> သီဟသူ [dot] blogspot [dot] com: သတိချို့ယွင်းခြင်း

Jul 15, 2011

သတိချို့ယွင်းခြင်း

ညဥ့်နက်နက် သန်းခေါင်ကျော်လောက်မှာ သူနိုးလားတယ်။ သူနိုးလာတော့ ခုတင်ပေါ်ကဆင်းတယ်။ ရေအိုးစင်ကိုမြင်တော့ ရေတစ်ခွက် ခပ်သောက်တယ်။ ပြီးတော့ ရပ်နေတယ်။ တစ်စက္ကန့် ... နှစ်စက္ကန့်၊ တစ်မိနစ် ... နှစ်မိနစ် ... သုံးမိနစ် ... သူရပ်နေတယ်။ ငါဘာလုပ်မလို့ပါလိမ့်။ သူစဉ်းစားမိသလိုလိုပဲ။ ခုတင်ပေါ်မှာ မိန်းမတစ်ယောက် (ခပ်ဝဝ) အိပ်နေတယ်။ ဘယ်ကမိန်းမလဲ၊ မြင်ဖူးသလိုလိုပဲ။ အိပ်နေပုံက စိတ်ပျက်စရာကောင်းတယ်။ သူတစ်ဖက်ကို လှည့်လိုက်တယ်။ နံရံမှာဓာတ်ပုံတစ်ပုံ ချိတ်ထားတယ်။ ယောက်ျားတစ်ယောက်(ပြုံးလို့) ခန့်ညားတဲ့အနောက်တိုင်းဝတ်စုံနဲ့။ ဒါကရော ဘယ်သူပါလိမ့်။ သူစဉ်းစားလို့မရတော့ မစဉ်းစားတော့ဘူး။ သူအခုရောက်နေတဲ့အခန်းထဲမှာ ဘာဆက်လုပ်ရမလဲ။ ရပ်နေရမလား။ တံခါးဖွင့်ပြီး အပြင်ကိုထွက်သွားရမလား။ မသေချာဘူး။ စားပွဲပေါ်မှာ စီးကရက်အတိုတစ်ခုတွေ့တယ်။ သူကောက်ယူလိုက်တယ်။ ဘေးမှာမီးခြစ် သူကောက်ယူလိုက်တယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲ။ သူစဉ်းစားလို့မရဘူး။ စားပွဲပေါ်ကို စီးကရက်နဲ့မီးခြစ် နှစ်ခုစလုံး ပြန်ချထားလိုက်တယ်။ စားပွဲပေါ်မှာ သတင်းစာတစ်စောင်၊ သူဖွင့်ဖတ်တယ်။ ဒါပေမဲ့ ဖတ်လို့မရချင်သလိုလိုဖြစ်နေတယ်။ ဘယ်နေ့ကသတင်းစာပါလိမ့်။ စစ်ပွဲတွေပြီးသွားပြီလား။ လူတွေဟာ စစ်ပွဲတွေဖြစ်ပွားနေရလောက်အောင် မိုက်မဲနေကြတုန်းပဲလား။ ခုထိမိုက်မဲလို့ အားမရကြသေးဘူးလား။ ဟစ်တလာအခုထိ အသက်ရှင်နေတုန်းပဲလား။ နပိုလီယံက ဘာလုပ်နေသလဲ။ စစ်ပွဲကြီးတွေ ဖြစ်ပွားရင် သူကဘာလုပ်ရမလဲ။ ရပ်ကြည့်နေရမှာလား။ ဝင်တိုက်ရမှာလား။ ဝင်တိုက်ရရင် ဘယ်လိုဝင်တိုက်ရမှာလဲ။ သူ့အသိဥာဏ် ခဏနွေးကနဲ ဖြစ်သွားတယ်။ ဟာ... စစ်ပွဲကြီးပြီးခဲ့တာ နှစ်ပေါင်း (၅၀)လား ကျော်ခဲ့ပြီပဲ၊ မဟုတ်ဘူး၊ နှစ်ပေါင်း (၆၀)ကျော်ခဲ့တာဖြစ်မယ်။ အင်း နှစ်ပေါင်း(၆၀)ဆိုရင် ငါကဘယ်အရွယ်ပါလိမ့်။ ခုငါ့အသက်က ဘယ်လောက်လဲ။ သူဟာ သူ့အသက်ကို စဉ်းစားလို့မရဘူး။ သူစဉ်းစားလို့မရတာနဲ့ သူမမှတ်မိတာတွေက များလှတယ်။ အခန်းထဲမှာရပ်နေရင်း စစ်ပွဲကြီးတွေ သူမေ့သွားခဲ့ပြီ။ ဘယ်တော့မှ သူမမေ့လျော့တဲ့အကြောင်းတစ်ခု ရှိနေပြန်ရဲ့။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ပေါင်မုန့်ကို စားသောက်ပစ်ဖို့ပဲပေါ့။ အစားအစာတစ်ခုကို စားသောက်ဖို့ အကောင်းဆုံးအချိန်ဟာ ဆာလောင် နေချိန်ပါပဲ။ အဲဒီအချိန်ဟာ နေ့ဖြစ်ချင်ဖြစ်မယ်၊ ညဖြစ်ချင်ဖြစ်မယ်။ နံနက်ခင်းဖြစ်ချင်ဖြစ်မယ်၊ ညနေခင်း ဖြစ်ချင်ဖြစ်မယ်လေ။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ပေါင်မုန့်ကို သူတစ်ဖဲ့ ဖဲ့လိုက်တော့ တစ်ခုခုကို သူအမှတ်ရလာတယ်။ ဒီလိုအပြုအမူမျိုးကို သူကြိမ်ဖန်များစွာ ပြုမူဆောင်ရွက်ခဲ့ဖူးသလိုလို ထင်မြင်လာမိတယ်။ သူ့အစွမ်းကြောင့် ငါးမိနစ်အတွင်း လဲလျောင်းရင်းနေတဲ့ပေါင်မုန့်ဟာ ကုန်သွားတယ်။ သူအာသီသတစ်ခု ပြေသွားတယ်။ ထူးဆန်းတာက မီးဖိုဆောင်စားပွဲပေါ်မှာ ညစဉ်ညစဉ် ပေါင်မုန့်တစ်လုံး လဲလျောင်းခြင်းပဲ။ သူနည်းနည်းလန်းလာသလိုပဲ။ မီးဖိုဆောင်ကနေ တခြားအခန်းဖက်ကို သူရောက်လာတယ်။ အခန်းထဲမှာ မီးတွေလင်းနေတယ်။ စင်တွေ၊ ဗီရိုတွေနဲ့ စာအုပ်တွေ အများကြီးလည်းရှိတယ်။ ဒါဟာစာဖတ်ခန်းပဲ။ သူက စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ဖွင့်ဖတ်တယ်။ ပါကင်ဆန်၊ အယ်လ်ဇိုင်းမား ဆိုတဲ့ ကြယ်ပွင့်လေးတွေပြထားတဲ့ ခေါင်းစဉ်အောက်မှာ မှတ်စုတွေကိုတွေ့တယ်။ ဘယ်သူ့မှတ်စုလဲလို့ စဉ်းစားနေမိရင်း လက်ရေးဟာ သူအရင်းနှီးဆုံးလက်ရေးပဲလို့ ထင်မြင်လာမိပြန်တယ်။ စာအုပ်ကို သူပိတ်ပစ်လိုက်တယ်။ သူစာ မဖတ်ချင်ဘူး။ သူစာဖတ်ခဲ့ရင် တစ်ခုတစ်ခုသိလာမယ်။ ဒါပေမဲ့ အဲဒီသိမှုတစ်စုံတစ်ခုကို သူလက်ခံနိုင်စွမ်း မရှိတော့ဘူး။ နောက်ထပ် လေနည်းနည်းမှုတ်သွင်းလိုက်ရင် ကွဲထွက်သွားနိုင်လောက်တဲ့ ပူဖောင်းတစ်လုံးလိုပေါ့။ ဒါပေမဲ့ ဒီဥပမာဟာ သူ့အတွက် မှန်ချင်မှမှန်မှာပါ။ ဆိုလိုတာက သူ့ဆင်ခြင်သိမှတ်မှုဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက လေမရှိတော့တဲ့ ပျော့စိစိရော်ဘာပူဖောင်းခွံတစ်ခု။ ဒါမှမဟုတ် ပူဖောင်းအပိုင်းအစတွေလို ဖြစ်ချင်လည်း ဖြစ်နေခဲ့မှာမို့လို့ပေါ့။ စာဖတ်ခန်းထဲက နီယွန်မီးရောင်အလင်းထဲမှာ သူငြိမ်ငြိမ်သက်သက်ထိုင်နေတယ်။ ထိုင်နေရင်း ဟိုဖက်ခန်းက အိပ်ပျော်နေတဲ့ (ခပ်ဝဝ)မိန်းမတစ်ယောက်ရဲ့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ဟောက်သံကို သူနားထောင်နေမိတယ်။

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment