> သီဟသူ [dot] blogspot [dot] com: March 2012

Mar 31, 2012

နီတိများ


နီတိဟာ အနီရောင်ရှိတယ်၊ တိလည်းတိကျတယ်၊ ဒါကြောင့် ဒီလိုခေါ်ကြတယ် နီတိလို့။ နီတိဆရာတစ်ယောက်က ပြောတယ် နီတိတွေကို အရမ်းမယုံနဲ့တဲ့။ ဒါဟာ နီတိတစ်ခုပါပဲ။၊ နီတိဟာ ဒီနေ့ မှန်နေပြီး မနက်ဖြန်မှာ မှားယွင်းနိုင်တယ်။ ဒါပေမဲ့ သန်ဘက်ခါကျတော့ မှန်ချင် မှန်လာပြန်ရော။ နီတိတွေကို မှားယွင်းရကောင်းလားလို့ ဘယ်တော့မှ အပြစ်မဆိုလေနဲ့ကွဲ့။ ငါတို့ခေတ်ရဲ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး နားလည်ရခက်လွန်းတော့ နီတိတွေဟာ အစိတ်အပိုင်းအားလုံးကို ခြုံငုံမိဖို့အခက်အခဲတော့ ရှိပေသပေါ့။ နီတိဆရာတစ်ယောက်ဟာ သူ့နီတိတွေကို ပြောပြဖို့ ကြိုးစားချင်တယ်။ ဒါပေမဲ့ နီတိဟာ ပေါင်မုန့်မဟုတ်လေတော့ သာမန်လူတွေ စိတ်ဝင်စားလို့ မလွယ်ဘူးကွယ်။ ဒါပေမဲ့ နီတိဟာ နီတိပါပဲ။ နီတိဟာ ပေါင်မုန့်မဟုတ်ပေမယ့် နီတိဟာ ပေါင်မုန့်ကို ပို၍အရသာ ရှိစေပါတယ်။ နီတိဆရာက ဒီလိုပြောတယ်။ ပေါင်မုန့်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ သင် ဆာလောင်မွတ်သိပ်နေတဲ့ အချိန် ပါပဲတဲ့။ ဒါကြောင့်လည်း နီတိဆရာတွေကို ရှေးရှေးကတည်းက လေးစားလာကြတာပဲ။
နီတိတစ်ခုကို ငါပြောပြမယ်။ ပေါင်မုန့်တစ်လုံးကို လူနှစ်ယောက် ခွဲဝေစားတဲ့အခါ ပျော်ရွှင်ဖွယ်အရသာကို ရလိမ့်မှာလို့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 30, 2012

ဝါကျဖြစ်သွားသော အက္ခရာများ (ဖတ်ရန်သက်သက်သာ)


သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်
ဝေဒနာတွေဟာ ဆေးဖက်ဝင်တယ်
ဒုက္ခတရားစာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်တယ်
ဆာလောင်ခြင်းဟာ သိပ် အရသာရှိတယ်
အထီးကျန်ခြင်းဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်
စာမေးပွဲကျပြီးရင် ကိုယ်ပိုင်ဉာဏ် ပိုရှိမယ်
ငါ ပြောပြမယ်
ငိုသံတွေဟာ လာမယ့်နှစ်မှာ အရွှင်မြူးဆုံးကွဲ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 29, 2012

မနက်ဖြန်ကျရင်


မနက်ဖြန်ကျရင် လခထုတ်မယ်
မနက်ဖြန်ကျရင် ငါနေကောင်းပြီ
မနက်ဖြန်ကျရင် အဖေပြန်လာတော့မှာ
မနက်ဖြန်ကျရင် အဖူးတွေဖူးပြီ
မနက်ဖြန်ကျရင် စာပို့သမားလာမယ်ထင်တယ်
မနက်ဖြန်ကျရင် ဒီပုစ္ဆာကို နောက်တစ်ခါ ပြန်မတွက်တော့ဘူး
မနက်ဖြန်ကျရင် စာရွက်ပေါ်မှာ ငါဆိုတဲ့စာလုံးရေးပြီး
ပြတင်းပေါက်ကနေ လွှတ်ချလိုက်မယ်
မနက်ဖြန်ကျရင် ငါ့ကိုမမေ့ပါနဲ့
မနက်ဖြန်ကျရင် ပဲစေ့ကလေးတွေအတိုင်း ငါလိုက်သွားမယ်
အားလုံးပြန်ဆုံကြမှာပါ။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 28, 2012

တစ္ဆေသင်္ဘော


ဥသြသံကြားရတဲ့အခါ ငါဘယ်လိုမှ မနေနိုင်ဘူး
သင်္ဘောပေါက်ပေါ် တက်လိုက်ခဲ့မိတယ်
သင်္ဘောပေါက်ဟာ အမှောင်ထဲခုတ်မောင်းတယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့အမှောင်ထဲမှာပေါ့
သင်္ဘောပေါက်ဟာ ပို၍ နက်ရှိုင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းတယ်
ဝေးလံပါစေ၊ နက်ရှိုင်းပါစေ၊ မှောင်မိုက်ပါစေ ငါဟာ သင်္ဘောပေါက်ပေါ်မှာ
တက်လိုက်ခဲ့မိပြီးပဲ။
အလင်းရောင်ကို ဘယ်တော့ မြင်ရမှာလဲ
မှောင်ထဲမှာ တွေးမိရဲ့။ အကြိမ်ကြိမ် ငါတွေးမိရဲ့
သင်္ဘောကတော့ ရွေ့မြဲရွေ့လျက်ပါပဲ။
အလင်းရောင်ကို ငါ မေ့သွားတဲ့အခါ မှောင်ထဲမှာ အရာရာကို မြင်လာရတယ်။
သင်္ဘောပေါက်ပေါ်မှာ ခရီးသည်တွေ ဟိုမှာတစ်ယောက်
ဒီနားမှာတစ်ယောက်၊ ဟောဟိုမှာတစ်ယောက်
မှောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မြင်လာရတဲ့အခါ
ပျော်ရွှင်လာသလိုလို၊ ထိတ်လန့်လာသလိုလို
ဒီအချိန်မှာ သင်္ဘောဟာ ဥသြသံရှည်ကို ဆွဲလိုက်တယ်
ငါဘယ်လိုမှ နေလို့မရအောင် ဆွဲငင်လိုက်တဲ့အသံပေါ့
ဒီအသံက သူဟာ ရေအောက်ကြမ်းပြင်ဆီ ဦးတည်ခုတ်မောင်းနေပြီ ဖြစ်ကြောင်း
ကြေညာလိုက်တဲ့ သင်္ဘောရဲ့ သတင်းစကားလည်းဖြစ်ရဲ့။
ရေအောက်ကြမ်းပြင်မှာ မြို့ပြနိုင်ငံတစ်ခု ရှိနေသလား
သင်္ဘောပေါက်ဟာ ခုတ်မောင်းတယ်၊ နစ်ဝင်ရင်း တအိအိ နစ်မြုပ်ရင်း
အမှောင်ထဲမှာ၊ ပိန်းပိတ်မည်းမှောင်ထဲ အမှောင်ထုထဲမှာ တရွေ့ရွေ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 27, 2012

ဖားပြုပ်


ဖားပြုပ်တစ်ကောင် ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ မိုးဖွဲဖွဲကလေး ရွာနေသည်။ ကတ္တရာလမ်းတစ်ဖက် ရေမြောင်းထဲက တက်လာတဲ့ဖားပြုပ် ရပ်လိုက် ခုန်ဆွ ခုန်ဆွရွေ့လိုက်နှင့်။ ကတ္တရာလမ်းမက စွတ်စိုအေးမြနေသည်။ ဖားပြုပ်သည် ခုန်ဆွ ခုန်ဆွနှင့်။ မှောင်ရီရီ ညဦးပိုင်း ကတ္တရာလမ်းမပေါ်မှာ မော်တော်ကားတွေ မီးဖွင့်ကာ မောင်းနှင်သွားလာနေကြသည်။ ကားမီးအလင်းထဲမှာ မိုးစက်တွေ တဖွဲဖွဲမြင်ရသည်။ မော်တော်ဆိုင်ကယ်တစ်စီး ဝေါခနဲ မောင်းနှင်သွားသည်။ စက်ဘီးတစ်စီး နင်းလာပြန်သည်။ ဖားပြုပ်က ခုန်ဆွ ခုန်ဆွနှင့်။ ရပ်လိုက်ပြန်သည်၊ ဣန္ဒြေကြီးပါပေ့။ ကတ္တရာလမ်းမပေါ်မှာ ဖားပြုပ်ရောက်နေသည်။ ခုန်လိုက်သည်၊ ပြန်ကျသည်။ ငြိမ်သွားပြန်သည်။ မိုးစက်တို့ တဖွဲဖွဲ။ ကုန်တင်ကားကြီးတစ်စီး အော်မြည်ကာ ဖြတ်မောင်းသွားသည်။ ဖားပြုပ်သည် ကားဘီးများကြားမှ ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ နရီမှန်မှန် ရွေ့နေပုံမျိုး ဖြစ်သည်။ ဖားပြုပ် ထပ်ခုန်လိုက်ပြန်သည်။ ဝေါခနဲ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသည်။ ဖားပြုပ်ရပ်နေသည်။ ခဏလေးပါပဲ။ ခုန်ဆွ ခုန်ဆွနှင့် ရွေ့ပြန်သည်။ မီးရောင်ဝင်းဝင်းနှင့် လေးဘီးကားတစ်စီး အရှိန်ဖြင့် ဖြတ်မောင်းလာသည်။ ဖားပြုပ်ဘယ်ရောက်သွားပြီလဲ။ မှောင်ရီရီ ကတ္တရာလမ်းမထက် မိုးစက်မှုန်မှုန်တွေထဲမှာ ဖားပြုပ်ရှိနေသည်။ ခုန်လိုက်သည်။ ကတ္တရာလမ်းမအစပ်သို့ သူရောက်လာပြီ။ ရပ်လို့၊ ဣန္ဒြေကြီးပါပေ့၊ မသိမှုနဲ့ ဣန္ဒြေကြီးပါပေ့။ စက်ဘီးတစ်စီးက ဘဲလ်သံ တလွင်လွင်နှင့် နင်းသွားသည်။ ကတ္တရာလမ်းပေါ်မှာ မီးရောင်ဝင်းဝင်း ထိုးလိုက်တိုင်း မိုးစက်မိုးမှုန်တွေ တဖွေးဖွေး။ ဖားပြုပ် ခုန်ဆွ ခုန်ဆွနှင့်။ လမ်းဟိုတစ်ဖက် ရောက်သွားပြီ။ မိုးအေးအေး ကျောက်တုံးတစ်တုံးရဲ့ ထောင့်ကွေးမှာ ဝပ်ရင်း တစ်ညလုံး အော်မြည်ပေရော့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂