> သီဟသူ [dot] blogspot [dot] com: ချာတိတ်ဘဝ-၅

Mar 27, 2015

ချာတိတ်ဘဝ-၅

အဲဒီတုန်းက မန္တလေး
ဆောင်းမနက်တွေမှာ ကျွန်တော်
ထရပ်စုဝတ်၊ ဝေါကင်းရှူးစီး၊ မြစ်ကြီးနားက
အဖေဝယ်လာခဲ့တဲ့ သားမွှေးဦးထုပ်ကိုဆောင်း၊
အဖေ့ဆိုင်ကယ်ရှေ့မှာ ထိုင်ပြီး
တိမ်မိုးလွင်ကို သွားကြတယ်။

မန္တလေးဆောင်းမှာ ဆိုင်ကယ်ရှေ့
ထိုင်စီးတဲ့အခါ ဘယ်လောက်အေးသလဲဆို
ဆယ်တန်းမှာသင်ရတဲ့
အချုပ်တန်းဆရာဖေရဲ့ မန်းတုန်အောင်
လမ်းဆုံကဟစ်ချင်တာကို ဆရာမ ရှင်းပြတာ
မလိုအောင် လုံလောက်စေခဲ့။

အဲဒီတုန်းက မန္တလေးတောင်
အနောက်ဖက် မြင်းပြိုင်ကွင်း မျက်နှာချင်းဆိုင်
တိမ်မိုးလွင်မှာ လက်ဖက်ရည်ကို
လက်ဖက်ရည်ပန်းကန်ပြားထဲ
ထည့်၊ အေးအောင်မှုတ်ပြီးသောက်၊
မလိုင် နံပြားစား။

ဒီတစ်ခေါက်
တိမ်မိုးလွင်ကို
ဖြတ်သွားရင်း
ထိုင်ဦးမလား
အဖေကမေးတော့
ဟင့်အင်းလို့သာ ဖြေမိ။

တိမ်မိုးလွင်ဟာ
ဆိုင်းဘုတ်မှာသာ တိမ်မိုးလွင်
ကျွန်တော် ထရပ်စုဝတ်၊
ဝေါကင်းရှူးစီးပြီး သွားခဲ့တဲ့
တိမ်မိုးလွင်
မဟုတ်တော့။ ။

သီဟသူ
၁၇/၀၃/၂၀၁၅

No comments:

Post a Comment