> သီဟသူ [dot] blogspot [dot] com: ကြေးမုံပြင်

Feb 19, 2011

ကြေးမုံပြင်

ငါဟာ ငွေသားစစ်စစ်...
ငါဟာ တိကျတယ်။
ငါ့မှာ ကြိုတင်မှတ်ယူချက်တွေ မရှိဘူး။
ငါ မြင်မြင်သမျှ ချက်ချင်းစုတ်မြိုချလိုက်တယ်။
ချစ်ခြင်းမုန်းခြင်း မြူမရှိ၊
သူ့အတိုင်းပဲ ပကတိ။
ငါ မရက်စက်တတ်ပါဘူး။
ဖြောင့်မတ်မှန်ကန်ရုံပါပဲ
နတ်ဒေဝတာလေးရဲ့ မျက်လုံး၊ လေးထောင့်ကွက်။
များသောအားဖြင့်
ငါ့ရှေ့တူရူက နံရံကို ငါ ကမ္မဌာန်းရှုတယ်။
အဲဒီနံရံဟာ ပန်းနုရောင်၊ အစွန်းအကွက်တွေနဲ့။
ကြည့်ဖန်များလာတော့ အဲဒီနံရံဟာ
ငါ့နှလုံးသား အစိတ်အပိုင်းလို့တောင် ငါထင်နေပြီ။
ဒါပေမဲ့ မြင်ချည်ကွယ်ချည်နဲ့။
အဲဒီနံရံနဲ့ ငါ့ကို
မျက်နှာတွေနဲ့ အမှောင်ထုဟာ
ခဏခဏ ခွဲပစ်တယ်
ငါဟာ အခု ရေကန်တစ်ကန်။
ငါ့ပေါ်မှာ မိန်းမတစ်ယောက် ငုံ့ကိုင်း
သူ့အစစ်အမှန်ကို ငါ့ရေပြင်ထဲ ဖွေရှာတယ်။
ပြီးတော့ ဟိုဘက် သူလှည့်ပစ်လိုက်တယ်။
လူလိမ်တွေဘက်၊ ဖယောင်းတိုင်တွေဘက်၊
ဒါမှမဟုတ် လ ဘက်။
သူ့ကျောပြင်ကို ငါမြင်ရတယ်။
မြင်တဲ့အတိုင်း သစ္စာရှိရှိ ပြန်ပေးတယ်။
သူပြန်ပေးတဲ့ဆုကတော့ သူ့မျက်ရည်တွေ၊
ပြီးတော့ ဂဏှာမငြိမ်တဲ့ သူ့လက်တွေ။
ငါဟာ သူ့အတွက် အရေးကြီးတယ်။
ငါ့ဆီသူ ရောက်ရောက်လာတတ်တယ်။
ငါ့ဆီက သူပြန်ပြန်သွားတတ်တယ်။
မနက်တိုင်း မနက်တိုင်း
အမှောင်ထုကို အစားထိုးတာ သူ့မျက်နှာ။
ငါ့ထဲမှာ မိန်းမပျိုလေးတစ်ယောက်ကို
သူနှစ်သတ်ပစ်ခဲ့ဖူးတယ်လေ။

ငါ့ထဲကပဲ
နေ့စဉ်နေ့တိုင်း
သူဆီတက်တက်ပေါ်လာတယ်။
ကြောက်ဖွယ်လိလိငါးကြီးတစ်ကောင်လို
အိုမင်းနေတဲ့ မိန်းမတစ်ယောက်။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၂၃၊ အောက်တိုဘာ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃