> သီဟသူ [dot] blogspot [dot] com

Apr 1, 2012

ထရီဇာလို့ အော်ခေါ်တဲ့သူ


ကျွန်တော် ပလက်ဖောင်းဘေးကို ဆင်းလိုက်တယ်။ ခြေလှမ်း နည်းနည်း နောက်ဆုတ်ပြီး မော့ကြည့်တယ်။ လမ်းလယ်ခေါင်ကနေပြီး၊ လက်နှစ်ဖက် အသံချဲ့စက်အော်လံလို ပါးစပ်နားတပ်၊ (ရှေ့က) တိုက်တန်းအပေါ်ဆုံး အခန်း တွေဆီ (လှမ်း) အော်ခေါ်လိုက်တယ်.. "ထရီဇာ"။

ကျွန်တော့်အရိပ်က လမင်းကို လန့်ပြီး ကျွန်တော့် ခြေထောက်ကြား တိုးဝင်သွားတယ်။ တစ်ယောက်ယောက် လာနေတယ်။ ကျွန်တော် တစ်ခါ ထပ်အော်တယ်။ "ထရီကဇာ"။ အဲဒီလူက ကျွန်တော်ဆီလာပြီး ပြောတယ်။ "ခင်ဗျား ဒီထက်ပိုမအော်ရင် သူကြားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားကြည့်ရအောင်။ ဒါ့ကြောင့် သုံးအထိရေ၊ သုံးရောက်ရင် ကျွန်တော်တို့ ပြိုင်တူ အော်ရအောင်"။ နောက် သူကရေတယ်။ "တစ် နှစ် သုံး" ကျွန်တော်တို့ နှစ်ယောက်လုံး အော် လိုက်ကြတယ်။ "ထ.. ရီ.. ဇာ"။

ဇာတ်ပွဲကလား လက်ဘက်ရည်ဆိုင်ကလား ပြန်လာတဲ့ သူငယ်ချင်းတစ်စု အပြန်လမ်းမှာ ကျွန်တော်တို့ အော်နေကြတာ တွေ့သွားတယ်။ "ဟုတ်ပြီ၊ ငါတို့လည်း အော်ပေးမယ်"လို့ သူတို့က ပြောတယ်။ လမ်းလယ်ခေါင်မှာ ကျွန်တော်တို့နဲ့ ပေါင်းလိုက်ကြတယ်။ ပထမလူက တစ်နှစ်သုံးရေပြီး အားလုံး အော်ခေါ်လိုက်ကြတယ်။

“ထ.. ရီ.. ဇာ"။

လူတစ်ချို့ ထပ်လာတယ်။ ကျွန်တော်တို့နဲ့ လာပေါင်းတယ်။ ဆယ့်ငါးမိနစ်လောက် အတွင်းမှာ ကျွန်တော်တို့ အုပ်စုက လူနှစ်ဆယ်လောက် ဖြစ်လာပြီ။ လူသစ်တွေ မကြာခဏ ထပ်ရောက်လာကြတယ်။

တစ်ချိန်တည်း (တစ်ပြိုင်နက်) ကောင်းကောင်းအော်နိုင်ဖို့ စည်းရုံးရတာ သိပ်မလွယ်ဘူး။ တစ်ယောက်ယောက်က သုံးလို့ မရေရခင်အော်တယ်။ (တစ်ချို့က) အရှည်ကြီးဆွဲအော်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အတော်အသင့် အဆင်ပြေအောင် အောနိုင်ပါတယ်။ ကျွန်တော်တို့ ဒီလိုသဘောတူသတ်မှတ်ကြတယ်။ 'ထ' ကို အသံနှိမ့်ပြီး ရှည်ရှည်အော်၊ 'ရီ' ကို အသံမြှင့်ပြီး ရှည်ရှည်အော်၊ 'ဇာ' ကို အသံနှိမ့်ပြီး တိုတိုပြတ်ပြတ်အော်။ သိပ်ဟုတ်သွားတယ်။ မကြာခဏ တစ်ယောက်ယောက် ထွက်သွားရင် နည်းနည်းပူညံပူညံ ဖြစ်ရုံလောက်ပါပဲ။'

ကျွန်တော်တို့ အဆင်ပြေစ ပြုနေပြီ။ တစ်ယောက်ယောက်၊ သူ့အသံနဲ့လိုက်အောင် ဆိုရင်တော့၊ မျက်နှာမှာ မှည့်ခြောက်တွေရှိလိမ့်မယ်ထင်တဲ့ လူတစ်ယောက်က မေးတယ်။ "သူ အိမ်မှာရှိတယ်ဆိုတာ ခင်ဗျားသေချာရဲ့လား"။

"ဟင့်အင်း" ကျွန်တော်က ဖြေတယ်။

"ဟန်မကျဘူး" နောက်တစ်ယောက်က ပြောတယ်။ "မင်း(အခန်း)သော့ မေ့ခဲ့လို့လား၊ ဟုတ်လား"

"တကယ်တော့၊ ငါ့သော့ငါ့မှာရှိပါတယ်"

"ဒါဖြင့်၊ မင့်ဟာမင်း တက်သွားပါလား"

"အို၊ ငါ အဲဒီ(အခန်း)" မှာမနေဘူး၊ မြို့ဟိုဘက်ခြမ်းမှာနေတာ"

"ဟုတ်ပါပြီကွာ၊ ဒါဖြင့် ငါစပ်စုတာလေး ခွင့်ပြုပါဦး" မှည့်ခြောက်တွေ အပြည့်နဲ့ အသံက အသေအချာမေးတယ်။ "အဲဒီမှာ ဘယ်သူနေသလဲ"။

"တကယ်တမ်း ငါလည်း မသိဘူး"

လူတွေ အတော်စိတ်ပျက်သွဦးပြပုံပဲ။

"ဒါဖြင့် တဆိတ်ရှင်းစမ်းပါဦး" သွားခေါခေါနဲ့ လူတစ်ယောက်က သွားခေါသံနဲ့မေးတယ်။၊

"ဘာဖြစ်လို့ မင်းဒီမှာရပ်ပြီး ထရီဇာလို့ အော်ခေါ်နေတာလဲ"

"ငါ့သဘောပြောရရင်" ကျွန်တော်က ပြောတယ်။ "တခြားနာမည် ခေါ်လည်းရတယ်။ တခြားတစ်နေရာ သွားခေါ်လည်းရတယ်၊ ပြဿနာ မဟုတ်ဘူး"

အတော်ကလေး ကသိကအောက်ဖြစ်သွားကြတယ်။

မှည့်ခြောက်တွေနဲ့ လူက.. "မင်း တို့ကို အရူးလုပ်နေတာတော့မဟုတ်လောက်ပါဘူးနော်"

"ဗျာ" ကျွန်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ကျွန်တော် တကယ် ရိုးရိုးသားသားပဲဆိုတာ သိစေချင်လို့ လူတွေကို ကြည့်လိုက်တယ်။၊ လူတွေက ဘာမှမပြောဘူး။ ကျွန်တော် ဆိုလိုတာလည်း သဘောပေါက်ပုံမရဘူး။

နည်းနည်းအိုးတိုးအန်းတန်းဖြစ်သွားတယ်။

"ဒီမယ်" တစ်ယောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောတယ်။ "ငါတို့ ထရီဇာလို့ နောက်ဆုံးတစ်ချီ အော်ခေါ်မယ်၊ ပြီးတော့ အိမ်ပြန်ကြမယ်"

ဒါနဲ့ ကျွန်တော်တို့ တစ်ချီ ထပ်အော်ခေါ်တယ်။ တစ်နှစ်သုံး၊ ထရီဇာ။ ဒါပေမယ့် အဆင်မပြေဘူး။ ဒီလိုနဲ့ လူစု ခွဲလိုက်တယ်။ တစ်ချို့က ဒီဘက်သွား၊ တစ်ချို့က ဟိုဘက်သွား။

ကျွန်တော်လည်း(ထွက်လာတာ) မြို့လယ်ကွက်လပ်ရောက်ခါနီး၊ အသံတစ်သံ ကြားလိုက်ရတယ် ထင်လိုက်မိတယ်။ ထ.. ရီ.. ဇာ.. ။

တစ်ယောက်ယောက် အော်ခေါ်ဖို့ကျန်ခဲ့ပုံရတယ်။ ခေါင်းမာတဲ့လူတစ်ယောက်ယောက်။

ဇော်ဇော်အောင်
(မူလစာရေးဆရာ Italo Calvino အီတလီဘာသာနဲ့ရေး။ Tim Parks အင်္ဂလိပ်ဘာသာပြန်)
ရွက်နုဝေ၊ ဖေဖော်ဝါရီ၊ ၂၀၁၂

စနေ နေ့တစ်ဝက် (၁၃)


ပထမဆုံးမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်ဘူး
ထုံထိုင်းနေတဲ့ အာရုံတွေအတွက် ကော်ဖီ တစ်ခွက်ပြီးတစ်ခွက်
ပြင်မဆုံးနိုင်တဲ့ စာသားတွေအတွက် စာရွက် တစ်ရွက်ပြီးတစ်ရွက်
စည်းချက်မမှန်တဲ့ နာရီလက်တံမြည်သံ တချက်     ပြီး     တချက်
လျှော့ချထားလိုက်တဲ့ မျှော်လင့်ခြင်းများ၊
လျှော့မရသေးတဲ့ မာန်မာနနဲ့
လွန်မှရတဲ့ လူမိုက် နောင်တ၊
ဘယ်တော့များမှ ပြီးမလဲ
ထပ်ကျော့ပြီးရင်း ကျော့နေတဲ့ အိမ်လွမ်းတေးတစ်ပုဒ်နဲ့
ငါ့ရဲ့ စနေနေ့တစ်ဝက်တွေ
ပထမဆုံးမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်သေးဘူး

သီဟသူ
၀၁၊ ၀၄၊ ၂၀၁၂

Mar 31, 2012

နီတိများ


နီတိဟာ အနီရောင်ရှိတယ်၊ တိလည်းတိကျတယ်၊ ဒါကြောင့် ဒီလိုခေါ်ကြတယ် နီတိလို့။ နီတိဆရာတစ်ယောက်က ပြောတယ် နီတိတွေကို အရမ်းမယုံနဲ့တဲ့။ ဒါဟာ နီတိတစ်ခုပါပဲ။၊ နီတိဟာ ဒီနေ့ မှန်နေပြီး မနက်ဖြန်မှာ မှားယွင်းနိုင်တယ်။ ဒါပေမဲ့ သန်ဘက်ခါကျတော့ မှန်ချင် မှန်လာပြန်ရော။ နီတိတွေကို မှားယွင်းရကောင်းလားလို့ ဘယ်တော့မှ အပြစ်မဆိုလေနဲ့ကွဲ့။ ငါတို့ခေတ်ရဲ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး နားလည်ရခက်လွန်းတော့ နီတိတွေဟာ အစိတ်အပိုင်းအားလုံးကို ခြုံငုံမိဖို့အခက်အခဲတော့ ရှိပေသပေါ့။ နီတိဆရာတစ်ယောက်ဟာ သူ့နီတိတွေကို ပြောပြဖို့ ကြိုးစားချင်တယ်။ ဒါပေမဲ့ နီတိဟာ ပေါင်မုန့်မဟုတ်လေတော့ သာမန်လူတွေ စိတ်ဝင်စားလို့ မလွယ်ဘူးကွယ်။ ဒါပေမဲ့ နီတိဟာ နီတိပါပဲ။ နီတိဟာ ပေါင်မုန့်မဟုတ်ပေမယ့် နီတိဟာ ပေါင်မုန့်ကို ပို၍အရသာ ရှိစေပါတယ်။ နီတိဆရာက ဒီလိုပြောတယ်။ ပေါင်မုန့်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ သင် ဆာလောင်မွတ်သိပ်နေတဲ့ အချိန် ပါပဲတဲ့။ ဒါကြောင့်လည်း နီတိဆရာတွေကို ရှေးရှေးကတည်းက လေးစားလာကြတာပဲ။
နီတိတစ်ခုကို ငါပြောပြမယ်။ ပေါင်မုန့်တစ်လုံးကို လူနှစ်ယောက် ခွဲဝေစားတဲ့အခါ ပျော်ရွှင်ဖွယ်အရသာကို ရလိမ့်မှာလို့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 30, 2012

ဝါကျဖြစ်သွားသော အက္ခရာများ (ဖတ်ရန်သက်သက်သာ)


သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်
ဝေဒနာတွေဟာ ဆေးဖက်ဝင်တယ်
ဒုက္ခတရားစာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်တယ်
ဆာလောင်ခြင်းဟာ သိပ် အရသာရှိတယ်
အထီးကျန်ခြင်းဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်
စာမေးပွဲကျပြီးရင် ကိုယ်ပိုင်ဉာဏ် ပိုရှိမယ်
ငါ ပြောပြမယ်
ငိုသံတွေဟာ လာမယ့်နှစ်မှာ အရွှင်မြူးဆုံးကွဲ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 29, 2012

မနက်ဖြန်ကျရင်


မနက်ဖြန်ကျရင် လခထုတ်မယ်
မနက်ဖြန်ကျရင် ငါနေကောင်းပြီ
မနက်ဖြန်ကျရင် အဖေပြန်လာတော့မှာ
မနက်ဖြန်ကျရင် အဖူးတွေဖူးပြီ
မနက်ဖြန်ကျရင် စာပို့သမားလာမယ်ထင်တယ်
မနက်ဖြန်ကျရင် ဒီပုစ္ဆာကို နောက်တစ်ခါ ပြန်မတွက်တော့ဘူး
မနက်ဖြန်ကျရင် စာရွက်ပေါ်မှာ ငါဆိုတဲ့စာလုံးရေးပြီး
ပြတင်းပေါက်ကနေ လွှတ်ချလိုက်မယ်
မနက်ဖြန်ကျရင် ငါ့ကိုမမေ့ပါနဲ့
မနက်ဖြန်ကျရင် ပဲစေ့ကလေးတွေအတိုင်း ငါလိုက်သွားမယ်
အားလုံးပြန်ဆုံကြမှာပါ။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 28, 2012

တစ္ဆေသင်္ဘော


ဥသြသံကြားရတဲ့အခါ ငါဘယ်လိုမှ မနေနိုင်ဘူး
သင်္ဘောပေါက်ပေါ် တက်လိုက်ခဲ့မိတယ်
သင်္ဘောပေါက်ဟာ အမှောင်ထဲခုတ်မောင်းတယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့အမှောင်ထဲမှာပေါ့
သင်္ဘောပေါက်ဟာ ပို၍ နက်ရှိုင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းတယ်
ဝေးလံပါစေ၊ နက်ရှိုင်းပါစေ၊ မှောင်မိုက်ပါစေ ငါဟာ သင်္ဘောပေါက်ပေါ်မှာ
တက်လိုက်ခဲ့မိပြီးပဲ။
အလင်းရောင်ကို ဘယ်တော့ မြင်ရမှာလဲ
မှောင်ထဲမှာ တွေးမိရဲ့။ အကြိမ်ကြိမ် ငါတွေးမိရဲ့
သင်္ဘောကတော့ ရွေ့မြဲရွေ့လျက်ပါပဲ။
အလင်းရောင်ကို ငါ မေ့သွားတဲ့အခါ မှောင်ထဲမှာ အရာရာကို မြင်လာရတယ်။
သင်္ဘောပေါက်ပေါ်မှာ ခရီးသည်တွေ ဟိုမှာတစ်ယောက်
ဒီနားမှာတစ်ယောက်၊ ဟောဟိုမှာတစ်ယောက်
မှောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မြင်လာရတဲ့အခါ
ပျော်ရွှင်လာသလိုလို၊ ထိတ်လန့်လာသလိုလို
ဒီအချိန်မှာ သင်္ဘောဟာ ဥသြသံရှည်ကို ဆွဲလိုက်တယ်
ငါဘယ်လိုမှ နေလို့မရအောင် ဆွဲငင်လိုက်တဲ့အသံပေါ့
ဒီအသံက သူဟာ ရေအောက်ကြမ်းပြင်ဆီ ဦးတည်ခုတ်မောင်းနေပြီ ဖြစ်ကြောင်း
ကြေညာလိုက်တဲ့ သင်္ဘောရဲ့ သတင်းစကားလည်းဖြစ်ရဲ့။
ရေအောက်ကြမ်းပြင်မှာ မြို့ပြနိုင်ငံတစ်ခု ရှိနေသလား
သင်္ဘောပေါက်ဟာ ခုတ်မောင်းတယ်၊ နစ်ဝင်ရင်း တအိအိ နစ်မြုပ်ရင်း
အမှောင်ထဲမှာ၊ ပိန်းပိတ်မည်းမှောင်ထဲ အမှောင်ထုထဲမှာ တရွေ့ရွေ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 27, 2012

ဖားပြုပ်


ဖားပြုပ်တစ်ကောင် ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ မိုးဖွဲဖွဲကလေး ရွာနေသည်။ ကတ္တရာလမ်းတစ်ဖက် ရေမြောင်းထဲက တက်လာတဲ့ဖားပြုပ် ရပ်လိုက် ခုန်ဆွ ခုန်ဆွရွေ့လိုက်နှင့်။ ကတ္တရာလမ်းမက စွတ်စိုအေးမြနေသည်။ ဖားပြုပ်သည် ခုန်ဆွ ခုန်ဆွနှင့်။ မှောင်ရီရီ ညဦးပိုင်း ကတ္တရာလမ်းမပေါ်မှာ မော်တော်ကားတွေ မီးဖွင့်ကာ မောင်းနှင်သွားလာနေကြသည်။ ကားမီးအလင်းထဲမှာ မိုးစက်တွေ တဖွဲဖွဲမြင်ရသည်။ မော်တော်ဆိုင်ကယ်တစ်စီး ဝေါခနဲ မောင်းနှင်သွားသည်။ စက်ဘီးတစ်စီး နင်းလာပြန်သည်။ ဖားပြုပ်က ခုန်ဆွ ခုန်ဆွနှင့်။ ရပ်လိုက်ပြန်သည်၊ ဣန္ဒြေကြီးပါပေ့။ ကတ္တရာလမ်းမပေါ်မှာ ဖားပြုပ်ရောက်နေသည်။ ခုန်လိုက်သည်၊ ပြန်ကျသည်။ ငြိမ်သွားပြန်သည်။ မိုးစက်တို့ တဖွဲဖွဲ။ ကုန်တင်ကားကြီးတစ်စီး အော်မြည်ကာ ဖြတ်မောင်းသွားသည်။ ဖားပြုပ်သည် ကားဘီးများကြားမှ ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ နရီမှန်မှန် ရွေ့နေပုံမျိုး ဖြစ်သည်။ ဖားပြုပ် ထပ်ခုန်လိုက်ပြန်သည်။ ဝေါခနဲ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသည်။ ဖားပြုပ်ရပ်နေသည်။ ခဏလေးပါပဲ။ ခုန်ဆွ ခုန်ဆွနှင့် ရွေ့ပြန်သည်။ မီးရောင်ဝင်းဝင်းနှင့် လေးဘီးကားတစ်စီး အရှိန်ဖြင့် ဖြတ်မောင်းလာသည်။ ဖားပြုပ်ဘယ်ရောက်သွားပြီလဲ။ မှောင်ရီရီ ကတ္တရာလမ်းမထက် မိုးစက်မှုန်မှုန်တွေထဲမှာ ဖားပြုပ်ရှိနေသည်။ ခုန်လိုက်သည်။ ကတ္တရာလမ်းမအစပ်သို့ သူရောက်လာပြီ။ ရပ်လို့၊ ဣန္ဒြေကြီးပါပေ့၊ မသိမှုနဲ့ ဣန္ဒြေကြီးပါပေ့။ စက်ဘီးတစ်စီးက ဘဲလ်သံ တလွင်လွင်နှင့် နင်းသွားသည်။ ကတ္တရာလမ်းပေါ်မှာ မီးရောင်ဝင်းဝင်း ထိုးလိုက်တိုင်း မိုးစက်မိုးမှုန်တွေ တဖွေးဖွေး။ ဖားပြုပ် ခုန်ဆွ ခုန်ဆွနှင့်။ လမ်းဟိုတစ်ဖက် ရောက်သွားပြီ။ မိုးအေးအေး ကျောက်တုံးတစ်တုံးရဲ့ ထောင့်ကွေးမှာ ဝပ်ရင်း တစ်ညလုံး အော်မြည်ပေရော့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Feb 6, 2012

အဖေ


ကိုယ်လက် ကျန်းမာ ရှိရဲ့လား
တစ်လက်ကိုင် မော်တော်ကားကော မာမာချာချာ ရှိပါရဲ့လား
မြေးမလေး ထိန်းကျောင်းရ အဆင်ပြေရဲ့လား
အမေနဲ့ကော အဆင်ပြေတယ်မလား
ကွမ်းယာဖြတ်ဖို့ စဉ်းစားထားသေးလား
ဘောလုံးပွဲကြည့်ရင် အိပ်ငိုက်ဆဲပဲလား
ရေဒီယို နားထာင်ဖြစ်လား
အိမ်မှာ သတင်းစာ မှာသေးလား
ခေတ်ပြိုင် မြန်မာ့အရေးကော အဆက်မပြတ် ရှိရဲ့လား
နေရာသစ်မှာ အသားတကျ ဖြစ်ပြီလား
မိတ်ဆွေသစ်တွေ ရပြီလား
မိတ်ဆွေဟောင်းတွေနဲ့ အဆက်အသွယ် ရှိသေးလား
စိုက်ထားတဲ့ အပင်တွေ အခြေအနေကောင်းလား
ပင်စင်နာဆိုတာကော အဖေ့မှာ ရှိနေသလား
ရွှေထီးဆောင်းခဲ့တာတွေကို အမှတ်တရ ရှိနေဆဲလား
လူငယ်ဘဝကို အမှတ်ရလား
ရန်ဖြစ်ဘူးလား
အသဲကွဲဘူးလား
ပျော်ရွှင်မှုဆိုတာ ဘာလဲ စူးစမ်းဘူးလား
အချစ်ဦးကို အမှတ်ရသေးလား
ဒီနှစ်ထဲ အိမ်ထောင်သက် ၃၀ရှိပြီ ဆိုတာကို တွေးမိသလား
သမီးနဲ့သား မွေးတဲ့ နေ့တွေကို အမှတ်တရရှိလား
သမီးနဲ့သားကို အိပ်ရာဝင် ပုံပြင် ပြောပြခဲ့ဘူးလား
သမီး အိမ်ထောင်ပြုတဲ့ နေ့ကိုကော အမှတ်တရရှိလား
ကိုယ့်လို ကြိုးစားမှုရှိတဲ့ သမီးအတွက် ကြေနပ်မှု ရှိလား
ဘာမှ မဖြစ်ချင်ခဲ့တဲ့ သားအတွက်ကော စိတ်ပျက်ခဲ့ဘူးလား
ကြမ်းတမ်းတဲ့ ငယ်ဘဝ၊ ဆိုရှယ်လစ်ခေတ်နဲ့
မုန်တိုင်းထန်ခဲ့တဲ့ ၉၀ခုနှစ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ
သားကို ပြန်ပြောပြပါလား
အဖိုးနဲ့ အဖွားအကြောင်းတွေ ပြောပြပါဦးလား
စွဲလန်းခဲ့ဖူးတဲ့
ရုပ်ရှင်၊ ဓါတ်ပြားသီချင်း၊ ဝတ္ထု၊ ရုပ်ရှင်မင်းသမီး
အဲ့ အကြောင်းတွေ ပြောပြပါဦးလား
ခရီးတွေထွက်ချင်လား
ရိပ်သာဝင်ချင်လား
မွေးရပ်ကိုပြန်ချင်လား
သားမက်နဲ့ကော အဆင်ပြေလား
ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲဆိုတာကော တွေးမိသလား
အဝေးရောက် သားကိုကော စိတ်ချလက်ချ ရှိပါရဲ့လား
မွေးနေ့မှာ အဖေပျော်ပါရဲ့လား
မွေးနေ့မှာမက အမြဲပဲ အဖေပျော်ပါစေသား


အဝေးရောက်သား သီဟသူ
၀၅၊ ၀၂၊ ၂၀၁၂

Dec 31, 2011

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်


၁။ ခင်ခင်ပျိုရေ
 
ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇဝါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖျောက်ဖျောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မဖြောင့်ဖြူးခြင်းအချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ စောင့်ခဲ့တယ်။ ။


၂။ ခင်ခင်ပျိုရေ ငါ့ဘဝ သမိုင်းတစ်လျှောက်

ဂူကြီးထဲမှ မီးတုတ်ကိုင် ထွက်လာသလို
ငါ စောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်း မြန်တတ်တယ်။
မီရထားဘူတာရုံမှာ ရထားစောင့်သလို
ငါ စောင့်ခဲ့တယ်။

“ပါလာ မလား
မပါလာဘူးလား"
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၃။ ခင်ခင်ပျိုရေ မှတ်တမ်းတစ်ရွက်

မိုးညို့ညို့အောက် ဖြတ်လျှောက်ခဲ့ပြီး
မှောင်ခဲ့တယ်။
တံတားအောက် ဖြတ်လျှောက်ပြီး
မှောင်ခဲ့တယ်။
မှောင်ခဲ့တယ်၊ မှောင်ခဲ့တယ်
မှောင်ခဲ့တယ်။
ငါဟာလည်း ဘာမို့လဲ
မှောင်ခဲ့တယ်။
အဝီစိက ခုမှ တက်လာသလို
မှောင်ခဲ့တယ်။
ငါ့ကိုယ်မှဦ အဲဒီအမှောင်နံ့စွဲလို့
ဒီဘဝမှာ ဒီမှာ မင်းကိုယ်နံ့ကို ငါ တောင့်တလို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၄။ ခင်ခင်ပျိုရေ ပိုကောင်းတဲ့ကဗျာ

ထင်မြင်ချက်များ၊ မှတ်ချက်များ
ငါ့မျက်နှာနဲ့ တူခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
အရောင်ပိုကောင်းတဲ့ ကောင်းကင်
ပိုကောင်းတဲ့ ကဗျာ
ပိုကောင်းတဲ့ ဘဝ
ငါက ဟိုလူ့ပြောပြ ဒီလူ့ပြောပြ။
မိန်းကလေးရေ .,.၊ အလုပ်တွေ များနေသလား
မုန့်ဟင်းခါးတစ်ပန်းကန်အတွက်လည်း
ကျေးဇူးပါပဲ။
နှင်းတောထဲရောက်နေသူထံ
ကျောက်မီးသွေး ပို့ဖို့ဆိုတာ
ကောင်းပါတယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၅။ ခင်ခင်ပျိုရေ ငါ့အကြောင်း

ငါတို့ နေနေသော နေ့ရက်များဟာ
အံ့သြစရာ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ ထပ်၍ အလိုရှိခဲ့ကြ။
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ။
ပြီး၊ ဒါဟုတ်ရဲ့လား
ပြီး၊ ဘာတွေ ဖြစ်လာမလဲ။
အချစ်ဆိုတာမှာပဲ
နစ်နာစရာ ရှိလာတယ်။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။
တက်တူးထိုးဖို့ လိုဦးမလား !
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၆။ ခင်ခင်ပျိုရေ မပြီးသေးသော ပန်းချီကား

ဘယ်လမ်းမှ မရွေးဘဲ
ဒီလမ်းပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အမိဝမ်းက လာခဲ့တယ်
ကျောင်းသွားခဲ့တယ်
အလုပ်လုပ်ခဲ့တယ်
အလုပ်ရှုပ်ခဲ့တယ်။
ဒါပေမဲ့ အလုပ်မပြီးဘူး
အလုပ် မပြီးသေးဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၇။ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက် မေတ္တာဖြင့်

ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ။
မင်းနဲ့ငါ
တူလွန်းလေစွ။
ပါလာသည့် ကောင်းမှု၊ မကောင်းမှု
တူလွန်းလေစွ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ။

ဆုံတွေ့ဖို့
တကယ်လိုခဲ့ကြ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ။
တကယ်မခက်ဘဲ
ခက်ခဲခဲ့ကြ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၈။ ခင်ခင်ပျိုရေ ငါတို့အနီးမှာ

တစ်ပုဒ်မှ နောက်တစ်ပုဒ်သို့
အနုပညာတစ်ခုမှ နောက်တစ်ခုသို့
'၀' မှ '၁' နှင့် '၂' သို့
'၃' နှင့် '၄' သို့။
၎င်းကဲ့သို့
ငါစောင့်လို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ခေျာင်းအတန်တန်ခြား
ခရီးအတန်တန်ခြား
အကန့်အတန်တန်ခြား
ကမ္ဘာအတန်တန်ခြား
ဘယ်ကမ္ဘာရောက်သွားသွား
ငါတို့အနီးမှာ
ငါတို့ ရှိခဲ့ကြ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၉။ ခင်ခင်ပျိုရေ ဒီလိုအချိန်တွေ

ရှုခင်းတွေ ကုန်သွားပြီလား
ရှုခင်းတွေ ကုန်သွားမှာလား
ရုပ်ရှင်တွေ ကုန်သွားမှာလား
သီချင်းတွေ ကုန်သွားမှာလား
ဘဝတွေ ကုန်သွားမှာလား
နေ့စဉ် တက်တက်ကြွကြွ ရုံးသွားတဲ့ ရုံးစာရေးများ
ကုန်သွားမှာလား
ငါ့လက်ဖက်ရည်တစ်ခွက်မကုန်ခင်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ရှုခင်းတွေ မကုန်နိုင်ဘူးမဟုတ်လား
ခင်ခင်ပျိုရေ
မကုန်နိုင်ဘူးမဟုတ်လား
ငါ စောင့်ခဲ့တယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
မကုန်ဘူးမဟုတ်လား
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
လာဦးမှာမဟုတ်လား။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၀။ ခင်ခင်ပျိုရေ ငါ စောင့်ခဲ့ရ

ယနေ့ အမှား ဘယ်နှခုဟု
ယနေ့ အမှန် ဘယ်နှခုဟု
ဂရို့ချိုးခဲ့သလို
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါစောင့်ခဲ့ရ …
ငါ စောင့်ခဲ့ရ။
ငါ့အဖြေကို ငါ စောင့်ခဲ့ရ
ငါ့စာရင်းကို ငါ စောင့်ခဲ့ရ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။ ။


၁၁။ ခင်ခင်ပျိုရေ ခေါ်ကြိမ်များ

အကြီးအကျယ် သင်္ဘောမှောက်ခဲ့တယ်
ရေကူးမတတ်ဘဲ ကူးခဲ့တယ်
ကမ်းမမြင် ငှက်မမြင် ပြင်ကျယ်ကြီးထဲ
ငါ မြုပ်တော့မယ် …
ဘယ်သူမှ မကြား
တစ်ယောက်နဲ့ တစ်ယောက် မကြား။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မင်း အစက်တစ်စက်
ငါ အစက်တစ်စက်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၂။ ခင်ခင်ပျိုရေ ကဗျာတစ်ပုဒ်

အကောင်းတွေချည်း ကွက်ရေးဖို့
ငါ ဒီစာမျက်နှာမှာ စဉ်းစားတယ်။

ငါရေးနေတာတွေ မကောင်းတွေမို့လား
ငါ စဉ်းစားခဲ့တယ်။

အဲသလိုနဲ့ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၃။ ခင်ခင်ပျိုရေ ချောင်းကြည့်ပေါက်ကလေး

မလိုလို့လည်း မရ
လိုလို့လည်း မရ
အနုပညာနဲ့ နေ့စဉ် ငါနေခဲ့သလို။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ပလက်ဖောင်းအကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့လမ်း
မရှိတော့ပြီ။
ကုက္ကိုပင်အကြီးကြီးတွေ
မရှိတော့ပြီ။
ခေျာင်းကြည့်ပေါက်ကလေးတစ်ပေါက် ရှိတဲ့ အထပ်ခိုးလေး
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၄။ ခင်ခင်ပျိုရေ ရေ အသက်ရှူငွေ့များ

ဓါတ်ကြိုးတန်းပေါ် ခိုတွေသီးလို့
သစ်သားအိမ်ကလေးရှေ့ ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့။
သွားကြ၊ လာကြ
ကြံကြ၊ ရှာကြ။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဒီလိုတစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီးတစ်ကွေ့
ငါတို့ဟာ တရွေ့ပြီးတရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။

ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၅။ ခင်ခင်ပျိုရေ သီချင်းတစ်ပုဒ်

သီချင်းတွေဟာ အမြဲပဲ
စီးဆင်းနေခဲ့ကြ
သီချင်းက
တစ်ယောက်တည်းနဲ့လည်း ညည်းလို့ရတယ် မဟုတ်လား။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

သီချင်းတစ်ပုဒ်လောက်ဖြစ်စေ
ငါ ဆိုခဲ့ချင်ပါတယ်။
သီချင်းတစ်ပုဒ်ပဲ ဖြစ်စေ
ငါ တတ်နိုင်ခဲ့ချင်ပါတယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၆။ ခင်ခင်ပျိုရေ မင်း ပြောပြရလိမ့်မယ်

ကိုယ်လည်း ဒီမျှ
သူလည်း ဒီမျှ
ဝေစုအညီရကြသလို
ဒုက္ခဆိုလည်း ဒုက္ခ၊ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှု
အမှန်တရား ကိုလည်း ညီတူညီမျှ
မယူချင် မရ
ယူချင် ရရဲ့။
ခင်ခင်ပျိုရေ
ယူချင်သော် ရရဲ့။

ငါ့မှာက ရ မရ
မင်း ပြောပြရလိမ့်မယ်။
နှစ်များ များခဲ့တောင်မှ
မင်း ပြောပြရလိမ့်မယ်။
နှလုံးသားနဲ့ တွေ့တဲ့အမှန်
မင်း ပြောပြရလိမ့်မယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၇။ ခင်ခင်ပျိုရေ အားနာပါတယ် မိန်းကလေးရယ်

ကိုယ့်ရှိတာလေး ပါမသွားအောင်
သတိ ဝီရိယနဲ့ပေါ့
မများပါဘူး
ကိုယ့်ရှိတာလေး ပါမသွားအောင်။

ခင်ခင်ပျိုရေ
မများပါဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အားနာပါတယ် မိန်းကလေးရယ်
သတိ ဝီရိယနဲ့ပေါ့။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။ ။


၁၈။ ခင်ခင်ပျိုရေ အဖော်ကွဲသူ

ကိုယ့်အိမ်မှာ
ကိုယ့်အိပ်ရာ ရှိလိမ့်။
ကိုယ့်အိပ်ရာမှာ
ကိုယ်ရှိပါလိမ့်။

အူကြောင်ကြောင် ရှင်ဖူး
ထ ပျံသန်းဖူး
ဖူးယောင်ဖူး
ငါဟာ အရူးတပိုင်း ကပြ။
ပြီးတော့၊ အဖော်ကွဲ
တစ်ယောက်တည်း အိမ်ပြန်ကြ။

အဖြစ်ပျက်က အရှင်းကြီး
ငါတို့က မရှင်းခဲ့ပုံပါ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၉။ ခင်ခင်ပျိုရေ ကသစ်ပန်းတွေ ပွင့်ပေါ့

ကဗျာဆရာယောင် ဆောင်ကာ
ငါ စောင့်ခဲ့တယ်။
ရှုံးလို့ ရှုံးမှန်း မသိ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
နိစ္စဓူဝမှန်မှန်
နှစ်ဘဝနေ
နှစ်ခါသေသလို
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ ကသစ်ပန်းတွေ ပွင့်ပေါ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၂၀။ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူက ပြောစရာမရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။ ။

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
အောင်ချိမ့်
စိတ်ကူးချိုချို အနုပညာ
၂၀၁၁ ခုနှစ်၊ မေလ
ပထမအကြိမ်

Dec 28, 2011

စနေ နေ့တစ်ဝက် (၁၂)


တစ်ကြော့ပြန်လည်လာတဲ့ ဒီဇင်ဘာရဲ့ ဧည့်ခန်းနံရံမှာ
ပစ်ကိုပစ်ရမယ့် ချက်ကော့ဖ်ရဲ့သေနတ်ကလည်း
အသင့်အနေအထား
နားထင်မှာတေ့ပြီး ပစ်ချလိုက်တော့
အဘက်ဘက်ကို လွင့်စင်သွားတဲ့ မော်လီကျူးတိုင်းမှာ
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်ကလေး ကပ်ပါသွားတယ်
ဆောင်းညရဲ့ အေးစက်မှုထဲက
ရထားဥသြသံ တိုးတိုး
အဝေးကလာနေတာလား
အဝေးကိုထွက်သွားတာလား
မီးရောင်တွေထိန်လင်းနေတဲ့ ဘူတာရုံထဲမှာ
တစ်ယောက်တည်း ရပ်စောင့်နေရင်း
အသံတစ်ခု
အထပ်ထပ် တုန်ခါမြည်ဟည်းနေတယ်
"အိမ်ကိုတောင် ဖုန်းမဆက်ဖြစ်အောင် အလုပ်များနေလား သားရယ်"

သီဟသူ
၂၆၊ ၁၂၊ ၂၀၁၁