စိတ်ဓာတ်က ဓာတ်လှေကားလို
တက်လိုက် ဆင်းလိုက်
တိုက်တစ်လုံးရဲ့အပေါ်ဆုံးလွှာမှာ
ပညာလိုလို ရှာတယ်
အောက်ဆုံးထပ်မှာ ဘဝကို ငေးသလိုလို
လက်ဖက်ရည်ဆိုင် ထိုင်တယ်။
တရားရသလိုလို
သူရဲဘောကြောင်သလိုလို
ခေတ်ကနေ ရှောင်ခွာတယ်
သူရဲကောင်းလိုလို
လူမိုက်လိုလို
ခေတ်ကို ရင်ဆိုင်တယ်။
စိတ်ဓာတ်ကို စွန်လို
ကြိုးလျှော့လိုက် ကြိုးတင်းလိုက်။
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလို
ပွဲခင်းက အမေပျောက်ကလေးလို
မေတ္တာတရားရဲ့အဝေးမှာ
မြို့ကြီးထဲ အထီးကျန်
ခေတ်ကြီးထဲ ယောင်ချာချာ။ ။
ညီမွန်
ပိတောက်မြေ ၂၀၀၅
ဆုပ်ကိုင်လိုက် လွတ်ထွက်လိုက်နဲ့
ReplyDeleteဖမ်းဆုပ်လိုက်တဲ့ အရာတွေတိုင်းမှာ
စိတ် အဆာတစ်ချိုက ပါမလာခဲ့သလိုပဲ...
ခက်တာက စိတ် ရဲ့ အဆာတစ်ချို့ကိုလည်း
တစ်ခါတစ်ခါ မသိလိုက် မသိဖာသာ လွတ်ချနေမိတာ...။
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလို
ပွဲခင်းက အမေပျောက်ကလေးလိုပါပဲ.... ဘ၀မှာလေ...