ကဗျာကို ကဗျာလိုရေး
အနုပညာကို အနုပညာလိုရေး။
အချစ်ရယ်
မင်းကို ကိုယ်က သိပ်လိုအပ်လှတာမဟုတ်ပါဘူး
ကိုယ့်ပျော်ရွှင် မှုပဲ ကိုယ်က ဆာလောင်ခဲ့သူပါ။
တစ်ပါးသူကို မထိခိုက်ဘဲ အသက်ရှင်လို့ရခဲ့လို့လား
အချစ်ရယ်။
တောင်းပန်ပါတယ်
ပျော်ရွှင်မှု ဆိုတာမှာ၊ အချစ်ဆိုတာမှာ
အချစ်ပဲ ထိခိုက်ရတာရယ်မလား။
လောကမှာ ကိုယ့်သာယာမှု ပျော်ရွှင်မှု လောက်
အရေးကြီးတာ ရှိအုံးမလားကွဲ့။
ဒါနဲ့များ မင်းကိုယ့်ကို ချစ်တယ်တဲ့။
လူတွေက ဆန့်ကျင်ဘက် လိင်ရယ်။ ဆာလောင်မှုရယ် ၊ သာယာမှုရယ်
အဲ့ဒါတွေ စုံသွားတော့ အချစ်တဲ့။
ကိုယ် မငြင်းဆိုလိုပါ။
တကယ်ပါ လှလှပပ ၀န်ခံလိုက်စမ်းပါ
ကိုယ့် ရဲ့ အတ္တစိတ် ထကြွသောင်းကျန်းမှုကို
လောကမှာ ဘာကို မှ မမျှော်လင့်တာပဲ အေးတယ်တဲ့
ဘယ်သူများ ပြောခဲ့တာလဲလို့၊
ဟုတ်ကဲ့၊ မျှော်လင့်ချက် မဲ့မှု ကို လည်းပဲ
မျှော်လင့် ရတာပဲ မဟုတ်လား။
နောက်တခါ များ လူပြန်ဖြစ်ခွင့်ရခဲ့ရင်
ဆိုတဲ့ မျှော်လင့်ချက် ကတောင် အနာတရပါ။
အမြဲတမ်း အနာတရ တွေပါ။
အနာတရ တွေကိုပဲ။
လှလှပပ သိပ်ဟန်ဆောင်ကောင်းရတာ။
လှလှပပ သိပ်ဖွဲ့နွဲ့ခွင့်ရခဲ့တာ။
လှလှပပ ဆိုပြခဲ့ကြရတာ။
လှလှပပ ဖုံးဖိခဲ့ကြတာ။
အမှန်အတိုင်းပြောလိုက်စမ်းပါ ၊ အချစ်ရယ်
ငါ ပျော်ရွှင်မှု လိုအပ်တယ်၊ သာယာမှု လိုအပ်တယ်
ဆန့်ကျင်ဘက် လိင် လိုအပ်တယ်လို့။
ဒါနဲ့များ...
ငါနဲ့ပဲ ပျော်ရွှင်ရမယ် တခြားသူနဲ့မပျော်ရွှင်ရဘူးဆိုတာ
တရားရော တရားရဲ့လား အချစ်ရဲ့။
ပြောပါအုံး။
ရီ စရာကြီးပါ။
အဲ့ဒါ့ ကိုများ၊
ကိုယ်ကလည်း မင့်တွေ့တိုင်း ချစ်တယ်ချည်း ပြောပြောနေတာပဲ။
ကိုယ်ပြောခဲ့တယ်မလား
ကဗျာကို ကဗျာလိုရေး
အနုပညာ ကို အနုပညာလိုရေးလို့။
တကယ်ပါ
ရီ စရာကြီးရယ်ပါ။
ကို ဘာပြောစရာ ကျန်သေးလဲ ဆိုတော့
ချစ်တယ်တဲ့။
မင်း ကစားခဲ့ဖူးတဲ့ အာရုံကြောများက တခုတ်တရ။
ထွန်းနွယ်
No comments:
Post a Comment