မနေ့ကလိုပဲ ဒီဇင်ဘာ ၄ ဟာ
သတိမရတစ်ချက် ရတစ်ချက်နဲ့ ငါ့ဆီရောက်လာတယ်
သြော်....နှစ်ဆယ့်တစ်နှစ်တောင် ပြည့်ခဲ့ပေါ့ (အော်....!)
ဒီမြေကြီးကို ငါ့လက်နဲ့ငါ တူးယက်ခဲ့တာ
ငါ့တစ်ကိုယ်စာ နက်နေပြီ ဒီလက်ယက်တွင်းကလေး
ခုထိ ရေကြည်မထွက်သေးဘူး မြေကြီးတွေပွစာကြဲ
ဒီတီကောင်တွေ ဘာလုပ်ပစ်ရမလဲ
မျှားစရာငါးဝေးလို့ ရေတောင်မရှိဘူး (ဟားဟား....!)
အဲဒီမြစ်ထဲမှာ ပဲ့ကျိုးလှေကလေးတစ်စင်း
လေတိုက်တိုင်း ယိမ်းခါနေတာ ဒီကဗျာ
ဖတ်မကောင်းပါဘူး သတ်ပုံတွေ အကျအပေါက်များလွန်း
အပိုဒ်တွေ မလိုအပ်ပဲ ခွဲခွဲမိလွန်း အသံတွေ ထောင့် လွန်း
ပုဒ်ကလေးတွေ တစ်ပြုံတစ်မနဲ့ငါ့ဘာသာငါ အသက်ရှူကျပ်ရ
ရှူရတဲ့လေထုမလတ်ဆတ်တော့တာ သူလိုငါလို
ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ့်၀မ်းနာနဲ့ကိုယ်ပေါ့
လူနာဆောင်အမှတ်ခြောက် အလည်တစ်ခေါက်ရောက်ပြီးကတည်းက
လောကကို လင်းနို့လိုအတည့်အတိုင်းရှုလာတာ
ဆံပင်ဆီမလိမ်းတာ တခြားကြောင့်မဟုတ်ဘူး လိမ်းစရာဆီ မရှိလို့
လက်သည်းလည်း မညှပ်ဖြစ်ဘူး ဘုရားလည်း မသွားဖြစ်ဘူး
ကျွန်တော့်မှာ ပိုနေတာ အချိန်ပဲရှိတယ်
အိမ်ရှေ့၀ရန်တာမှာ အမေစိုက်ထားတဲ့စက္ကူပန်းတွေ
အသည်းကွဲရောင်တောက်နေတယ် သံပတ်ပေးထားတဲ့ကားတွေ
ကျွန်တော့်လက်ဖဝါးပေါ်က လမ်းတွေပေါ်မှာ တရွေ့ရွေ့သွားလို့
ခင်ဗျားစိတ်ညစ်နေပြီမှုတ်လား ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ
ပြီးခါနီးပါပြီ အချစ်အကြောင်းမပါတဲ့ ဒီကဗျာ
ကျွန်တော်လည်း အလိုမပါ ငြင်းဆန်ခွင့်မရပဲ အလကားရခဲ့တာပါ
ပုဒ်မအကြီးတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချ 'ပြီးပါပြီ'
လက်မှတ် ကျွန်တော်ကိုယ်တိုင်ထိုးခဲ့နိုင်မယ့် တစ်နေ့နေ့
ဒီကဗျာပြီးရင်တော့ ကျွန်တော်လည်းပြီးပြီ
(နောက်ကဗျာတစ်ပုဒ်ဘယ်လိုရေးမလဲ၊ ဟုတ်စ
တော်ပါပြီ ဆရာသမားရယ် တော်ပါပြီ ၀ပါပြီ ကျွန်တော်ထပ်မ(ခံ)စားနိုင်တော့ဘူးဗျ!)
'ငါကြည့်၏၊ ငါမြင်၏၊ ထို့ကြောင့် ငါခံစားရ၏' ဆိုတာလို
တကယ်က မြစ်အကောက်ကို အဖြောင့်အတိုင်းစီးမိတာ ငါမှားတာ
သုညကို ပိုင်းခြေမှာထားပြီး ၁နဲ့၁၀၀ကြား လွန်းထိုးဒေါင်းတောက်နေတာ
တကယ်က ငါမှားတာ မှန်တယ် ငါမှားတာ
ငါဟာ ဘယ်သူနဲ့တူလဲ ငါဟာ ဘယ်သူနဲ့တူရမှာလဲ
ငါဟာ ငါဟာ ငါဟာ.....................................
ငါ့မှာ ဘာမှမရှိတော့ အရာအားလုံးဟာ ငါ့အတွက် ဆုံးရှုံးစရာချည်းပဲ
မယူပဲရတဲ့လေးလံမှုတစ်စုတစ်ခဲ ဗိုက်ထဲထည့်သယ်ပိုးထားရ
သားပိုက်ကောင်လို လျော့တိလျော့ရဲ/အလိုမကျ
ငါ့နံရံပေါ်က သူတို့ပိုစတာတွေကို ပျင်းရိပျင်းတွဲ ငေး
ပြီး ငါ့အမှတ်အသားနဲ့ငါလိုလိုတစ်ယောက်ပုံတူကို ရေးခြစ်မိရဲ့
ခရစ်စမတ်သစ်ပင်မှာ အစိမ်းရောင်သစ်ရွက်တွေ အနီရောင် ပြောင်းကုန်ပြီ
နွေရောက်တော့မယ် မီးသတ်ကားတွေ ရေဖြည့်ပြီးပြီလား
ဖက်ဖူးရောင်လေလွင့်ရက်စွဲတွေ ကိုင်ထားရင်း လက်ထဲမှာ အငွေ့ပျံသွားတယ်။ ။
လူလင်း
၂၀၀၈၊ ဒီဇင်ဘာ ၅
No comments:
Post a Comment