> သီဟသူ [dot] blogspot [dot] com

Oct 9, 2013

ဟိုပင်၌ သတင်းစာဖတ်ခြင်း

ဘာမှာမလဲ
တိုက်ဂါးဘီယာ
မရိဒ္ဒါလား . . . ။

အေး၊ အဲဒါမဟုတ်ဘူး
A B C  မဟုတ်ဘူး
P M G မဟုတ်ဘူး။

ကြည်ရွှင်ရွှင် မျက်လုံးနဲ့
နေ့စဉ် ချိုပြုံး၊ နှလုံးသားလေး
အိမ်က ရေဆာတယ်ကွယ်။ ။

မောင်သိန်းဇော်
၁၉၉၅၊ ဟိုပင်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 8, 2013

ရှတတ အလုံးအဖန်များ

ကိုယ့်အဆင်အသွေးကို
ရှက်ရွံ့စက်ဆုတ်စွာ ခါယမ်းနေတဲ့
အဝတ်စတစ်ခုအောက်မှာ ငါ ရပ်မိ

အဲဒီအဝတ်စရဲ့ ရှတတအရိပ်က
အရေပြားတွေပေါ်
ကြောင်တစ်ကောင်ပွတ်သပ်သလို၊
ငါ့စိတ်ကိုပွတ်သပ်

အသင်
မျက်စိစုံမှိတ်ပြီး ဘာကိုကြည့်နေသလဲ
အသက်မရှိတဲ့တူရိယာတွေက
အဖန်တလဲလဲ သေတဲ့သံစဉ်တွေကို
မှုတ်ထုတ်တယ်။
မနက်ခင်းတစ်ခုလုံး
စုန်းစုန်မြုပ်သွားအောင် မှုတ်ထုတ်တယ်။
စိတ်ကူးစိတ်သန်းတွေ
အရိုးပြိုင်းပြိုင်းထသွားအောင် မှုတ်ထုတ်တယ်။
ထိတွေ့သမျှ ရေမြေအားလုံး
သွေးစို့သွားအောင် မှုတ်ထုတ်တယ်။

ဒီလိုနဲ့
အရိပ်ရဲ့အလုံးအဖန်များ
သွေးပျက်ရူးနှမ်းစွာ
ငါ့ဦးခေါင်းပေါ် တလူလူလွင့်ဆဲ

ငါ ဆက်ရပ်နေမိ
မွန်းကျပ်လွန်းတဲ့ သစ်ပင်တွေ
မုန်တိုင်းမျှော်သလိုမျိုး။ ။

မောင်သိန်းဇော်
၁၉၉၅၊ မိုးကောင်း
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 7, 2013

အဆင်မပြေမှု နေ့တစ်ဝက်

နမော်နမဲ့တစ်ယောက် မဟုတ်ဘူးလို့
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲတယ်၊
ဒါပေမဲ့
အဆင်မပြေမှု နေ့တစ်ဝက်မှာ

ကျွန်တော် မီးသီးတစ်လုံးဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
သွားနဲ့ခံတွင်း ပြုပြင်ဆိုင်ဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော်မျက်မှန်ပါဝါမြှင့်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
လယ်ယာသုံးပစ္စည်းအရောင်းပြခန်းမဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။

ကျွန်တော်
အိမ်ရိုက်သံ အနည်းအကျဉ်းဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
တယ်လီဖုန်း အိပ်ချိန်းဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော်
ပြက္ခဒိန်အသစ်နဲ့ မဂ္ဂဇင်းတချို့ဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
နှစ်ဆယ့်လေးနာရီ သွေးစစ်ဌာနဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။

ဆိုင်းဘုတ်တွေကို
ကျွန်တော်အသေအချာ ဖတ်ခဲ့တယ်။
ဒါပေမဲ့
ကျွန်တော့်ကိုတော့
ဆိုင်းဘုတ်တွေက ဖတ်မကြည့်ကြဘူး။

နေ့တစ်နေ့ အလျားအတိုင်း
ချွေး၊ ခြေသံ နဲ့ မှားယွင်းမှု
တစက်စက် စိမ့်ဝင်
အပေါ်မော့ကြည့်တော့ နေမွန်းတည့်။ ။

မောင်သိန်းဇော်
၁၉၉၅၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 6, 2013

ဒီ

လရိပ်တွေ
မနိုးမချင်း
စံပယ်ခင်းာ
စောင့်နေရ၊

အပျက်အတိုင်းပင်လယ်
လမ်းထက်နိမ့်
ဘဝမယဉ်ကျေးမှု
အသံဗလံများလှုပ်ယမ်း
နေ့ရက်ဟောင်းစုတ်ဖြဲတဲ့
လေရိုင်းနှယ်
ဒီ ရေ ပြေး ခဲ့၊

အတားအဆီးမဲ့အိမ်
အိပ်ကောင်းတုန်း။ ။

မောင်သိန်းဇော်
၁၉၉၅၊ အောင်ပင်လယ်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

ချစ်သူသို့

ဒီကောင့်ကဗျာ မဖတ်ဘူးလို့ တင်းထားတာ
တင်းထားလို့ရလား။

အောင်ချိမ့်
ချင်းတွင်းမဂ္ဂဇင်း၊ စက်တင်ဘာ - အောက်တိုဘာ၊ ၂၀၁၃။

Oct 5, 2013

နေ့စွဲ

ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

နေ့စွဲများ
အဆန်းတကြယ်ဖိစီး၊
တစ်ကိုယ်ရည်
အစိတ်စိတ်အမွှာမွှာဖူးပွင့်စဉ်၊
နေ့နဲ့ညမြှုပ်နှံရာ
စိတ်မြေသားထုထဲ တရိပ်ရိပ်ပျံသန်း၊
လမ်းအားလုံး
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

တစ်မုဟုတ်ချင်း
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။ ။

မောင်သိန်းဇော်
၁၉၉၁၊ မြန်အောင်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 4, 2013

ရေချိုးဆိပ်

သစ်ပင်တွေ
အမှောင်ထဲရပ်ပြီ။

လရောင်က ညှီတာ လား။
ပင်လယ်က ညှီတာ လား။
နှလုံးသားတစ်ခုခုဆီက ညှီတာလား။

အုန်းသီးခွံ၊ ခရုတစ်ခြမ်းပဲ့နဲ့
ခြေရာများ . . . အားလုံးအိပ်ချိန်

တဝုန်းဝုန်းနဲ့
လာ အချစ်၊ ကျွန်တော် ခင်ဗျား
အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လိုံ ။ ။

မောင်သိန်းဇော်
၁၉၈၉၊ သံတွဲ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 3, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

မေ - စက်တင်ဘာ
--------------------

ဒိုင်ယာရီမှာ
ဘာမှ မရေးဖြစ်ဘူး။

ဝယ်ထားတဲ့ စာအုပ်တွေ
ဘာမှ မဖတ်ဖြစ်ဘူး။

အိမ်ကို သတိရလည်း
ဖုန်း မဆက်ဖြစ်ဘူး။

ဘာဖြစ်ချင်နေတာလဲ ဆိုပြန်တော့
ဘာမှ မဖြစ်ချင်ဘူး။

သီဟသူ
၃၊ အောက်တိုဘာ၊ ၂၀၁၃

အသစ်တဖန်

အဲဒီမြူနှင်းတွေပေါ့၊
နှလုံးသားကို
ဆတ်ပိုင်းကျိုးကျစေတာ

လောကကိုရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်းကွယ်ပြီ။
ပြီး . . .
တစ်စက်ချင်းရွာတဲ့မိုးထဲ
ပထဝီမြေသားဟာ
ခြောက်သွေ့လွန်းရ၊

ကမ္ဘာတည်မယ့် ဇ နဲ့
ဘယ်သူလဲ?
လ ကို ယူဆောင်ခဲ့တာ
သူ အနုံညာတ မဟုတ်ပေဘူး။ ။

မောင်သိန်းဇော်
၁၉၈၉၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 2, 2013

တိတ်ဆိတ်နေသော ဇာတ်သဘင်

ဓာတ်ဆီကုန်လို့လား။
မိုးလင်းလို့လား။
စက်ချွတ်ယွင်းလို့လား။
ညဟာ
ကြည့်နေတဲ့မှန်ထဲပက်လက်လန်လဲကျ၊

လူ့ဘဝရဲ့
ဝါကျတစ်ကြောင်းက
ခေါင်းထဲမှာ ပါးပျဉ်းထောင်လို့၊
ပတ်စာ ခွာလိုက်တာနဲ့
အိပ်ပျော်သွားတဲ့ ဗုံတွေလို
ကံမကောင်းခဲ့။
ဒီလိုနဲ့
သက္ကရာဇ်ဖြိုသူပ၊
ကြိမ်ဖန်များစွာ သစ်ခဲ့တဲ့မျက်နှာ
(ကြိမ်ဖန်များစွာ) ပြန်ဟောင်းသွား

တိုင်ဖုံးကြားမှာ
ကားဆွဲလေးတစ်ယောက် ဖျားနေရဲ့။

သူအပြင်
ချုပ်ရိုးတွေပြေ
ဘော်ကြယ်တွေ တစ်ပွင့်ချင်းပြုတ်ကျနေတဲ့
လူစွမ်းလူစရှိ၊
သူအပြင်
အိပ်ချင်ယောင်ဆောင်နေတဲ့ အောင်မြင်ခြင်းရှိ၊
သူအပြင်
ဝါယာကြိုးတစ်ချောင်းလွတ်နေတဲ့ သစ္စာအဓိဌာန်ရှိ
သူအပြင်
ငယ်သွား လဲနေတဲ့ လောကဓံတရားရှိ
သူအပြင်
ပပ်ကြားအက်နေတဲ့ အိပ်မက်ရှိ၊
သူအပြင်
မျှော်လင့်ချက်ဟာ မျက်စိနာနေသတဲ့

အဲဒီအခါ
ပြန် မပြော နားမထောင် ကောင်လေးက
နှလုံးသားကို ဘီးကျိုးတစ်ချောင်းနဲ့ ဖြီးသင်ရင်း
(စိတ်ဆိုတာ လေးလံတဲ့အလင်းရောင်)
စိုထိုင်းထိုင်းဘဝ ကြိုးတန်းပေါ် လှမ်းတက်ရင်း
ဇာတ်သေတ္တာထဲက
ကြေးအလိမ်းလိမ်းတက်ညများ။ ။

မောင်သိန်းဇော်
၁၉၈၇၊ သာကေတ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။