> သီဟသူ [dot] blogspot [dot] com: စက္ကူမင်းသား

Jan 30, 2011

စက္ကူမင်းသား

စက္ကူမင်းသားကို ကျွန်တော်မြင်တွေ့ခဲ့ရသည်မှာ ကန်ခွဲရွာကလေးတွင် ဖြစ်ပါသည်။ ကန်ခွဲရွာကလေး၏ ဆွမ်းကြီးလောင်းပွဲ အကြိုညနေခင်းတွင် စက္ကူမင်းသားကို ပထမဆုံးစတင်မြင်တွေ့ခဲ့ရပါသည်။ ဘုန်းကြီးကျောင်းပေါ်မှနေ၍ ကျောင်းပရိဝုဏ်အတွင်းသို့ မြိုင်ဆိုင်သောတီးမှုတ်သံများဆီ လှမ်းကြည့်လိုက်ရာ စက္ကူမင်းသားကို ဗြန်းခနဲ တွေ့လိုက်ရပါတော့သည်။ နွားနှစ်ကောင်ကထားသော လှည်းတစ်စီးပေါ်တွင် လော်စပီကာကြီးကို ဦးမော့မော့တင်ကာ တေးသံမြိုင်မြိုင်ကို ကျယ်လောင်စွာဖွင့်၍ ဘုန်းကြီးကျောင်းအတွင်းသို့ စက္ကူမင်းသားနှင့်အဖွဲ့ ဝင်ရောက်လာခဲ့ကြပါသည်။ လော်စပီကာကြီး၏ နောက်ဖက်ဆီတွင် ဝိုင်ယာကလစ်များဖြင့် ဖမ်းညှပ်တွယ်ဆက်ထားသော ဘက်ထရီအိုးရှိပါသည်။ ဘက်ထရီအိုးမှာ အားအပြည့်ဖြည့်ထားပုံရပါသည်။ လော်စပီကာမှ တေးသံမြိုင်မြိုင်က ဘုန်းကြီးကျောင်း ပရိဝုဏ်ကို လွှမ်းသွားသည်မဟုတ်ပါလော။ နွားလှည်း၏ ရှေ့ဆီတွင် ကွေးနေအောင် ခုန်ပေါက်ကနေသော စက္ကူမင်းသားကို ကျွန်တော်တို့ တွေ့မြင်ရပေသည်။ စက္ကူမင်းသားကို ကြည့်ပါ။ မည်းပြာပြာမျက်နှာထက် ဘေးတစ်ဖက်တစ်ချက်စီတွင် သနပ်ခါးပါးကွက်ကြီးနှစ်ခု။ အလယ်တွင် သနပ်ခါးတားထားသော နှာတံ၊ ကွမ်းတွေဝါးထားပုံရသော ပါးစပ်နှင့် သွားများက နီရဲလို့နေသည်။ စက္ကူမင်းသားသည် ဦးခေါင်းထဲတွင် စက္ကူခေါင်းပေါင်း၊ ရင်ဘတ်တွင် စက္ကူစလွယ်၊ လက်ကောက်ဝတ်ဆီတွင် စက္ကူအဆင်တန်ဆာတို့ဖြင့် ချစ်ခင်ဖွယ် တင့်တယ်နေလေသည်။ စက္ကူ လည်ဆွဲကြီးကိုလည်း အကျအနဆွဲထားပါသည်။ အဆင်တန်ဆာတို့၏ အောက်ဆီမှ အင်္ကျီနှင့်ပုဆိုးများမှာ သာမန်ကျေးတောသားတစ်ယောက်၏ ဝတ်စားဆင်ယင်မှုမျိုးသာဖြစ်ပါသည်။

စက္ကူမင်းသား၏ ထူးခြားချက်မှာ ခါးနောက်ပိုင်း လုံချည်ထဲတွင် သူ၏ဖိနပ်ကို ထိုးသွင်းထားခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းထဲမှာ ခုန်ပေါက်ကနေစဉ် သူ၏ဖိနပ်ကို ဤသို့ခါးကြားတွင် ထိုးသွင်းထားခြင်းက စိတ်အချရဆုံးပင် မဟုတ်ပါလော။ ကန်ခွဲရွာ ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းထဲတွင် ရွာနီးချုပ်စပ်မှ ဆွမ်းတော်ပွဲပို့သူများဖြင့် ဖွေးဖွေးလှုပ်လို့နေသည်။ ပရိသတ်များက စက္ကူမင်းသားကိုကြည့်ကာ တပြုံးပြုံးနှင့်၊ နွားလှည်းပေါ်ရှိ လော်စပီကာမှ ထွက်ပေါ်နေသောတေးသံအလိုက် ကွေးနေအောင် ခုန်ပေါက်ကနေသူမှာ စက္ကူမင်းသားပင် ဖြစ်ပါသည်။ သူကခုန်လိုက်တိုင်း စက္ကူခေါင်းပေါင်းကလေးက လေထဲမှာ တဖျပ်ဖျပ်လှုပ်နေပါသည်။ ပါးစပ်မှလည်း သီချင်းတေးသွားအလိုက် သီဆိုဟန်ပြုကာ ကျော့ကျော့မော့မော့ ဖြစ်နေပါသည်။ သူ ကရင်းပြုံးရယ်လိုက်သောအခါ နီရဲနေသောသွားများ ပေါ်လာပါသည်။

“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း”

စက္ကူမင်းသားသည် မြိုင်ဆိုင်သောတေးသံအလိုက် ခုန်ပေါက်ကနေပါသည်။ လက်ကိုကွေးလိုက်၊ ခြေကိုမြှောက်လိုက်၊ ကိုယ်ကိုတစ်ပတ်လည်လိုက်နှင့်။ ဤသို့ကခုန်နေရင်းမှပင် တစ်ချက်တစ်ချက် စက္ကူမင်းသား၏ လက်တစ်ဖက်က ခါးကြားတွင်ညှပ်ထားသော ဖိနပ်ကိုစမ်းကာ ပြန်လည်ထိုးသွင်း၍ သေသေသပ်သပ် စိတ်ချလက်ချဖြစ်အောင် ပြုလုပ်လိုက်ပါသေးသည်။ ကျွန်တော်သည် ဘုန်းကြီးကျောင်းပေါ်မှနေ၍ စက္ကူမင်းသားကို ကြည့်နေမိပါသည်။

“လေးစားစွာဖြင့် မွေးဖွားလာတဲ့ မင်းသားလေးနော်”

စက္ကူမင်းသား၏ တေးသံကမြည်နေသည်။ ကလေးတွ၊ ခွေးတွေနှင့် ရွာနီးချုပ်စပ်မှ ဧည့်ပရိသတ်များအကြားမှာ စက္ကူမင်းသားသည် ချွေးတစိုစိုနှင့် ကခုန်မြူးတူးလျက် .......... ။

နေမျိုး
၂၀၀၂၊ ၃၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်