> သီဟသူ [dot] blogspot [dot] com: July 2011

Jul 24, 2011

ကပ်ဖ်ကာသို့

ကပ်ဖ်ကာသို့ ၊၃၊

နွေရာသီပန်းတွေလို
အပွင့်စုံ အရောင်စုံ
လူငယ်လူရွယ်တွေ ဆံပင်အရောင်စုံ
ခေတ်ကြီးလို အရောင်စုံ
လှလည်း လှပ
ငယ်ရွယ်မှုကိုလည်း ပိုဖော်ပြ။
အဲဒါနဲ့၊ ခင်ဗျား
ဆံပင်ရောင်စုံ ဆိုး မလို့လား!
မရူးလေနဲ့
ရူးသွားမယ်၊
ဆိုးချင်လျှင်..
အဖြူသာဆိုး။ ။



ကပ်ဖ်ကာသို့ ၊၄၊

စာပို့သမားသာ မဟုတ်
သတင်းစာပို့သမားသာ မဟုတ်
ငါလည်း ငါ့အိမ် ငါ့လိပ်စာ ငါလိုက်ရှာရာ မတွေ့၊ မတွေ့
တယ်လီဖုံးခေါ်တယ်၊ ရတဲ့အခါ "ဟယ်လို ခင်ဗျားဘယ်သူလဲ"
ငါမေးရတဲ့အခါ။
ကမ္ဘာပေါ်မှာ ပျောက်ဆုံးနေသူများ
ပျောက်ဆုံးနေသော လိပ်စာများ
ဘယ်ကိုခေါ်မှန်းမသိ ဖုံးခေါ်သံများ။
မှတ်ပုံတင်ရှိရဲ့လား
ဇယားမှာ ပြည့်အောင်ဖြည့်ရဲ့လား
"MIND SCAPE ပန်းပု ပန်းချီပြပွဲ" ကြည့်ပြီးပြီလား
၂၀၁၁ နှစ်သစ် ရောက်ပြီလား။

ဟေ့လူ! ကပ်ဖ်ကာ....၊ ခင်ဗျားကို
"မြန်မာပြည်ကို လာဘို့ ဖိတ်ခေါ်တယ်"*။ ။

*မြန်မာပြည် ခရီးသွားနှစ် သီချင်းမှတစ်ပိုဒ်



ကပ်ဖ်ကာသို့ ၊၅၊

ငါ့နောက်မှာ ဘာမျှမရှိ
"ငါ့နောက်မှာ ကျောဘဲရှိတယ်"လို့
သူငယ်ချင်းက ထောက်ပြပါတယ်။

ကျွန်တော်က အကောင်းမြင်သမားပဲ
ကျွန်တော် ဖြေပါတယ်။ "ကျောရှိလို့တော်သေးတာပေါ့"
(ဖြေပါတယ် ဆိုတာ အဓိပ္ပာယ် ၂မျိုးပါ)
စကားအဖြေကော
ဖြေသာတာကော။

ဇာတ်လမ်းများကား
အဆန်းသားကလား
အဖျားရှူးခဲ့သလို
အဖျား ကားသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သူငယ်ချင်းက ထပ်ပြောပါတယ်
"အကြံကောင်းရင် တစ်ချက်ပဲ"။
ကျွန်တော်က ဆက်ပြောပါတယ်
"အကြံမကောင်းရင်လည်း တစ်ချက်ပါပဲ"။
ကျွန်တော်က အကောင်းမြင်သမားပဲ။ ။



ကပ်ဖ်ကာသို့ ၊၆၊

"လူပေါတွေကတဲ့ ပြဇာတ်ကို
ကြေးကြီးကြီးပေးကြည့်ရတယ် ဟုတ်လား
သိရက်ကြီးနဲ့ ငါ့ကိုရိတ်စောင်းပြောနေတာမဟုတ်လား
အဲဒီပြဇာတ်မှာ ငါ ပါတယ်ကွ.."
ရှေ့နားခုံမှာ အမည်မသိ လူနှစ်ဦး
စကားငြိနေကြပုံ၊ ကြုံခဲ့ရကြောင်း
သပ္ပုရိသအပေါင်း
သူတော်ကောင်း.....တို့
သာဓု၊ သာဓု၊ သာဓု။ ။

အောင်ချိမ့်
Mandalay ICON မဂ္ဂဇင်း

ဟောဒီ လက်တစ်ဖက်

လောကရဲ့ သံသရာ
တစ်နံတစ်လျား အဆုံးမရှိ၊ အစမရှိ
စပ်ဆေးရောင်စုံ ခွက်များအပေါ်၊ လိမ့်လဲကျခဲ့
"မြန်မြန် လုပ်လိုက်လေ၊ ကောင်းလေ ပါ"
"ဟုတ်ကဲ့... ဆရာ၊ ကျွန်တော်...
မဟာခုန်ပျံကျော်လွှား ခေတ်ကြီးကို မီလိုက်ပါတယ်"
တစ်ယောက်ယောက်ကတော့ သတိပေးသလိုလို
လျှောက်မလုပ်နဲ့၊ သူတို့ပြောတိုင်း လျှောက်မလုပ်နဲ့တဲ့၊
ကြော်ငြာတွေကတော့ နွေးထွေးလှတယ်၊
ဖျားနာနေသူ သူငယ်ချင်းရေ
ဒို့တွေ ဝေးနေလွန်းလှပါတယ်ကွာ၊
ငါ လာမယ်၊
ငါ လာပါ့မယ်၊
ငါ့ ငုတ်တိုလက်တစ်ဖက်ကိုသာ မင်း မြင်ပါစေသူငယ်ချင်း။ ။

မောင်ပြည့်မင်း
Mandalay ICON မဂ္ဂဇင်း

ပဲစေ့လေးတွေ

ဇွန်လရဲ့နေ့လယ်ခင်းတစ်ခုထဲမှာ ပဲစေ့လေးတွေ သူမ ရွေးနေတယ်။ မနက်ခင်းက ဘူတာဈေးကလေးထဲက ဝယ်ယူလာတဲ့ ပဲစေ့ကလေးနှစ်ဘူးပါ။ ပန်းထဲမှာထည့်ပြီး ရွေးနေတယ်။ ပဲစေ့ကလေးတွေက ခရမ်းပြာရောင်လေးတွေ။ အဲဒီပဲစေ့ကလေးတွေထဲက အဖျင်းအပိန်အလိမ်လေးတွေ၊ မြေဆန်ခဲအစအနလေးတွေ၊ ကိုင်းဖျားကိုင်းနား အစအနလေးတွေကိုရွေးပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ အဆန်ပြည့်ဝတဲ့ ပဲစေ့တွေရပြီဆိုတော့ ပုလင်းထဲထည့်ပြီး အဖုံးပိတ်ထားလိုက်ပါတယ်။ လိုအပ်တဲ့အခါ ပြုတ်စားဖို့ပါ။ ဒီရက်တွေထဲမှာ မိုးက တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တယ်။ မြေဟာ အစိုဓာတ်ရလို့ အေးမြနေလေရဲ့။ အဲဒီအချိန်တွေမှာ ပြတင်းပေါက်အောက်ဖက်ကြားကလေးထဲကို သူရောက်သွားတယ်။ အို... ကြည့်စမ်းပါ။ ပဲစေ့လေးတွေ အပင်ပေါက်ရှင်သန်ကြလို့။ သူမ စွန့်ပစ်ခဲ့တဲ့ ပဲစေ့လေးတွေ။ သူမအမှုမထားခဲ့တဲ့ ပဲစေ့လေးတွေ။ သူမ စွန့်ခဲ့တဲ့ ပဲစေ့လေးတွေ။ သည်တစ်မိုးနှစ်မိုးမှာ သူတို့အပင်ပေါက်ကာ ကမ္ဘာမြေပေါ်ထရပ်နေကြပေါ့။ သူတို့ကို အဖျင်းအမှော်တွေလို့ သူမသတ်မှတ်စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ ခုသူတို့ ရှင်သန်နေကြပြီလေ။ စိမ်းမြတဲ့အရွက်ငယ်ကလေးတွေနဲ့။

နေမျိုး
၂၀၀၂၊ ၇၊ ၁၈
ည ၁၀း၃၀ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 15, 2011

သတိချို့ယွင်းခြင်း

ညဥ့်နက်နက် သန်းခေါင်ကျော်လောက်မှာ သူနိုးလားတယ်။ သူနိုးလာတော့ ခုတင်ပေါ်ကဆင်းတယ်။ ရေအိုးစင်ကိုမြင်တော့ ရေတစ်ခွက် ခပ်သောက်တယ်။ ပြီးတော့ ရပ်နေတယ်။ တစ်စက္ကန့် ... နှစ်စက္ကန့်၊ တစ်မိနစ် ... နှစ်မိနစ် ... သုံးမိနစ် ... သူရပ်နေတယ်။ ငါဘာလုပ်မလို့ပါလိမ့်။ သူစဉ်းစားမိသလိုလိုပဲ။ ခုတင်ပေါ်မှာ မိန်းမတစ်ယောက် (ခပ်ဝဝ) အိပ်နေတယ်။ ဘယ်ကမိန်းမလဲ၊ မြင်ဖူးသလိုလိုပဲ။ အိပ်နေပုံက စိတ်ပျက်စရာကောင်းတယ်။ သူတစ်ဖက်ကို လှည့်လိုက်တယ်။ နံရံမှာဓာတ်ပုံတစ်ပုံ ချိတ်ထားတယ်။ ယောက်ျားတစ်ယောက်(ပြုံးလို့) ခန့်ညားတဲ့အနောက်တိုင်းဝတ်စုံနဲ့။ ဒါကရော ဘယ်သူပါလိမ့်။ သူစဉ်းစားလို့မရတော့ မစဉ်းစားတော့ဘူး။ သူအခုရောက်နေတဲ့အခန်းထဲမှာ ဘာဆက်လုပ်ရမလဲ။ ရပ်နေရမလား။ တံခါးဖွင့်ပြီး အပြင်ကိုထွက်သွားရမလား။ မသေချာဘူး။ စားပွဲပေါ်မှာ စီးကရက်အတိုတစ်ခုတွေ့တယ်။ သူကောက်ယူလိုက်တယ်။ ဘေးမှာမီးခြစ် သူကောက်ယူလိုက်တယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲ။ သူစဉ်းစားလို့မရဘူး။ စားပွဲပေါ်ကို စီးကရက်နဲ့မီးခြစ် နှစ်ခုစလုံး ပြန်ချထားလိုက်တယ်။ စားပွဲပေါ်မှာ သတင်းစာတစ်စောင်၊ သူဖွင့်ဖတ်တယ်။ ဒါပေမဲ့ ဖတ်လို့မရချင်သလိုလိုဖြစ်နေတယ်။ ဘယ်နေ့ကသတင်းစာပါလိမ့်။ စစ်ပွဲတွေပြီးသွားပြီလား။ လူတွေဟာ စစ်ပွဲတွေဖြစ်ပွားနေရလောက်အောင် မိုက်မဲနေကြတုန်းပဲလား။ ခုထိမိုက်မဲလို့ အားမရကြသေးဘူးလား။ ဟစ်တလာအခုထိ အသက်ရှင်နေတုန်းပဲလား။ နပိုလီယံက ဘာလုပ်နေသလဲ။ စစ်ပွဲကြီးတွေ ဖြစ်ပွားရင် သူကဘာလုပ်ရမလဲ။ ရပ်ကြည့်နေရမှာလား။ ဝင်တိုက်ရမှာလား။ ဝင်တိုက်ရရင် ဘယ်လိုဝင်တိုက်ရမှာလဲ။ သူ့အသိဥာဏ် ခဏနွေးကနဲ ဖြစ်သွားတယ်။ ဟာ... စစ်ပွဲကြီးပြီးခဲ့တာ နှစ်ပေါင်း (၅၀)လား ကျော်ခဲ့ပြီပဲ၊ မဟုတ်ဘူး၊ နှစ်ပေါင်း (၆၀)ကျော်ခဲ့တာဖြစ်မယ်။ အင်း နှစ်ပေါင်း(၆၀)ဆိုရင် ငါကဘယ်အရွယ်ပါလိမ့်။ ခုငါ့အသက်က ဘယ်လောက်လဲ။ သူဟာ သူ့အသက်ကို စဉ်းစားလို့မရဘူး။ သူစဉ်းစားလို့မရတာနဲ့ သူမမှတ်မိတာတွေက များလှတယ်။ အခန်းထဲမှာရပ်နေရင်း စစ်ပွဲကြီးတွေ သူမေ့သွားခဲ့ပြီ။ ဘယ်တော့မှ သူမမေ့လျော့တဲ့အကြောင်းတစ်ခု ရှိနေပြန်ရဲ့။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ပေါင်မုန့်ကို စားသောက်ပစ်ဖို့ပဲပေါ့။ အစားအစာတစ်ခုကို စားသောက်ဖို့ အကောင်းဆုံးအချိန်ဟာ ဆာလောင် နေချိန်ပါပဲ။ အဲဒီအချိန်ဟာ နေ့ဖြစ်ချင်ဖြစ်မယ်၊ ညဖြစ်ချင်ဖြစ်မယ်။ နံနက်ခင်းဖြစ်ချင်ဖြစ်မယ်၊ ညနေခင်း ဖြစ်ချင်ဖြစ်မယ်လေ။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ပေါင်မုန့်ကို သူတစ်ဖဲ့ ဖဲ့လိုက်တော့ တစ်ခုခုကို သူအမှတ်ရလာတယ်။ ဒီလိုအပြုအမူမျိုးကို သူကြိမ်ဖန်များစွာ ပြုမူဆောင်ရွက်ခဲ့ဖူးသလိုလို ထင်မြင်လာမိတယ်။ သူ့အစွမ်းကြောင့် ငါးမိနစ်အတွင်း လဲလျောင်းရင်းနေတဲ့ပေါင်မုန့်ဟာ ကုန်သွားတယ်။ သူအာသီသတစ်ခု ပြေသွားတယ်။ ထူးဆန်းတာက မီးဖိုဆောင်စားပွဲပေါ်မှာ ညစဉ်ညစဉ် ပေါင်မုန့်တစ်လုံး လဲလျောင်းခြင်းပဲ။ သူနည်းနည်းလန်းလာသလိုပဲ။ မီးဖိုဆောင်ကနေ တခြားအခန်းဖက်ကို သူရောက်လာတယ်။ အခန်းထဲမှာ မီးတွေလင်းနေတယ်။ စင်တွေ၊ ဗီရိုတွေနဲ့ စာအုပ်တွေ အများကြီးလည်းရှိတယ်။ ဒါဟာစာဖတ်ခန်းပဲ။ သူက စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ဖွင့်ဖတ်တယ်။ ပါကင်ဆန်၊ အယ်လ်ဇိုင်းမား ဆိုတဲ့ ကြယ်ပွင့်လေးတွေပြထားတဲ့ ခေါင်းစဉ်အောက်မှာ မှတ်စုတွေကိုတွေ့တယ်။ ဘယ်သူ့မှတ်စုလဲလို့ စဉ်းစားနေမိရင်း လက်ရေးဟာ သူအရင်းနှီးဆုံးလက်ရေးပဲလို့ ထင်မြင်လာမိပြန်တယ်။ စာအုပ်ကို သူပိတ်ပစ်လိုက်တယ်။ သူစာ မဖတ်ချင်ဘူး။ သူစာဖတ်ခဲ့ရင် တစ်ခုတစ်ခုသိလာမယ်။ ဒါပေမဲ့ အဲဒီသိမှုတစ်စုံတစ်ခုကို သူလက်ခံနိုင်စွမ်း မရှိတော့ဘူး။ နောက်ထပ် လေနည်းနည်းမှုတ်သွင်းလိုက်ရင် ကွဲထွက်သွားနိုင်လောက်တဲ့ ပူဖောင်းတစ်လုံးလိုပေါ့။ ဒါပေမဲ့ ဒီဥပမာဟာ သူ့အတွက် မှန်ချင်မှမှန်မှာပါ။ ဆိုလိုတာက သူ့ဆင်ခြင်သိမှတ်မှုဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက လေမရှိတော့တဲ့ ပျော့စိစိရော်ဘာပူဖောင်းခွံတစ်ခု။ ဒါမှမဟုတ် ပူဖောင်းအပိုင်းအစတွေလို ဖြစ်ချင်လည်း ဖြစ်နေခဲ့မှာမို့လို့ပေါ့။ စာဖတ်ခန်းထဲက နီယွန်မီးရောင်အလင်းထဲမှာ သူငြိမ်ငြိမ်သက်သက်ထိုင်နေတယ်။ ထိုင်နေရင်း ဟိုဖက်ခန်းက အိပ်ပျော်နေတဲ့ (ခပ်ဝဝ)မိန်းမတစ်ယောက်ရဲ့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ဟောက်သံကို သူနားထောင်နေမိတယ်။

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 6, 2011

မှတ်စု (၂)

မျှော်လင့်ချက်-
တဖြည်းဖြည်း သေဆုံးသွားတဲ့ သစ်ပင်

ပျော်ရွှင်ခြင်း-
မနိုးတမ်း အိပ်စက်ပါရစေ
ဒီ အိပ်မက်ကမ္ဘာ

ကျရှုံးမှု-
အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်
ဘုရားသိ၊ တခြားလူသိဖို့မလိုဘူး


သီဟသူ
၆-၇-၁၁

Jul 2, 2011

အရူးမှာ လိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကတ်ကြေးသံတချပ်ချပ်က နားယားတယ်
ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်
ဆံသဆရာဟာ ဘောလုံးပွဲမှာ
သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာ
ငါ့ရှေ့ရောက်လာသလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်
စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊ စိတ္တဇဝေဒနာသည်လား
သူ့အမူယာတွေ လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊ တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ ဖြစ်ပါ့မလား
တကယ်တော့ဗျာ နံရံမှာချိတ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိတ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား
လူတွေ စိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူ အတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးလို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ ပြုတ်ကျလာပုံ၊ ကြောင်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့်အတွင်း အဖြစ်အပျက်
သူ့မျက်နှာဟာ သူဘာမှ မလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲမှာ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေး တိကျ မြန်ဆန်လွန်းတယ်
သူ့မျက်နှာရှေ့ တဝီဝီပျံသန်းနေတဲ့ ယင်ကောင်ကို ပိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ဝတ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ပိုင်းဟာ
ငါ့ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ကုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓ္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်ကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကျော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ကိုရွေး
Idea မေလ၊ ၂၀၀၉
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ

ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်

ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။

လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်

သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။

*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ

ကိုရွေး
ရုပ်ရှင်တေးကဗျာ
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

မှန်စာတိုက်ထားတဲ့ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ လေညင်းလေးတွေ နာကျင်မှာစိုးရဲ့

ဒီညနေခင်းဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီစက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေး
သူ့အဖော်လို့ထင်ခဲ့

သူ့လက်ဟာတုံ့ခနဲ
သူ့ရင်ဟာဆတ်ခနဲ

သူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း

"ဖေဖေ
တခြားစွန်တွေမှာ ဓားပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား"
ကျွန်တော်
အဖြေကိုစဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်
ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရ
ပြတ်သွားတဲ့စွန်ကလေးကို စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီသားရေ

မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးကလေးကိုကိုင်လို့။

(သားငယ်လေးစွန် စ လွှတ်သောနေ့ အမှတ်တရ)

ကိုရွေး
ရတီ၊ ဒီဇင်ဘာ၊ ၂၀၀၄
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

ဖြန့်ထားတဲ့လက်ဝါးကြီး

ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်လို့ သတင်းဖြစ်ပေါ်နေတယ်။ ကျွန်တော်က မယုံပါဘူး။ ကျွန်တော် မယုံဘူးဆိုတာ အဖြစ်အပျက်ကို မယုံတာမဟုတ်ပါဘူး။ တစ်ဆင့်ခံသတင်းတွေကို မယုံတာပါ။ ဒီခေတ်ဒီအခါမှာ ဘယ်အဖြစ်မပျက်မဆို ဖြစ်ပျက်နိုင်တယ်လို့ ကျွန်တော် လက်ခံထားပြီးသားပါ။ ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်တဲ့။ လူတွေဟာ ကဖေးဆိုင်မှာ ဒီသတင်းကို ပြောဆိုနေကြတယ်။ ဘတ်စ်ကားမှတ်တိုင် လူစုစုမှာလည်း ဒီသတင်းကို ပြောဆိုနေကြတယ်။ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေည သန်းခေါင်လောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကိုဝင်သွားပြီး ခန်းမလယ်မှာရပ်နေတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ တော်တော်ကြာကြာ ရပ်နေခဲ့သတဲ့။ နိုက်ကလပ်ရဲ့ သန်းခေါင်ကျော်ခဲ့ချိန်မှာ အထဲကလူတွေဟာ သူတို့ခံစားမှုကလွဲလို့ ဘာကိုမှ အရေးမလုပ်ကြတော့ဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးကိုလည်း စိတ်မဝင်စားကြဘူးတဲ့။ ဒါပေမဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ ဖြန့်ထားလျက်ပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ နိုက်ကလပ်ထဲက လူတွေအကြောင်းကို တွေ့သိမြင်ခဲ့သူတစ်ဦးက ခုလိုပြောပြပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ အချိန်တော်တော်ကြာအောင် ရှိနေခဲ့သတဲ့။ နံနက်လင်းအားကြီးအချိန်လောက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲကနေ အပြင်ကို နောက်ပြန်ရွေ့လျားပြီး ထွက်ခွာသွားပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး တစ်ခုခုမရပဲ တစ်နေရာရာက ဘယ်တော့မှ မထွက်ခွာဘူးတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကနေ သီချင်းတစ်ပုဒ် (ငါတို့ အမှောင်ထဲမှာ ဆုံကြမည်) ဘီယာတစ်ဖန်ခွက်၊ အပျိုစင်နောက်ဆုံးညတစ်ည၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ဂိတ်စောင့်အဖိုးကြီးရဲ့ တုတ်ကောက်တစ်ချောင်းကို ယူဆောင်သွားခဲ့ပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ မြို့ထဲမှာ လျှောက်သွားနေတယ်လို့ လူတွေပြောနေကြလျက်ပဲ။ ဒါတွင်သာမက လူတစ်ယောက်ဟာ မြို့ပြင်က မြစ်ကမ်းတစ်ခုမှာ ငါးထိုင်မျှားနေသတဲ့။ သူဟာ ငါးသုံးလေးကောင်ကိုလည်း မိထားပြီတဲ့။ သူဟာ ငါးမျှားတံမှာ ငါးစာကိုတပ်ပြီး ငြိမ်သက်မှုနဲ့ ငါးကို မျှားနေတာပေါ့။ အဲဒီ့အချိန်မှာပဲ သူ့နောက်ကျော်ဘက်ကို ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်လာတော့တယ်။ သူဟာ ဖြန့်ထားတဲ့လက်ဝါးကြီး သူ့နောက်မှာ ရောက်နေတာကို မသိဘူးတဲ့။ ငါးစာကို ငါးက ဟပ်လိုက်တဲ့အချိန်မှာ သူဟာ ဆတ်ခနဲ ဆွဲတင်လိုက်တယ်။ ငါးဟာ ငါးမျှားချိတ်မှာမိပြီး လေထဲမှာကိုင်းညွတ်ကာ နောက်ဖက်ကိုကျသွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဖျပ်ဖျပ်လူးနေတဲ့ငါးကို တွေ့ရတော့တာပါပဲ။ သူက တစ်ခုခုပြုမူဖို့ ကြံရွယ်နေစဉ်မှာပဲ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နောက်ပြန်ဆုန်ပြီး မြို့ဘက်ကို ထွက်ခွာသွားတော့တယ်တဲ့။ ဖျပ်ဖျပ်လူးနေတဲ့ ငါးဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ပါသွားတော့တာပေါ့။ တစ်ရက်ကလည်း မနက်စောစောစီးစီး ဈေးထဲမှာ ဖြန့်ထားတဲ့လက်ဝါးကြီး လျှောက်သွားနေတယ်တဲ့။ လူတွေက သူတို့ကြားရောက်လာတဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးကို တိုးတိုးဝှေ့ဝှေ့ ရှောင်ရှောင်တိမ်းတိမ်း သွားနေကြသတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝက်သားဆိုင်၊ ဆိတ်သားဆိုင်၊ ဆူးပုပ်ရွက်ဆိုင်၊ ပုစွန်ခြောက်ဆိုင်၊ ငံပြာရည်ဆိုင်၊ သံပုရာသီးဆိုင်တို့ကို တရွေ့ရွေ့ဖြတ်လာသတဲ့။ အားလူးဆိုင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခဏရပ်လိုက်သေးတယ်။ ပြီးတော့ ရှေ့ကိုထွက်ခွာပြီး ဈေးပေါက်က သူတောင်းစားတစ်ယောက်ဆီမှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်သွားတော့တယ်တဲ့။ သူတောင်းစာက အဝါးရခက်တဲ့ ပေါင်မုန့်တစ်လုံး ထည့်ပေးလိုက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဈေးကနေ ထွက်ခွာသွားတော့တယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးအကြောင်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောလာကြတယ်။ ဆေးရုံကြီးဝင်းထဲက ကင်ဆာဆောင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့လိုက်ကြသတဲ့။ မြို့ရဲ့မြင့်မားလှတဲ့ အဆောက်အအုံတစ်ခုဖြစ်တဲ့ မီးသတ်မျှော်စင်ထိပ်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့မြင်မိကြသတဲ့။ ဆုတောင်းပြည့်ဘုရားရဲ့ မုခ်ဝတစ်ခုမှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်နေတာကို ဘုရားဖူးသူတွေ မြင်လိုက်ကြသတဲ့။ မြို့ရဲ့ လူစည်ကားလှတဲ့ရုပ်ရှင်ရုံတွေ တစ်ဝိုက်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရွေ့လျားနေတာကို တွေ့ခဲ့ကြသတဲ့။ နာရီစင်အောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်နေတာကိုလည်း အတော်များများ တွေ့ခဲ့ကြကြောင်း ပြောဆိုနေကြတယ်။ ကိုယ်တွေ့ကြုံဆုံရမှုဟာ သတင်း တစ်ခုကို တစ်ကယ့်အဖြစ်အပျက်အဖြစ် လက်ခံ ယုံကြည်လိုက်ရပါပြီ။ အကြောင်းကတော့ မနေ့ညက အချိန်းထဲမှာ ကျွန်တော်စာဖတ်နေစဉ် ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်ရှိလာခဲ့လို့ပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာပိတ်ထားတဲ့အခန်းပြတင်းနံရံကို တအိအိတိုးဝင်ဖြတ်သန်းပြီး ကျွန်တော် စာဖတ်နေတဲ့စားပွဲနားကို ရောက်လာပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ အရွယ်အစား အတော်ကြီးပါတယ်။ အရောင်က ကြေးညိုရောင်ပါ။ မွန်ဂိုလွိုက်အနွယ်တွေရဲ့ အသားအရေမျိုးနဲ့လည်း ခပ်ဆင်ဆင်ပါ။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဥာဏလေခ၊ အာယုလေခတို့ဟာ သိသာထင်ရှားစွာ ဖြစ်ပေါ်နေပြီး အားကောင်းလှတယ်လို့လည်း ထင်မှတ်မိပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဟဒယလေခကိုတော့ တိုတောင်းတဲ့မျဉ်းဖြောင့်တစ်ကြောင်းသဏ္ဌာန်သာ တွေ့ရပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးပေါ်က အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ သည့်ထက်ပိုပြီး ကျွန်တော်လည်း မသိပါဘူး။ ထူးခြားတာကတော့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ပြည့်အိဖြိုးမောက်တဲ့ အသားအရေတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ပတ်သက်ပြီး ကျွန်တော်ကြားဖူးတာတွေ သတိရလာတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်ခုခုထည့်မပေးမချင်း မထွက်ခွာဘူးဆိုပဲ။ ကျွန်တော်ဟာ စာဖတ်နေရာကနေ စာအုပ်ကို စားပွဲပေါ်ချ ဦးခေါင်းကိုငဲ့ပြီး ဖြန့်ထားတဲ့လက်ဝါးကြီးကို ကြည့်လိုက်မိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခပ်ကြီးကြီးစကောတစ်ချပ်အရွယ်တော့ ရှိလိမ့်မယ်။ ကြမ်းပြင်အထက် လေထဲမှကြွပြီး တည်ကာ ငြိမ်သက်နေပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်နေ့နေ့မှာ တစ်ယောက်ယောက်ဆီက တစ်ခုခုယူဖို့ ရောက်လာစမြဲပဲဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူးလို့ ကျွန်တော်ပြောခဲ့ချင်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီက ဘာကိုယူဖို့အလိုရှိသလဲ။ ကျွန်တော်က ကုလားအုတ်တံဆိပ်စီးကရက်ကို ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ထည့်လိုက်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော်ထည့်ပေးလိုက်တဲ့ စီးကရက်ကိုကောက်ယူပြီး လက်ညှိုးနဲ့ လက်မကြားမှာ ဖိညှပ်ကာ ခြေမွပစ်လိုက်ပါတော့တယ်။ ဘယ်သူ့ဆီက ဘယ်အချိန်မှာ ဘာကိုယူရမယ်ဆိုတာ ကျွမ်းကျင်ပုံရတဲ့ လက်ဝါးကြီးဟာ စီးကရက်အကြွေတွေကို ခါချပြီးရပ်နေပါတယ်။ လေထဲမှာ ကြွနေလျက်နဲ့ပါပဲ။ ကျွန်တော်ဟာ အံဆွဲထဲက ဓားမြှောင်ကိုထုတ်ယူပြီး ဖြန့်ထားတဲ့လက်ဝါးကြီးရဲ့ အလက်ကောင်တည့်တည့်ကို စိုက်ချလိုက်ရမလား။ မဖြစ်နိုင်ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကြီးမားသန်စွမ်းပါတယ်။ ပြီးတော့ သူ့မှာ အလွန်ကြွယ်ဝတဲ့ အတွေ့အကြုံလည်းရှိပုံပါ။ ကျွန်တော်ဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲကို ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတစ်ခုခုကို ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတွေကတော့ -၁။ လူငယ်ဘဝ ၂၊ ကဗျာတွေ ၃၊ ထွန်ယက်ထားတဲ့ဝိညာဉ် ၄။ ယုံကြည်ချက်နဲ့ ၅။ ကိုယ်ကျင့်တရားတို့ပါပဲ။

အဲဒီနေ့ကစပြီး ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ပြန်ရောက်မလာတော့ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးမြို့ထဲမှာ လျှောက်သွားနေတယ်ဆိုတဲ့သတင်းဟာ တဖြည်းဖြည်းမှိန်ဖျော့တိုးတိတ်သွားပါပြီး။ အဲဒီသတင်းကိုပြောသူ တစ်စတစ်စနဲ့ မရှိသလောက် ဖြစ်သွားပါပြီ။ လူတွေ မေ့သွားကြပါပြီ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝေးလံလှတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်များမှာ လှည့်လည်နေမလားလို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ဆီက အဖိုးအထိုက်တန်ဆုံး အရာတစ်ခုကိုလည်း သူယူဆောင်သွားခဲ့ပြီ။ ခုချိန်မှတော့ ကျွန်ုပ်ဟာ အရက်စွဲနေတဲ့ အဘိုးအို တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်ုပ်ခါးတွေ ကိုင်းခဲပါပြီ။ ကျွန်ုပ်နားတွေ ထိုင်းခဲ့ပါပြီ။ ကျွန်ုပ်မျက်စိတွေ မှုန်မှိုင်းခဲ့ပါပြီ။ ကျွန်ုပ်ဆံစတွေလည်း ဖြူခဲ့ပေါ။ ကျွန်ုပ်လက်တွေဟာ အမြဲလိုလို တုန်ယင်နေကြတယ်။ အိမ်အိုဟောင်းကလေးထဲကနေ အပြင်ကိုငေးလို့ ကျွန်ုပ်စောင့်ကြည့်နေမိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီး နောက်တစ်ကြိမ် ရောက်လာမယ့်နေ့ကိုလေ။

နေမျိုး
၂၀၀၃၊ ၄၊ ၁၉
နေ့လယ် ၂နာရီ (၅မိနစ်အလို)

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်