့
ယခုတိုင် မျက်ရည်စို့ရ။

စေတီဖြူဖြူ
ပန်းနံ့ရှူ၍ . . . လို့ မှတ်မိတဲ့
လေးလုံးစပ်ကဗျာ
အဲဒီတုန်းက စပ်ခဲ့တယ်။

ပန်းနံ့မှာ
ဆိပ်ဖလူးပန်းနံ့ ဖြစ်ပါတယ်။

သရက်ပင်အုပ် စိမ်းစိမ်းများ
စိတ်ထဲ စိမ်းညှို့တယ်။

နာရီမောင်းခေါက်သံများ
စိတ်ထဲက ကြားနေတယ်။

စာဖတ်၊ ကဗျာရေး
စစ်တုရင်ထိုး၊ အားကစားလုပ်။

တွေးတာ၊ စဉ်းစားတာ
တွေတာ ဝေတာ ဖမ်းမမိတာ
စိတ်အလုပ်များ
များများလုပ်ခဲ့။

ညွန့်သစ်၊ သန်းအုန်း၊ ချစ်ဆွေ၊ ဗဖူးညွန့်
ကြည်တင်ဦး၊ သခွပ်နီ စသဖြင့်
ကျွန်တော်တို့အတွက်ဆို အဲဒီမှာ
တက္ကသိုလ်ကြီး ဖြစ်ပါသည်။

အဆောင်နေ အရိပ်ခိုသူများပမာ
ကျွန်တော်တို့၏ တက္ကသိုလ်ဖြစ်ပါသည်။

မျက်နှာချင်းဆိုင် အဆောင်မှာ
ဆရာ ဒဂုန်တာရာကို လှမ်း၍ မြင်ဖူးပါသည်။

ခင်ဗျား အဲဒီတုန်းက ဘယ်မှာလဲ
လူငယ်တစ်ယောက်က မေးလိုက်ပါရဲ့။

ရာဇဝင်၊ အသက်ရှူသံ
နံရံ
အမြန်ပြန်ရစ်တဲ့ ရုပ်ရှင်ကား
ရေငတ်သလို အမှန်တရား
ကျွန်တော် နားစွင့်နေပါရဲ့။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ