တစ်ကြော့ပြန်လည်လာတဲ့
ဒီဇင်ဘာရဲ့ ဧည့်ခန်းနံရံမှာ
ပစ်ကိုပစ်ရမယ့်
ချက်ကော့ဖ်ရဲ့သေနတ်ကလည်း
အသင့်အနေအထား
နားထင်မှာတေ့ပြီး
ပစ်ချလိုက်တော့
အဘက်ဘက်ကို
လွင့်စင်သွားတဲ့ မော်လီကျူးတိုင်းမှာ
အိမ်ပြန်ချင်တဲ့
အလွမ်းစိတ်ကလေး ကပ်ပါသွားတယ်
ဆောင်းညရဲ့
အေးစက်မှုထဲက
ရထားဥသြသံ
တိုးတိုး
အဝေးကလာနေတာလား
အဝေးကိုထွက်သွားတာလား
မီးရောင်တွေထိန်လင်းနေတဲ့
ဘူတာရုံထဲမှာ
တစ်ယောက်တည်း
ရပ်စောင့်နေရင်း
အသံတစ်ခု
အထပ်ထပ်
တုန်ခါမြည်ဟည်းနေတယ်
"အိမ်ကိုတောင်
ဖုန်းမဆက်ဖြစ်အောင် အလုပ်များနေလား
သားရယ်"
သီဟသူ
၂၆၊ ၁၂၊
၂၀၁၁
No comments:
Post a Comment