> သီဟသူ [dot] blogspot [dot] com: ရွှေတွင်းကို ပိုင်ဆိုင်ပြီးနောက်

Jun 13, 2011

ရွှေတွင်းကို ပိုင်ဆိုင်ပြီးနောက်

နောက်ဆုံးမှာတော့ ရွှေတွင်းကို သူပိုင်ဆိုင်ခဲ့တယ်။ ရွှေတွင်းကို သူပိုင်ဆိုင်ပြီးတဲ့နောက်မှာ သူဟာ ရွှေတွင်းဘေးမှာ တဲကလေးတစ်လုံး ထိုးတယ်။ အဲဒီတဲကလေးကနေ ရွှေတွင်းကို စောင့်ကြည့်တယ်။ အလုပ်သမားတွေ သူတို့မြို့ရွာဇာတိကို ပြန်သွားကြပြီ။ စက်ရုံတွေရှိရာ၊ လယ်ကွင်းတွေရှိရာကို ပြန်သွားကြပြီ။ ခြေတစ်ဖက်ပြတ်ပြီး မသန်မစွမ်းဖြစ်နေတဲ့ အလုပ်သမားအိုကြီးတစ်ယောက်သာ ကျန်ခဲ့တယ်။ အလုပ်သမားအိုကြီးဟာ ချိုင်းထောက်တစ်ဖက်နဲ့ ထောက်ကာထောက်ကာ သူ့အနားကို ရောက်လာတယ်။ ဆရာလေး သိပ်အေးလာပြီ ရော့ ... ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်ဦးဆိုပြီး သူ့ကိုပေးတယ်။ ဟုတ်တယ်။ ညနေစောင်းတာနဲ့ နှင်းတွေတဖွဲဖွဲ ကျဆင်းလာပြီလေ။ လေဟာညင်ညင်သာသာ တိုက်ခတ်နေပေမယ့် အေးစိမ့်လှတယ်။ စွန့်ခွာသွားခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ သံခမောက်တွေ၊ ကာဗိုက်မီးခွက်တွေ၊ တောစီးဖိနပ်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေတယ်။ ပြေးလမ်းပေါ်မှာ ထရော်လီတွေ ရပ်နေတယ်။ သံမဏိကြိုးတွေ တွဲလောင်း။ ပစ်ချထားတဲ့ ဂေါ်ပြားတစ်လက်ထဲမှာ ရွှေတွေ ဂေါ်တစ်ဂေါ်စာ ဝင်းလို့။ ရွှံ့စေးမီးဖိုထဲက မီးခိုတွေအူထပြီး၊ မိုးကောင်းကင်ဆီ တလွင့်လွင့်တက်သွားနေတယ်။ သူဟာ ဒီရွှေတွင်းရှိရာကို နှစ်များစွာ ကြိုးစားပြီး အရောက်လာခဲ့တယ်။ ပြင်းပြင်းထန်ထန် သူကြိုးစားခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတူးခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတို့တူးခဲ့တယ်။ ခုတော့ ရွှေတွင်းကို သူပိုင်ခဲ့ပါပြီ။ အလိုရှိသလောက်ရွှေတွေ သူထုတ်ယူနိုင်ပါပြီ။ ဒါကြောင့်လည်း အလုပ်သမားတွေ သူ့ကို စွန့်ခွာသွားခဲ့ကြတယ်။ နှင်းတွေ ဆက်ကာဆက်ကာ ကျလာပေါ့။ ရွှံ့စေးမီးဖိုကလေးက မီးခိုးငွေ့တွေဟာ တလွင့်လွင့်တက်ပြီး နှင်းတွေထဲမှာ ရောယှက်နစ်မြုပ်သွားတယ်။ သူဟာ ကော်ဖီတစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ ရွှေတွင်းကို နှမြောတသစွာ စိုက်ငေးကြည့်နေလေရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၇
ည ၁၁ နာရီ ၅ မိနစ်လို

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment