အပြန်လမ်းတစ်ခု အကြွေးပေးရမှာပဲ အဖတ်တင်တယ်
ဘယ်သူမှ တံခါးမခေါက်ချင်တဲ့ မြွေတွန်သံတွေကို
အကြိမ်ကြိမ် တွန်းဖွင့်နေမိခဲ့ ငါ့မှာ
သားကို မျှော်နေမယ့် အမေ့ရင်ရိပ်မှာပဲ မအိပ်စက်နိုင်သေးဘူး
ချစ်သူကို လွမ်းတနေမယ့် ညီမလေးရဲ့ ရင်ငွေ့ကိုလည်း
မလှုံနိုင်သေးဘူး
အဝေးပြေးကားကြီးတွေကို ငေးကြည့်ရင်မောနေရတယ်
မနက်ဖြန်မှာ ဘာဖြစ်မယ် မသေချာသေးဘူး
ကမ္ဘာကြီးကရော လည်နေဦးမှာပဲလား
အစာကိုမြင်လို့ ချိတ်ကို မကြောက်တဲ့ငါးတွေဟာ
မြို့ပြမှာနေထိုင်ကြတယ် ငါ့လို
စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်နေတဲ့ လောင်စာဟာ ဆာလောင်မှုပဲ
အခု ငါဝှက်ယူလာခဲ့တဲ့ ဘဝသစ္စာကို ပွတ်သပ်
တယုတယ ရိုက်ချကြည့်မိတော့ “ဘူဖဲ” ပဲ
အခုထိ ငါ့ဆီ ကြွေကျမယ့်ကြယ် မရှိဘူး
အိမ်မပြန်နိုင်တဲ့ စိတ်ကလေး အပြင်းဖျားတယ် ...။
ကိုသျှား
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၃၇)၊ ဒီဇင်ဘာ၊ ၂၀၁၀
No comments:
Post a Comment