> သီဟသူ [dot] blogspot [dot] com: တိမ်ပြာပြာနေ့အလွန်

Apr 9, 2014

တိမ်ပြာပြာနေ့အလွန်

သူငယ်ချင်း
မင်း ဘယ်တော့မှ အမှန်တရားကို တွေ့မှာမဟုတ်ဘူးဆိုပြီး
ကဗျာဆရာတစ်ယောက်က
နောက်ကဗျာဆရာတစ်ယောက်ကို
ရေမြှုပ်တွေကြား knock out (နောက်ကောက်)
အလဲထိုးချပစ်လိုက်တယ်
အဲဒီနေ့ဟာ တိမ်ပြာပြာနေ့ ဖြစ်တယ်
မင်း ယူတတ်ရင် ကမ္ဘာကြီးကို မင်းရမှာပဲတဲ့ (ဟုတ်ကဲ့)
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောပိုင်ခွင့် မရှိဘူး
လုပ်ပိုင်ခွင့်ပဲ ရှိတယ်တဲ့ (ဟုတ်ကဲ့)
အသက်နည်းနည်း ရလာတယ်
အသိဉာဏ်နည်းနည်း ရလာတယ်
ဆီးချိုသွေးတိုးနည်းနည်း ရလာတယ်
လူမှုရေးနည်းနည်း ပိုက်ဆံနည်းနည်း ရလာတယ်
ဟို ကော်လံခေါင်းတုံးနဲ့ ငနဲ ဘဝနဲ့စာရင်
လူကြီးလူကောင်းဆန်ဆန် နည်းနည်း Smart (စမတ်)
ဖြစ်နိုင်ရင် နည်းနည်းထပ်ရချင်သေးတယ်
(ကျွန်တော်က အတ္တကြီးတယ်)
အဖြူအမည်း ခလုတ်တွေနဲ့
စန္ဒရားတစ်လုံးဆီက လှပတဲ့တေးသွား
ခင်ဗျား မျှော်လင့်ခွင့် ရှိတယ်
ချေးညှော်များမှ
အကြိမ်ရာထောင်မက လျှော်ဖွပ်ရန် ကြိုးစား
သိုးမည်းတစ်ကောင်မျှသာ ငါ ဖြစ်တယ်
တိမ်ပြာပြာနေ့အလွန်
သင်္ဘောကျင်း၊ မဟာဗန္ဓုလတံတား
ဂန္ဒီ၊ မဆလာ၊ လမ်းငါးဆယ်
ပန်းဆိုးတန်းမှတ်တိုင် ကျော်ပြီးရင်
ချိန်းဆိုထားတဲ့ ခင်ဗျားကို
ဓမ္မာရုံရှေ့က လေထန်ကုန်းမှာ
တွေ့မယ်။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:

Post a Comment