မရွေ့လျားလိုပဲ
ရွေ့လျားနေရခြင်းနေ့တစ်နေ့
နောက်ဆုံးဟု
ခေါ်ဆိုရနိုင်သော
မျှော်လင့်ချက်ကလေးကို
ကောက်ရမိတယ်
ပျော်သလိုလို
ဝမ်းနည်းနေရတယ်
မျက်ရည်တစ်စက်တစ်ပေါက်
ရောက်တတ်ရာရာ
မျက်ဝန်းတံခါးမှာ
တွယ်ကပ်ချိတ်ပါနေလျက်
ပျော်ရွှင်နေပါတယ်
ငါမဖန်တီးလိုသော
ရှေ့ဘဝ၊ ရှေ့ကမ္ဘာ
ငါဟာ
အဖော်မင်သော လူညံ့၊
တစ်ကိုယ်တည်း
မရပ်တည်ရဲသော မိုက်မှောင်ခြင်း
ရည်ညွှန်းချက်မဲ့နေသော
မနက်ဖြန်၊
မာတိကာပါဝင်ခြင်းမရှိသော
black book
ဝမ်းနည်းလွယ်ခြင်းများ
အရပ်လေးမျက်နှာမှာ
အုံ့ဆိုင်းညှို့မှိုင်းလို့
ရယ်မောသံလေး
တစ်စတလေ ရှင်သန်နေနိုင်ရင်ကောင်းမယ်လို့
တွေးတယ်
ဒီနေရာလေးကနေ
ဘယ်ကိုမှ မရွေ့လျားလိုခြင်း
စိတ္တဇ
ထုံကျင်နေတယ်၊
မှိုင်းမိနေတယ်၊
အရွက်
အခက် အလက် ပဲ့ကျ စွန်းထင်နေတယ်
ဆက်ဆက်လာခဲ့မယ်
ကတိပျက်ရခြင်းနေ့များ ဆက်တိုက်
အလေ့ကျပေါက်ရောက်သလို
နေထိုင်ခြင်းများ ပိုးစိုးပက်စက်
ဘယ်ကိုမှ
ဆက်သွယ်လို့မရဘူး၊ အင်တာနက်
မသုံးဖြစ်ဘူး
ကဗျာလည်းရေးလို့မရတော့တာ
လွန်ခဲ့သော လပေါင်းများစွာ
စိတ်ပျက်နေတယ်၊
စိတ်လေနေတယ်၊ စိတ်ကျနေတယ်
ဒီမမြင်အာရုံကိုမှ
ဘာလို့ လာလာပိတ်ဆို့နေရတာလည်းကွာ
မင်းရှိနေမှာလားလို့
တယ်လီဖုန်းကို မ ယူလိုက်တယ်
ခဏအကြာ
တယ်လီဖုန်းကို လာကိုင်ဟန်ပြတယ်
ကံကောင်းခြင်း
နံပါတ် ၇ လက်ဖက်ရည်ဆိုင်မှာ
ထိုင်မိတယ်
ငါအလုပ်ရမှဖြစ်မယ်လို့
တစ်ယောက်မက ပြောချင်ပြောနေမိလိမ့်မယ်
အဆင်ပြေမှာလားလို့
အဝေးကြီးကတိမ်ကို မြေကြီးနဲ့တူတဲ့
ငါက မေးမိလိမ့်မယ်
ချစ်ခြင်းမေတ္တာကလည်း
မကြာခဏ မီးညှိနေရသော ဆေးပေါ့လိပ်
အပိုင်းအစများ
နောက်တစ်ခါများ
လူ့ဘဝကို မတော်တဆရောက်မိခဲ့မယ်ဆို
"မလွယ်ကူသော
ခက်ခဲခြင်းကိုပဲ ရရှိလိုပါတယ်"
ဆုကိုပဲ
ရွေးချယ်တောင်းယူဖြစ်မယ်
ဒီနေ့လည်း
အရင်နေ့တွေလို
ပေါ့ပေါ့ပျက်ပျက်
အိပ်စက်အနားယူဖြစ်မယ်
ထင်ပါတယ်။
အောင်ပိုင်စိုး
ကမ္ဘာ့ကဗျာနေ့
၂၁၊ မတ်လ
ပကြိမ်၊
၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ
No comments:
Post a Comment