ဒါဟာ သစ်ရွက်တစ်ရွက်ပါ။ ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်ပါ။ သစ်ရွက်ဟာ မိခင်ပင်စည်ကြီးဆီက မခွဲခွာချင်သေးဘူးတဲ့။ မိခင်ပင်စည်ကြီးကို သံယောဇဉ်ကြီးလွန်းလှတယ်။ အဲဒီ သံယောဇဉ်ကြီးသူ သစ်ရွက်တစ်ရွက်ဟာ ဆောင်းလထဲမှာ ဖြုတ်ခနဲ ကြွေကျခဲ့ပေါ့။ သစ်ရွက်တစ်ရွက်ဟာ ဆောင်းနှင်းလမှာ ကြွေကျခဲ့ပြီး၊ နှင်းတွေထဲဆီ လွင့်ပါးသွားခဲ့ရှာပေါ့။ မိခင်ပင်စည်ကြီးဟာ ကြွေသွားတဲ့သစ်ရွက်တစ်ရွက်အတွက် မျက်ရည်စိုခဲ့တယ်။ သစ်ရွက်တစ်ရွက်ဟာ မိခင်ပင်စည်ကြီးရဲ့ ဝေးရာကို လွင့်ပါးသွားခဲ့ရပါတယ်။ နှင်းတွေ တအားကျတာပဲ။ ကျွန်တော် ဘယ်ကိုသွားရမှာလဲ ပြောပြစမ်းပါ။ ဆောင်းလေတစ်ချက်ဝှေ့တော့ သစ်ရွက်တစ်ရွက်ဟာ ဖလပ်ခနဲလန်သွားတယ်။ အခုသူရောက်နေတာက သူ့ကိုလူတွေ မတွေ့မြင်နိုင်တဲ့နေရာမှာပါ။ မြက်ပင်၊ ဖုန်မှုန့်နဲ့ နှင်းစက်တွေက သူ့ကိုလူတွေမတွေ့မြင်နိုင်အောင် ဝှက်ထားကြတယ်။ ကမ္ဘာမြေရဲ့ ကိုယ်ထည်ထဲကို သစ်ရွက်တစ်ရွက်ဟာ ဝင်ရောက်ရပေလိမ့်မယ်။ ဖုန်မှုန့်တွေအဖြစ်နဲ့ပေါ့။ ခုတော့ သူဟာ သစ်ရွက်တစ်ရွက်ပါ။ ဆောင်းလေဟာ သူ့ကို ကုတ်ခြစ်စုတ်ပြဲစေပြီး နှင်းစက်တွေဟာ တအိအိ ဆွေးမြည့်စေလိမ့်မယ်။ သူဟာ ဆောင်းလေထဲမှာ နေ့ရက်များစွာ ဝိညာဉ်မဲ့ တရွတ်တိုက် သွားလာနေခဲ့တယ်။ ပိုးပုရွက်တွေဟာ သူ့ကိုယ်ပေါ်မှာ တရွရွနဲ့ ဆင်းချည်တက်ချည် လုပ်ကြတယ်။ မြေထဲက ပိုးကောင်ငယ်ကလေးတွေဟာ နှင်းတွေထဲမှာ စိုစွပ်ပျော့ဖပ်နေတဲ့သူ့ကို တရိရိ ကိုက်ဖြတ်ကြတယ်။ ဖုန်မှုန့်တွေက အရိုးအကြော ပြိုင်းပြိုင်းသာကျန်တော့တဲ့ သူ့ခန္ဓာကိုယ်ကို တစ်စတစ်စ ဖုံးလွှမ်းလိုက်ကြပေါ့။ မြက်ပင်တွေဟာ သူ့ကိုယ်ထည်ကိုဖြတ်ပြီး ထိုးဖောက် ရှင်သန်လာကြတယ်။ သူဟာ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ဆွေးမြည့်ကာ မြေသားထဲကို ရောက်ရှိသွားပေါ့။ သစ်ရွက်တစ်ရွက်ဟာ ကမ္ဘာမြေရဲ့ကိုယ်ထည်ထဲကို ဆွေးဆွေးမြည့်မြည့် ဝင်ရောက်သွားခဲ့ပြီ။ ဖုန်မှုန့်တွေအဖြစ်နဲ့လေ။
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment