> သီဟသူ [dot] blogspot [dot] com: ကျွန်တော့်မိတ်ဆွေ "ဩဂတ်စ်လင်း"

Jul 10, 2014

ကျွန်တော့်မိတ်ဆွေ "ဩဂတ်စ်လင်း"

တစ်ခါတစ်ခါ
ဒီလို အသည်းကွဲရတာ . . .
ကောင်းပါတယ်
ကျွန်တော့်မိတ်ဆွေ
ဩဂတ်စ်လင်းကို သတိရတယ်။

ဒဏ်ရာ အနာတရများ အဖေးမတက်ခင်
ယဉ်ကျေးမှု ခပ်မြင့်မြင့်
ကျွန်တော်နဲ့ ဩဂတ်စ်လင်း
မိုးစင်စင်လင်းတဲ့အထိ
စကားထိုင်ပြောချင်လည်း ရတယ်။

ဆို့နင့်နင့်
၁၂ နှစ် ကြာပြီဖြစ်တဲ့ အလွမ်းကို
သက်တမ်းခပ်ရင့်ရင့်
၁၂ နှစ်ကြာ မြေအောက်မြှုပ်ပြီး ဖောက်ထားတဲ့
ဝီစကီပုလင်းထဲ
သွန်းချလိုက်ပြီ။

ဟဲ့ . . . ဝေကြီးရဲ့
ဝီစကီဆိုတာ မူးတာမဟုတ်ဘူးဟဲ့
ရီဝေတာ Romance ဖြစ်တာ . . .

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်
တစ်ပက်ပြီး နောက်တစ်ပက်

ဒီလိုနဲ့ စီးကရက်တွေ
တစ်လိပ်ပြီး နောက်တစ်လိပ်

ဒီလိုနဲ့ ဩဝါဒတွေ
ခင်ဗျား ကျွန်တော့်ကို
ပြာချွေသလို ချွေပြရဲ့။

ဒီလိုနဲ့ ဘတကို
ဒီလို Romance ဖြစ်လိုဖြစ်ငြား . . .
ဒီလို လူသားဆန်ဆန်ပြောတတ်တဲ့ . . .
သီရိခေတ္တရာ ပြန်သွားတဲ့
မိတ်ဆွေ ဩဂတ်စ်လင်းကို သတိရရဲ့။

၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

No comments:

Post a Comment