ပိုက်ဆံ
နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို
မျှော်လင့်
နောက်ထပ်တစ်ကြိမ်
ယစ်မှုးခွင့်
အဲဒီ
ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ
အဲဒီ
ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ။
လက်ဖက်ရည်
ဂါလံများစွာ
ဆာလောင်မွတ်သိပ်စွာ
မြိုချ
တစ်လပြီး...
… တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့
ကျော့ကွင်း
ကိုယ့်ကိုယ်ကို
ညှင်းဆဲနေရတာ
ဟေ့ကောင်!
မင်း မပျင်းဘူးလား
နူးညံ့ပျော့ပျောင်းတဲ့
တေးဂီတတွေ
ငါ့ဘဝမှာ
ရှိမှ ရှိပါ့မလားလို့ဆိုတဲ့
သံသယတွေနဲ့
ငါ
မပြောဖြစ်သေးတဲ့ စကားတွေ...
ငါ
မမက်ရဲသေးတဲ့ အိပ်မက်တွေ...
လျှို့ဝှက်စွာ
သိမ်ငယ်ခဲ့ရ
မပြေလည်မှု
နေ့ရက်များရဲ့
ကြေငြာချက်တစ်စောင်
မထုတ်ပြန်မီ...။
ခွင့်လွှတ်ပါကွာ
အခုလိုအခါမှာ
ကိုယ့်အထုပ်ကိုယ် ဖြေပြရတာ
နည်းနည်းတော့
ရှက်စရာကောင်းပါတယ်။
သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့
အကောင်းသား...။
ခုတော့
ငါ့ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ
ကောင်းမလားလို့။
လှသန်း
ကျွန်တော်ရဲ့
ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊
ဧပြီ၊ ၂၀၁၂
No comments:
Post a Comment