> သီဟသူ [dot] blogspot [dot] com: ရေ၀တီ
Showing posts with label ရေ၀တီ. Show all posts
Showing posts with label ရေ၀တီ. Show all posts

Mar 9, 2021

ရုန်းကန် ရန်ကုန်

ရန်ကုန်ကို မအိပ်စေချင်ရင်
ရန်ကုန်ဟာ မအိပ်ဘူး။
ရန်ကုန်မအိပ်ရင်
တော်လှန်ရေးဟာလည်း
မအိပ်ဘူး။

ခု လှုပ်ကြည့်တယ်
လှုပ်တယ်။
ဘီလူးစီးလို့ လှုပ်တဲ့မြို့ကြီးမဟုတ်
အသိဉာဏ်နဲ့ လှုပ်တဲ့မြို့ကြီး။

ရန်သူတွေက
အင်အားကြီးယောင်ပြရင်
သူတို့ အင်အားနည်းနေလို့ပေါ့။
ရန်ကုန်ဟာ ဒါကို
ရုန်းကန်နေတဲ့ကြားမှာ
ဖော်ထုတ်လိုက်တယ်။

ရန်ကုန်ရဲ့
လက်မောင်းကြွက်သားတွေကို
သူတို့ဖြုံတယ်။
ရန်ကုန်ပေါ့။
ရန်ကုန်ဟာ
မင်းကိုခါးပြောသလို
ပြန်လာပါတယ်။

ရန်ကုန်ဟာ ပြန်လာမယ်တဲ့။
ရန်ကုန်ဟာ ပြန်လာနေပြီ။

ရန်သူတို့ရဲ့
သွေးရူးသွေးတမ်း တုံ့ပြန်ပုံကို
ကမ္ဘာက သိသွားတယ်။

အဲဒီမှာ ရန်ကို ကုန်ဖို့လမ်းစ။
ရန်ဟာ ကုန်မှာပဲ။
ရန်ကုန်ပဲလေ။

ဖြတ်ခနဲ လူးလွန့်သွားတဲ့
ရန်ကုန်ည လမ်းမများဟာ
ကြွက်သားတွေပေါ့။

ရန်ကုန်ဟာ
နောက်ဆုံးလက်သီးအတွက်
ရှိနေပြီ။

ရေဝတီ
၈-၃-၂၀၂၁

Dec 30, 2014

ညီမလေး

#1
ကို့ အသေကောင်ကို
မြေသားကတုတ်ကျင်းတွေထဲ
လိုက်ရှာတော့ ညီမလေး။
စစ်ဟာ မြို့ပြမှာလည်း
ရှိတယ်။
ရှိတယ်။ သေချာတယ်။


#2
ငရဲဆီသွားတဲ့လမ်းကို
စေတနာနဲ့ခင်းပေးထားတယ် တဲ့ စကားရှိတယ်။
စေတနာနဲ့ခင်းပေးထားတဲ့ လမ်းတွေကို သတိထားပေါ့ ညီမလေး
ရှင်သန်ခြင်းဆိုတာ
နတ်သမီးပုံပြင် မဟုတ်ဘူး။
စီစီဖတ်စ်ရဲ့ တောင်တက်ခရီး။


#3
အဲဒါတွေကို နားမလည်ဘူး
ဒါပေမယ့် ဆက်ရေးပေးနော်လို့ပြောတဲ့
ညီမလေး..
ကို့အနာတွေက
ကဗျာပေါ် ကျတဲ့တုတ်လိုပဲကွယ်။


#4
နှုတ်ခမ်းတွေက ခြောက်ကပ်နေတုန်း
နှလုံးသားက ပူနွေးစိုစွတ်နေတာ
ပြဿနာမရှိပါဘူး ညီမလေး
တေးသံတွေဟာ နှုတ်ခမ်းက ထွက်လာတာမဟုတ်ဘူး
နှုတ်ခမ်းတွေ စိုပြေနီတျာနေချိန်
ရင်ဘတ်ထဲ အမှောင်တိုက်ဖုံးနေတာ ခက်မယ်
ခါးသီးတဲ့စကားလုံးတွေဟာ
နှလုံးသားရဲ့ ထုတ်ကုန်တွေမဖြစ်ဖို့သာ လိုအပ်တာ


#5
လမ်းတွေက သိပ်ဖြူးနေတာ့
ချော်ကျမှာ စိုးရတယ်
တို့က တောင်ကုန်းတွေပေါ်က ဆင်းလာတာလေ
ခဲလေးတွေရှိတော့ ခြေကုပ်ရတာပေါ့ ညီမလေး


#6
သူစိမ်းပြင်ပြင်ဖြစ်မှုဟာ
မြူဆွယ်ဖြားယောင်းစရာမလိုဘဲ
နေရာတကာပြန့်နှံ့ပါတယ် ညီမလေး
ဒီတော့ ခက်ခက်ခဲခဲလေး
နွေးထွေးကြစို့ရဲ့။


#7
ကံဆိုးသူ
======
ကျွန်တော်ဟာ
ညီမလေးကြိုက်မယ့်
ကဗျာတွေ
မရေးတတ်သေးဘူး


#8
ရိုးအီနေတဲ့ စာသားတွေကို
ကဗျာဆရာတွေက မကြိုက်ဘူးကွယ်
ကိုတို့ စာသားအသစ်တွေ ရှာကြမယ်


#9
ညီမလေး
တိုက်ဆိုင်မှုများစွာထဲမှာ
ဒီအမြတ်တနိုးခေါ်ဆိုမှုက
တခြားသူတွေရဲ့ သုံးစွဲမှုတွေနဲ့
ထပ်တူနေခဲ့သည် ရှိတဲ့အခါ
ငါ့တစ်ဦးတည်းကို ခေါ်တာပဲလို့
သတိရလိုက်ပါ။


#10
ညီမလေး
ခေါင်းမြီးခြုံအောက်က
လူသတ် စိတ်သတ်
ခပ်ထက်ထက် လက်နက်တွေ
ဆောင်ကြတဲ့ခေတ်အခါ
ပန်းကလေးတစ်ပွင့်ပန်ပါ
ရိုးစင်းစွာ ဝတ်စားနေထိုင်ပါ
ဘာဟာ တည်တံ့သလဲ
ကိုတို့ရဲ့ လွတ်လပ် လုံခြုံမှုကလွဲလို့


#11
ညီမလေး
အဝေးကြီးမှာကျန်ခဲ့တာတွေရယ်
ရောက်လာဖို့ အဝေးကြီးလိုသေးတာတွေရယ်
ဒီနှစ်မျိုးက ခုလက်ရှိ နာရီပေါ်က စက္ကန့်တံလေးကို
ဝါးမြိုတယ်
ကိုအမှားတွေ လုပ်ခဲ့မိတယ်
အဲဒီထဲမှာ ညီမလေးတော့ မပါခဲ့ဘူး
ညီမလေးက အမှားတွေ များများမရှိခဲ့ဘူး
တစ်ခုပဲ
ကို့ကိုရွေးမိခဲ့တယ်
ကိုတို့ တစ်စက္ကန့်ချင်း ဆက်သွားကြမယ်


#12
ပြဇာတ်လေးတစ်ပုဒ်ရေးမယ်
ဆောင်းပါးလေးတစ်ပုဒ်လက်စသတ်မယ်
နှစ်တစ်နှစ်ကုန်တယ်ဆိုတာ ပြက္ခဒိန် လဲတာပါပဲ။
မမြဲခြင်းအနိစ္စထဲမှာ မြှုပ်ထားတဲ့ ရတနာအိုးကြီးထက်
အိပ်မက်တွေက စျေးပိုကောင်းတယ်
ညီမလေးရေ
နံနက်ခင်း မျက်နှာသစ်ပြီးချိန်ကစလို့
နေ့စဉ်ရယ်မောပါကွယ်

ရေဝတီ



Apr 9, 2012

ဂရင်းဂိတ်


စာတိုက်မှတ်တိုင်မှာ ဆင်းပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ငါတို့အိမ်ကို ရောက်လိမ့်မယ်။ အိမ်ရှာရခက်မှာ စိုးရင်တော့ ဖုန်းကြိုဆက်ထားပေါ့။ အိမ်မှာ ငါတစ်ယောက်တည်း။ ခြံ၀င်းတံခါးဝက အစိမ်းရောင်။ အဲဒီက လှမ်းကြည့်လိုက်ရင် စာအုပ်တွေ ပြန့်ကျဲနေတဲ့၊ ပန်းကန်ခွက်ယောက်တွေ ဖရိုဖရဲနဲ့ အိမ်သေးသေး တစ်လုံးကို မြင်ရမှာပဲ။ မျက်နှာကျက်မှာရော၊ ကြမ်းမှာပါ ဝါးကြောဖျာတွေကို ကပ်ထားတယ်။ နွေရာသီဆိုရင် နေထိုင်ရ သက်သာအောင်ရယ်၊ အကုန်အကျ နည်းအောင်ရယ်။ အိမ်ကလေးကို ခြတွေလက်ထဲက ကယ်တင်ခဲ့ရတာလို့ ပြင်ပေးတဲ့သူတွေက ပြောတယ်။ ပုရွက်ဆိတ်တွေနဲ့ ခြင်တွေများတာကြောင့် အင်းဆက်တွေရဲ့ ဘုံဗိမာန်လို ဖြစ်နေတဲ့ အိမ်ကလေး။ အဲဒီ အိမ်ကလေးထဲမှာ ငါ ပန်းချီဆွဲတယ်။ စာဖတ်တယ်။ ဂိမ်းကစားတယ်။ ရံဖန်ရံခါ ငါ သိပ်တွေ့ချင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတချို့ လာလည်ကြတာကလွဲလို့ ငါတစ်ယောက်တည်းပါပဲ။

အိမ်ကလေးက သေးတော့ အတွေးအကြီးကြီးတွေကို တင်မထားနိုင်ဘူး။ နင့်ကိုသတိရတဲ့အကြောင်း တွေးမိရင် အိမ်လေးထဲမှာ ငါနေမရတော့ဘူး။ လက်ဖက်ရည်ဆိုင်ကို ထွက်သွားရပြီ။ ပိုက်ဆံလည်း ရှိနေတယ်ဆိုရင်ပေါ့။ ဒါပေမယ့် နင်လာလည်ရင်တော့ ပျော်မှာပဲလို့ ငါသေချာသိတယ်။ ငါပျော်ဖို့ နင့်ကို လာရမယ်လို့ မတိုက်တွန်းချင်ပါဘူး။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ အင်မတန် လှည့်ဖျားတတ်တဲ့အရာပဲ။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ ဘာလဲလို့တော့ ငါမသိဘူး။ တွေးပြီးမသိဘဲ ခံစားကြည့်ရင် သိနိုင်တဲ့ အရာတွေတော့ ရှိတယ်။ ရှိမယ်လို့ ငါထင်နေတယ်။

ဟိုး ငယ်ငယ်လေးတည်းက ငါနေထိုင်ခဲ့တဲ့ ဘဝက အဲသလိုပဲ။ နင်တော့ ပျင်းမိမှာ။ နင် ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောရင် ငါ မျက်စေ့ထဲမှာ ပုံဖော်ကြည့်တယ်။ နင်ပြောပြနေတဲ့ပုံကို ကြည့်ရတာ သိပ်ပျော်စရာ ကောင်းခဲ့တဲ့ပုံပဲလို့ ငါယူဆလိုက်တယ်။ ငါလည်း ပျော်လာတယ်။ ဒါပေမယ့် ငါဘာသာ သေချာနေထိုင်ခဲ့တဲ့ ဘ၀ကိုကျတော့ ပျော်မပျော် ငါမသိဘူး။ ငါက လူဝင်စားတဲ့။ လူသူလေးစားတဲ့ တိုင်းရင်း ဆေးဆရာကြီးတစ်ယောက် ၀င်စားတာတဲ့။ လူတွေရဲ့ အဲသလို ယုံကြည်နေမှုက သုံးလေးနှစ်အရွယ် စကားပြောတတ်ကတည်းက ငါ့ကို ချုပ်နှောင်တော့တာပဲ။ ငါကလည်း အဲဒီ ချုပ်နှောင်မှုကြီးထဲကို အလိုက်မသိ တိုးဝင်ခဲ့တာ။ အရွယ်ရောက်ပြီး မကြာဘူး၊ ငါပြန်ကြည့်လိုက်တော့ ငါ့ကိုယ်ငါ တော်တော် စိတ်ပျက်သွားတယ်။ ငါ့မှာ ကလေးဘဝ မရှိခဲ့ဘူး။

မရင့်ကျက်တဲ့ဘ၀တော့ ငါ့မှာ ရှိခဲ့ပါတယ်။ နင်ဒါတွေကို စိတ်၀င်စားချင်မှ ၀င်စားမယ်။ ဒါပေမယ့် ငါပြောချင်သေးတယ်။ လူ့အဖွဲ့အစည်းလို့ ပြောပြော လောကလို့ပြောပြော အဲဒီ အဆောက်အအုံကြီးထဲမှာ ငါ နေထိုင်ခဲ့ရတာပဲ။ လူတွေက ဒါကောင်းတယ်လို့ ပြောရင်၊ ငါလည်း ကောင်းတယ်လို့ သတ်မှတ်လာခဲ့တယ်။ ဒါ ဆိုးတယ်လို့ သတ်မှတ်ရင် ငါလည်း ဆိုးတယ်လို့ လိုက်ပြောရတယ်။ ငါ့ဘာသာ ခုလို အိမ်လေးထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ အချိန်တွေကျမှ စဉ်းစားကြည့်တယ်။ ကောင်းတယ်ဆိုးတယ် ဆိုတာတွေက လူတွေ အများနဲ့ ဆက်ဆံရတဲ့ အချိန်တွေမှာပဲ ရှိနေတာပါလားလို့လေ။ ငါဘာသာ တစ်ယောက်တည်းရှိရင်ဖြစ်ဖြစ်၊ နင်နဲ့ ခဏရှိခွင့်ရတဲ့ အချိန်တွေဖြစ်ဖြစ် ကောင်းတယ် ဆိုးတယ် ဆိုတဲ့ စကားလုံးတွေရဲ့နောက်မှာ ဘာကြောင့်လဲ ဆိုတာကို ဆက်မတွေးချင်ဘူး။ အားလုံး သူ့ဟာနဲ့သူ ကောင်းရင် ကောင်းမယ်၊ ဆိုးရင်ဆိုးမယ်ပေါ့။ နင်ယုံကြည်တာတွေလည်း ရှိတယ်။ အဲဒါတွေကို နင်ကောင်းတယ်လို့ သတ်မှတ်ယူဆနိုင်တယ်ဆို ပြီးတာပဲ။


နင့်လိုပဲ ဒီအိမ်လေးကို ရောက်မလာခင်တည်းက ငါ ကောင်းတယ်လို့ ယုံကြည်ခဲ့ဖူးတာတွေကို လူတွေကို လိုက်ပေးခဲ့တယ်။ ငါက အဲဒီတုန်းက ယုံကြည်မှု တစ်ခုခု ငါ့မှာ ရှိနေလို့လည်း ဖြစ်မယ်။ ငါ စာကြည့်တိုက်ကြီးတွေကို သိပ် သဘောကျတာပဲ။ ဒါကြောင့်မို့ စာကြည့်တိုက်ကြီးတွေ ဖန်တီးပေးတတ်တဲ့ လူ့အဖွဲ့အစည်းကြီးကို ကျေးဇူးတင်ခဲ့ပြန်တယ်။ တခြားသူတွေအတွက်လည်း စာကြည့်တိုက်တစ်ခုနှစ်ခုလောက် ချန်ခဲ့နိုင်ရင် ကောင်းမယ်လို့ တွေးပြီး ကြိုးစားခဲ့တယ်။ နင့်ဆီကလည်း အကူအညီတွေ ယူခဲ့ရပါတယ်။ ငါ အကျိုးသင့် အကြောင်းသင့် တွေးရတာကို စိတ်ဝင်စားတယ်။ ဒါကြောင့်မို့ ငါ စာသင်ဖို့ ကြုံလာရတဲ့အခါမှာ စာလာသင်တဲ့သူတွေကို အကျိုးသင့် အကြောင်းသင့် တွေးတဲ့နည်းကို မျှဝေပေးကြည့်တယ်။ ပြီးတော့ အကောင်းမြင်တတ်တဲ့ စိတ်မျိုး၊ နောက်ပြောင်ကျီစယ်တတ်တဲ့ ပေါ့ပါးမှုမျိုး။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို ငါ ပြန်ပေးဖို့ ကြိုးစားခဲ့တာတွေက လူ့အဖွဲ့အစည်းထဲ သေသေချာချာ ပြန်ရောက်ရဲ့လားဆိုတာတော့ မသိဘူး။ လူ့အဖွဲ့အစည်း ဆိုတာက အကြီးကြီး၊ ငါဆိုတဲ့ကောင်က ဘယ်လောက်များ ကြီးကျယ် ခမ်းနားနေလို့လဲ။ နင် ရယ်မိတော့မယ်နဲ့တူတယ်။

ဒီလိုနဲ့ ငါစောင့်နေခဲ့တယ်။ ဘာကို စောင့်နေခဲ့တယ်ဆိုတာတော့ မသိဘူး။ စောင့်နေတဲ့ထဲမှာတော့ နင်လည်းပါတယ်။ ငါ ဘယ်တော့မှ မသိနိုင်တဲ့ အပြည့်အစုံသိမှု ဆိုတာလည်း ပါတယ်။ ငါ လောကကြီးကို ဘာမှ ပေးဖို့ မကြိုးစားတော့ပါဘူး။ လုံလောက်ပြီ။ လောကကြီးပဲ စွန်းထင်းကျန်ခဲ့မလား၊ ငါပဲ စွန်းထင်းခံခဲ့ရတာလား မသိဘူး။ ကဗျာဆရာ အဲလီယော့က ရေးခဲ့တယ်။

“This is the way the world ends

Not with a bang but a whimper.” တဲ့။

ဘဝတစ်ခုရဲ့ အဆုံးသတ် ဆိုတာဟာလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ခပ်ဖွဖွတိုးတိုး ညည်းသံကလေးနဲ့ တိတ်တိတ်ကလေး ပြီးသွားတာပါပဲ။ ခြံရှေ့က အစိမ်းရောင် တံခါးရွက်တွေကိုတော့ ငါစေ့ရုံပဲ စေ့ထားတာပါ။ နင်ရောက်လာဖြစ်လို့ ငါ့ကိုမတွေ့ရင်လည်း ပြန်တဲ့အခါ ပြန်စေ့ထားခဲ့လိုက်ပေါ့။

ရေဝတီ

Sep 3, 2011

ကြီးကောင်ဝင်ချိန်

ဘယ်အချိန်ကလဲတော့ မသိလိုက်နိုင်ဘူး
ဒါပေမယ့် သူက သွေးပျက်မှုတွေနဲ့
ရင်ခုန်နေတာ အမြင်ကပ်စရာ
ဟနေတာ အကြီးကြီးပေါ့
ဆင်ဆာတွေ စောစောနေတာလေ
ကြေမွသွားခဲ့တယ်ဆိုတာ သီချင်းစာသားတစ်ခုလောက်ပဲ
ကိုယ့်ခရီး ကိုယ်လျှောက်ရတာချည်း
စောစောထပြီးရင် ကိုယ့်ကိုယ်ကို
တစ်ပတ်ပြည့်အောင်တော့ ပြေးကြည့်ငါ့ညီ
မနေ့ကမင်းကို ဒီနေ့မင်းက
အစ်ကိုတော်တယ်ဆိုတာ မမေ့နဲ့ပေါ့
ညနေခင်း မင်းဆီမင်း ပြန်မလာမိရင်
ဘယ်မှာအိပ်မလဲဆိုတာ
ငါတို့က လိုက်ပူနေရဦးမှာလား
အသံတွေပြောင်းလာခဲ့တာ
အမွေးအမှင်တချို့နဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ
ပြောင်းလဲခဲ့တာ
အားလုံးကို သတိရှိရှိနဲ့ ဂိုးပေါက်ကနေ
စောင့်ဖမ်းနေရမှာ
မင်းက ရှေ့တန်းမကန်ချင်ရင်
နောက်တန်းက ခံစစ်မကစားချင်ရင်
ဂိုးတွေတော့ ဘယ်တော့မှ မပေးမိစေနဲ့
ပေးမိရင်လည်း မများစေနဲ့
များသွားတော့လည်း အရှုံးကို
ပြုံးပြုံးကြီးပေါ့
မနေ့ကကောင်ကို ငါလှမ်းပြောခဲ့တယ်
မင်း ကြီးကောင်ဝင်နေပြီကွာ။

ရေ၀တီ
၎ သြဂုတ် ၂၀၁၁

Sep 1, 2011

မနေ့က

အားလုံးမူးတယ်
ကမ္ဘာကြီးနဲ့တော့ မချီပါဘူး
ဒါပေမယ့် လိင် အသားအရောင်နဲ့ ဘာသာစကား
ခွဲခြားမှုမရှိဘဲမူးတယ်
သေမယ်ဆိုရင် သွားသေလိုက်လို့ရတယ်
အဲလောက်ထိ
ရှင်မယ်ဆိုရင်တော့ သတိထား
မြောင်းဖုံးတွေက စိတ်မချရဘူး
မကြာခဏ နေကောင်းသွားနိုင်တယ်/သရိုးသရီ ဖြစ်သွားနိုင်တယ်။

ဒီနေ့ ဘာထူးလဲမသိသေးဘူး
ဒီနေ့ ဘာတစ်လုံးကောင်းလဲ မပြောတတ်သေးဘူး
သေချာတာတစ်ခုက သေတာစိတ်ချရတယ်
ဒါပေမယ့် သေချင်တိုင်း သေမယ်ထင်လို့လား
လေးထပ်ပဲရှိတာ ခြောက်ထပ်လောက်မှ စိတ်ချရမယ်
ငိုက်လာပြီဆိုရင် လှဲနေလိုက်။

လှဲနေတာထက် ပိုငိုက်လို့ရတဲ့
ဣရိယာပုထ်မရှိသေးဘူး၊ စောင်းနေတာထက်
အတော်နိပ်တယ် ပျော်ပျော်ပါးပါးနေပါ
ထုသိပ်လိုက်တာနဲ့ အာမင်ရွတ်သံနဲ့ကြားမှာ
တစ်ဖန်ခွက်ပဲခြားမယ်
ကိန်းဂဏန်းတွေအရောင်တွေနဲ့ ချီတက်မယ်
ဖျော့လာရင် တင်မယ်။

ရင်ခုန်သံနဲ့ထုဆစ်ထားတယ် လာခဲ့ပါ
အော်လ်တာနေးတစ်ဗ်များများလေး
တသမတ်တည်းရှိမှုကနေ
ဇယားကထိုးတက်သွားလိုက်တာ
အိပ်မက်တွေတောင် သာယာသွားတယ်
နောက်တစ်ခါအကြောင်း မဟနဲ့
နက်ဖန်ဆိုတာမရှိဘူး
ကစားပွဲစည်းမျဉ်းကတော့ ဒီနေ့မုန့်မရဘူး
မနေ့က မုန့်ရတယ်။

ရေ၀တီ

Aug 31, 2011

အထူးအမြန်

အိပ်မက်တွေ
ဒါတွေကို ဒီနေ့ခေတ်လူသားက
အာရုံမကျတော့ဘူး
ထမင်းတစ်လုပ်ကိုသယ်ဖို့
လက်ငါးချောင်းကို အလိုက်သင့်အလျားသင့်သုံးဖို့
အာရုံကျနေတယ်။ ဟောကြည့်
မင်း ဇွန်း၊ ခက်ရင်း၊ ဓားနဲ့ စားမြိန်စားမှ မတတ်ဘဲ။

ကဗျာဆိုတာက
ခေါင်းကို ခဏခဏ ပြူမထုတ်ရတဲ့
ဘတ်စ်ကားစီး ခရီးသည်ပဲ
ထိုင်ခုံရရင်တောင် ကံကောင်း
ချွေးတွေလည်းထွက်မယ်
ကဗျာနဲ့ အိပ်မက် ဆွေမျိုးဆက်တာ
ရှေ့သုံးလေးမှတ်တိုင်မှာ
ဆင်းမယ့်ကိစ္စ မေ့သွားလို့ဖြစ်မယ်။

လာရင်းကိစ္စပြောပါ
အချိန်တွေက ပြန်အမ်းဖို့အကြွေမရှိဘူး
ဒါနဲ့ အိပ်မက်တွေ ပြန်ပြန်အမ်းနေတာ
ခေတ်ပေါ် ငွေကြေးလဲလှယ်မှု
အတုတွေ အစစ်တွေထားပြီး
လက်တွေ့ အလုပ်ဖြစ်ရေး အသိဥာဏ်ကို
စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း။

မနှေးကွေးပါနဲ့
မွေးရာပါနဲ့ သေရာပါအမှတ်အသားတွေ
လူကြီးမင်းအနေနဲ့ နေ့တစ်နေ့ချင်းကို
ဘယ်လို ကုန်ခမ်းအောင် သုံးစွဲရပါသလဲရှင့်
ဒီလိုရှိပါတယ်။ ခင်ဗျားမသုံးစွဲခင်မှာပဲ
ရက်လွန်ခြင်း၊ အငွေ့ပျံခြင်းနဲ့
ဖိတ်ကျယိုစီးခြင်းတွေကို မျက်နှာပူရမှာပါ။

ရေ၀တီ

Dec 17, 2010

တစ်ယောက်တည်း ထိုင်နေခြင်း

ရိုးရှင်းစွာ ၀ယ်ယူခဲ့တဲ့ အရာဝတ္ထုများ
မှတ်မှတ်မိမိ မမှတ်မိတော့တဲ့ ကောင်မလေး
လက်ဖက်ရည်တွေ အေးကုန်ပြန်ပြီ။

ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Nov 20, 2010

ဆက်လက်ရေးသားဆဲကိစ္စ

တစ်ညတည်းနဲ့ အပြီးအပြတ် ကုသနိုင်ဖို့ဆိုတာ မရေရာတဲ့ကိစ္စ။ မနေ့က အကြောင်းတွေ၊ ပြီးတော့ တနေ့က အကြောင်းတွေ၊ လေးထောင့်ပုံစံ အရေးအသားတွေ ရင်ဘတ်ထဲမှာ လာလာပြီး ခိုဝင်နေတယ်။ လက်ညှိုးနဲ့ လက်ခလယ်ကြားက စီးကရက်ထိပ်ဖျားမှာ လာရောက် ခိုနားနေတယ်။ ထွေးပစ်လိုက် တဲ့ ကွမ်းသွေးတွေထဲ၊ မျိုချလိုက်ရတဲ့ ပူပြင်း ခါးသီးတဲ့ အရသာပျော်ရည်တွေထဲ မှာပါ စီးမျောနေတယ်။ ဒါပေမယ့် မပြီးနိုင်အောင်ပဲ ငါက ဆက်လက်ရေးသားနေ လို့၊ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ဂီတတွေက ငါ့ကို ဆက်လက်ရေးသားနေ လို့၊ ခဲကောက်ကြောင်းတွေက ငါ့အတ္တကိုပါ ကျူးကျော်ပြီးတော့ ဆက်လက်ရေး သားနေကြလို့။ ငါ ငါ ငါ ဘယ်သူမှ မပါဘဲ တစ်ယောက်တည်း ရန်ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ စိန်မခေါ်ရဘဲ ငါ့ကိုယ်ငါ ကုန်းကိုက်နေတယ်။ သွေးတွေ၊ ကိုယ်ခန္ဓာ၊ အမှတ်သညာတွေကို ထွေးထုတ်လိုက်၊ မျိုချလိုက်၊ ဖြစ်တည်မှုကို ကျိတ်ခွဲလိုက်၊ ဖွဲ့စည်းစေလိုက်၊ လွန်းသွားတစ်ချောင်း၊ ပစ္စတင်တစ်ချောင်း။ အကောင်းစားတွေနဲ့ နေပေဦးတဲ့ … သေရာပါကိစ္စတွေက မသေသေးကြဘူး။ ဒီတော့ နောက်တစ်လ၊ နောက်တစ်ပတ်၊ နောက်တစ်ရက် ဆက်ပြီးဖတ်ရှုဖို့ စာညွှန်းတိုတိုလေး တပ် မထားရင်တောင်မှ အသက်ရှုနေတာကို ရပ်တန့်လိုက်ဖို့ကိုသာ စဉ်းစား၊ ဆက် လက်ရေးသားဆဲကိစ္စ။


ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Nov 16, 2010

လွတ်လပ်သော လမ်းကလေး

သော့ခလောက်နှင့် တံခါးချက်တို့
ပါးစပ်ပေါက်ဖွင့်ဟ
သီချင်းဆိုကြလေပြီ။
ငှက်တို့ စိုးရိမ်ကင်းစွာ
ဝင်ရောက်ခိုနားသော သစ်ပင်။
သွေးစွန်းသော မြေပြင်ကို
ပြစ်မဲ့ခြေအစုံတို့ဖြင့်
မနင်းမထိစိမ့်သောငှာ
နတ်များက လက်တို့ဖြင့်
ပင့်မသယ်ဆောင်လေသော်
ကမ္ဘာမြေလည်း တုန်ဟည်းလေ၏။

ရေ၀တီ
၁၅၊ နိုဝင်ဘာ ၂၀၁၀
တက္ကသိုလ်ရိပ်သာလမ်း အမှတ်တရ

Nov 12, 2010

မိုးမရွာတဲ့ နေ့တုန်းက

ခင်ဗျား ရွေးချယ်ရမှာက
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…

ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Oct 19, 2010

ကျီးကန်းအတု

ရွေ့လျားနိုင်တဲ့ သစ်ပင်အတုတွေရှိတယ်ဆိုတာ
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ

ခင်ဗျားမယုံတာတွေက အများသား။

ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။

ရေ၀တီ

၃၊ အောက်တိုဘာ ၂၀၁၀

Oct 8, 2010

ကျွန်တော်ဟာ ကာတွန်း

အိပ်မက်ဟောင်း ပုံကြမ်းတစ်ခုကို ချချပြီး
အမြဲထူးဆန်းအံ့သြဟန်နဲ့အကြည့်
ပါးစပ်ကလေး ဟလို့
စီးကရက်ကလေး ခဲလို့
ကြယ်တွေလတွေ မြင်လို့
သူတပါးရဲ့ မလုံခြုံမှုကိုကြည့်လို့
ကိုယ့်အတ္တရဲ့ အကာအကွယ်ရနေမှုတစ်ခုကို
ကျေနပ်စိတ်အခံ…
လက်တွေ့ပတ်ဝန်းကျင်ကြီးက ကင်းလွတ်
မြည်သံစွဲနဲ့ အာမေဋိတ်တွေ လွှမ်းမိုးလာ
အပြီးတိုင် စွန့်ခွာရမှုများ
ဘယ်တုန်းကမှ မငိုခဲ့ဘူး။

ရေ၀တီ

Oct 5, 2010

စီးကရက်

ကော်ဖီမစ်တစ်ခွက်နဲ့ ခပ်ညံ့ညံ့သကြားပလာတာ
မနက်စာအဖြစ် ဒီဆိုင်လေးမှာ ရနိုင်ပါတယ်။
ဘာမှ ထပ်ပေါင်းဖြည့်ဖို့မလိုတဲ့ အသင့်နေထိုင်မှုဘ၀တစ်ခုနဲ့
ခပ်ညံ့ညံ့ကံတရားကိုတော့ တစ်သက်စာအဖြစ် ဒီရှင်သန်မှုမှာ ရနိုင်ပါတယ်။
ကျေးဇူးပြု၍
သံယောဇဉ်တန်ဖိုးထားမှုကို ဒီဘက်ကမ်းလိုက်စမ်းပါဦး
ကျွန်တော့်ခံစားမှုကို မီးညှိရှိုက်ဖွာဖို့အတွက် ...

ရေ၀တီ
သြဂုတ် ၉၊ ၂၀၁၀

Sep 26, 2010

ငါတို့သီချင်း

ငါတို့ ယုံကြည်မှုရှိခဲ့သဖြင့်
ငါတို့ ပိုင်ဆိုင်မှုများအချို့အ၀က် စွန့်လွှတ်ဆုံးရှုံးခဲ့ရ၊
ငါတို့ အခဲအယဉ်းတွေကို ရင်ဆိုင်ကြရင်း
ငါတို့ ပိုမိုသန်မာလာကြ၊
ငါတို့မှာ ချစ်ခြင်းမေတ္တာနှင့် အမှန်တရာကိုမြတ်နိုးမှု ရှိနေသမျှ
ငါတို့ လောကဓမ္မကို ရင်ဆိုင်အန်တုခဲ့ကြ၊
အာဏာကိုင်စွဲသူများ တိုင်းတာနိုင်စွမ်းမရှိသော
အာဏာစက်များကို အာဏာမဲ့များထံမှာ တွေ့ရ၊
သစ္စာမှ နိုးထပေါက်ဖွားလာသော
အာဏာစက်ကို ငါတို့မြတ်နိုးခဲ့ကြ၊
တောက်ပလောင်ကျွမ်းနေသော မြစ်တစ်စင်းက
ငါတို့ ပခုံးသားများထက်မှာ စီးဆင်းသွား၊
တစ်သွင်သွင်းစီးဆင်းနေသော မီးလျံက
ငါတို့ နှလုံးသားတွေထဲမှာ တိုးပွား၊
နဂိုအတိုင်း လုံးဝမထား
ငါတို့ကား သူတောင်စင်များ မဟုတ်ကြ။
သို့တိုင် ငါတို့ကား သူယုတ်မာများလည်း မဟုတ်ကြ။
ဇာတိမီးလျံများနှင့် မရဏမီးလျံများကြား
ရုန်းကန်နေကြခြင်းသည်ပင် ငါတို့ဘ၀၏ အမြိုက်ရသာ။

ရေ၀တီ
(သြဂုတ် ၂၀၀၈)

Sep 22, 2010

ပိုင်နက်ကျူးခြင်း

တံခါးကို သေချာခေါက်ပြီးမှ
ဝင်ခဲ့ပါ
အာရုံတွေက ထွေပြားမှားယွင်းနေတတ်ပြီး
ရှက်စရာတွေကို ကြုံရနိုင်တယ်
အမှိုက်ရှုပ်တွေ
ကြိုတင်ပြင်ဆင်မထားတဲ့
ကိုယ်ဟန်မူရာနဲ့
အတွင်းကျကျ စောင့်ဆိုင်းမျှော်လင့်မှုများ
ဟက် ဟက် ပက် ပက်
ကြည့်စမ်းပါ ဒီကို
လွှတ် . . . လွှတ် . . . လွှတ်ချလိုက်
ခင်ဗျား ကျွန်တော့်ကို ဈေးကြီးပေးပြီး
ဝယ်ယူနေပြီ။

ရေ၀တီ

Sep 20, 2010

ကိုယ်ပိုင် အရောအနှော

ဒီတစ်ခု သဘောကျသလိုလိုရှိ
ကောက်ထည့်
ဟိုတစ်ခု
မဆိုးဘူးဆိုပြီး ရွေးလိုက်
ပုဂံခေတ်နဲ့ ပန့်ခ်လည်း ရောပါစေ
သူများနှာခေါင်းနဲ့ အသက်ရှုတဲ့
အခါလည်း ရှိပါစေ
အစိမ်းရောင် ယာခင်းများ
အလုပ်စားပွဲပေါ်က ပရင့်ထုတ်
စာရွက်စာတမ်းများ
ကမ္ဘာကြီးကိုလည်း ချွေတာမနေနိုင်တော့ဘူး
သားရေခေါင်းစည်းကြိုးတစ်ကွင်း
ဘာသာရေးကျမ်းစာအုပ်များ
ပိုနိုဂရပ်ဖီ အရေးအသားတချို့
ပြီးတော့ သွေးသားတစ်ခုလည်း ကျွန်တော့်မှာရှိရဲ့
အပြုံးတွေကို ကွယ်မထားနဲ့
တံဆိပ်တွေကပ်နေတာ ရပ်တော့
ဒါတွေအားလုံးက
ပတ်ဝန်းကျင်ပေါ်မှာ ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့
စုပေါင်းထိုးထည့် ငွေရှင်းရမယ့်
ပုဂ္ဂလိကဆန်ခြင်းများ။

ရေ၀တီ

Sep 18, 2010

မလောက်မင ပန်းချီကား

ငါဟာ ပန်းချီကားတစ်ချပ်ထဲ နေထိုင်လို့
ခိုများနှင့် ဖြူနီဝါစက္ကူထီးငယ်များ
နာရီပြင်ဆရာတစ်ဦး အလိုရှိသည်
လူကြပ်သောဘတ်စ်ကားနှင့် ခရီးသည် အချိုးအဆ
အပြစ်များက ထင်ရှား၍
အလင်းရောင် ပတ်တမ်(အသွေးအဆင်)များ
မှုန်ဝါး

မိုးပေါက်တချို့မှန်တော့ မျက်နှာလေးကွက်ခနဲ
ပန်းချီဆေးပွင့်များ
ကိုယ့်ကိုယ်ကို ကြိုးတွေတပ်ဆင်လိုက်တယ်
တီးခတ်စဉ်မှာ ဒီလိုပါပဲ ဒီလိုပါပဲလို့
ဖြေသံများ
အသံများက နှိုးနေကြ
အေးစက်ကြမ်းပြင်ထက် အိပ်မက်တွေပြေး
စိုထိုင်းဆများတဲ့ ကျောပိုးအိတ်ထဲ
မင်းကို စီးကရက်တစ်လိပ်လို သိမ်းဆည်းမိ

အလွမ်းဆိုင်ရာ ထိုင်းမှိုင်းလေးကန်မှုအချို့
အချစ်များကချွေးစက်တိုင်းမှာသီးပွင့် ဆိုလား
တွေးခေါ်ဥာဏ်၏ ဖောင်းပွခြင်းနှင့်
ခံစားမှု၏ သိပ်သည်းတတ်ခြင်းတရား
အတင်းရယ်မိလို့ရတဲ့ရောဂါ
…………………………….
……………………………

သင်၏ ချစ်လှစွာသော
သင်၏ သစ္စာမရှိသော
သင်၏ အမြဲတမ်း
သင်၏ သင်၏များ
ဝေးလံသော၊ သာ၍ ဝေးလံသော
အဝေးလံဆုံးအရပ်များဆီထိ
ဆန့်ထွက်နေသော သင်၏ ............... များ

မင်းကိုယ်တိုင် ဆက်လက်ဆွဲသားနိုင်တယ်
ပြည့်စုံသွားဖို့အထိတော့ မတောင်းဆိုရ
ငါပန်းချီကားထဲက လှမ်းထွက်မသွားခင်အထိ။ ။

ရေ၀တီ