လပ်ဟာမှုဝိညာဉ်
မေတ္တာတရားရဲ့
ဆွဲငင်မှုမှာ
သူ့ရဲ့
ယူကြုံးမရ ဟင်းလင်းပြင်
သက်ညှာစွာ
စီရင်ချက် ချပါတော့။
တိုက်ဆိုင်မှုတွေ
အလယ်မှာ
မမိုက်ကန်းရဲခဲ့ပါ
ဝမ်းနည်းရမှာကို
သိပါတယ်
ခုလို
ဖုံးကွယ်နေရတာကိုက
ပိုမို
ကြေကွဲဖွယ်
ဘာမှမတတ်နိုင်ခြင်း
ပင်လယ်။
အထီးကျန်
အထီးကျန်
အထီးကျန်...
တဲ့
ဒီအသံက
ကျယ်လွန်းအားကြီးတယ်
သွေးသားတောင်းဆိုမှု
သက်သက်နဲ့တော့
အဲဒီ
ဖန်ခွက်ထဲ ခုန်မဆင်းရဲပါဘူး။
ကိုယ့်စိတ်ကိုယ်
အလိုလိုက်မိတဲ့
ခေါင်းငိုက်စိုက်နာရီတွေ
ဟောဒီ
တစ်နွေလုံး
သူ့ခမျာ
အရည်ပျော်နေရှာတယ်
လက်ဖက်ရည်ဆိုင်ရဲ့
ခပ်နိမ့်နိမ့် ထိုင်ခုံပေါ်မှာ။
ဘာဖြစ်လို့
ရင်းနှင်းဖို့ ဝန်လေးနေတာလဲ
တစိမ်းဆန်ဆန်
နေထိုင်ခြင်းဟာ
ပျင်းစရာကောင်းပါတယ်။
ကျေနပ်လောက်အောင်
မဖန်တီးနိုင်တဲ့ အနေအထား
အဲဒီ
တံတားက စိတ်မချရဘူး
အနိုင်မရခဲ့တဲ့
ပြိုင်ပွဲတွေ...
နေ့စွဲတွေ...
… … … ။
အဆုံးအစွန်အထိ
စွဲလန်းခဲ့
အဆုံးအစွန်အထိ
စွန့်လွှတ်ခဲ့
အစွန်းနှစ်ဘက်ကို
ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်း
ခေါင်းမာမှုတွေနဲ့
ပျော်ချင်ယောင်ဆောင်
မျှော်လင့်ချက်မဲ့ပုံက
ဆန်းကြယ်လှပေရဲ့။
ခုတော့
ထွက်ပေါက်မဲ့စွာ
သူ့ဆာလောင်မှုကို
ဘယ်သူကြားနိုင်မှာလဲ
အခွင့်အရေးနဲ့
အစွမ်းအစ
မညီမျှသေးခင်...
… … … …
… … … ။
ငှက်ပျောသီးတစ်ဖီးလောက်မှ
မကြီးကျယ်နိုင်သူတစ်ယောက်
ကိုယ့်ကိုယ်ကို
သစ္စာဖောက်ဖို့ဆိုတာ
သိပ်နောက်ကျနေပြီ။
လှသန်း
ကျွန်တော်ရဲ့
ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊
ဧပြီ၊ ၂၀၁၂