ဒီကဗျာတွေဟာ မရှင်သန်ဘူး
ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဆေးစစ်ချက်ပဲ။
သူတို့ခမျာ ခြေချောင်းလက်ချောင်းလေးတွေ ပါလာကြသား
သူတို့ရဲ့ နဖူးလေးတွေဟာ အာရုံစိုက်မှုနဲ့ ဖောင်းကား။
လူတွေလို ထသွား ထလာ လမ်းလျှောက်ခြင်းနဲ့ လွဲခဲ့ကြတာ
မိခင်မေတ္တာမရခဲ့လို့တော့ အပြစ်တင် မစောကြပါနဲ့။
သူတို့ ဘာဖြစ်သွားကြတယ်ကို ကျွန်မ နားကို မလည်နိုင်ဘူး။
သူတို့မှာ ပုံသဏ္ဌာန်၊ အရေအတွက်၊ အစိတ်အပိုင်း
မှန်ကန်ပြည့်စုံကြတာပဲ။
ဆားစိမ်ရည်ထဲမှာ သူတို့ ကောင်းမွန်စွာထိုင်လို့။
ကျွန်မကို သူတို့ ပြုံးပဲပြုံးပြနေကြတယ်။
အဆုပ်တွေတော့ ပြည့်မလာကြ
နှလုံးလည်း ဘယ်လိုလုပ်လုပ် မခုန်ဘူး။
သူတို့ဟာ ဝက်တွေမဟုတ်ဘူး။
ငါးကလေးတွေတောင် မဟုတ်ဘူး
ဝက်လိုလို ငါးလိုလို ဟန်ရှိရုံပါပဲ။
သူတို့ အသက်ရှိကြရင် ပိုကောင်းမှာပေါ့
အသက်လည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့ အခုတော့ သက်မဲ့
သူတို့အမေဟာလည်း စိတ်သောကနဲ့ တစ်ပိုင်းသေ
အဲဒါတောင် သူတို့ဟာ ငထုံငအတွေလို စိုက်ကြည့်
သူတို့အမေအကြောင်း ဘာတစ်ခွန်းမှ မဟကြဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
ဇူလိုင်၊ ၁၉၆၀
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃