> သီဟသူ [dot] blogspot [dot] com: ကြောက်ရွံ့တတ်ခြင်း

Jan 9, 2010

ကြောက်ရွံ့တတ်ခြင်း

ဝိုင်ယာကြိုးတွေကို သူမ ကြောက်ရွံ့တတ်လာခဲ့သည်မှာ မကြာသေးဟု ဆိုနိုင်သော်လည်း (၂)နှစ်ခန့်တော့ရှိပေပြီ။ ဝိုင်ယာကြိုးများကို ကြောင်ရွံ့ဖို့အတွက် လုံလောက်သည့် တစ်ခုတည်းသော အကြောင်းအရာမှာ သူမ ဓာတ်လိုက်ခံရဖူးခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်ခန့်က စိုစွတ်ထိုင်းမှိုင်းသည့် နေ့ရက်တစ်ခုတွင် သူမသည် ဝိုင်ယာကြိုးတစ်ချောင်းကို အမှတ်မထင် ကိုင်တွယ်မိလိုက်သည်။ သွယ်တန်းထားသောဝိုင်ယာကြိုးသည် မူလအနေအထားမှ အိကျနေကာ သူမရှေ့တွင် ကာဆီးထားသလို ဖြစ်နေသည်။ သူမက စမ်းတိစမ်းတမ်းဖြင့် ဝိုင်ယာကြိုးကို ကိုင်တွယ်မိလိုက်သည်။ ဝိုင်ယာကြိုးဟူသည် မည်သည့်လျှပ်စစ်ဓာတ်မျိုးကိုမဆို စီးဝင်နိုင်သော အရာဖြစ်ကြောင်း ကျွန်ုပ်တို့အကျဉ်းအားဖြင့် သိနားလည်ခဲ့ကြပြီ။ ထို့ကြောင့် သူမကိုင်တွယ်လိုက်သော ဝိုင်ယာကြိုးသည် လျှပ်စစ်ဓာတ် စီးဝင်နေရုံမျှမက ပေါက်ပြဲနေသေးပေရာ ထိုပေါက်ပြဲနေရာကိုမှ ဆုပ်ကိုင်မိသောသူမ၏ ကိုယ်ခန္ဓာအတွင်းသို့ ဝိုင်ယာကြိုးထဲတွင် ကိန်းအောင်းနေသော လျှပ်စစ်ဓာတ်များ လျင်မြန်စွာ စီးဝင်သွားခဲ့ပေသည်။ လူဆိုတာကလည်း လျှပ်ကူးပစ္စည်းတစ်မျိုးပါပဲ။ သူမကိုယ်ခန္ဓာမှာ တဆတ်ဆတ် တုန်ခါသွားသည်။ သူမ၏လက်မှာ ပြင်းထန်သော အင်အားသက်ရောက်မှုတစ်ခုကို အလိုအလျောက် ပုတ်ထုတ်ပစ်နိုင်ခဲ့သဖြင့် သူမသက်သာရာ ရသွားခဲ့သည်။ သို့ရာတွင် ဝိုင်ယာကြိုးထဲမှ လျှပ်စစ်ဓာတ်သည် သူမ၏ ကိုယ်ခန္ဓာထဲမှ သိမှုအာရုံကြောတစ်ခုကို လောင်ကျွမ်းစေခဲ့ဟန်တူပါသည်။ သူမစကား သိပ်မပီတော့။ (နဂိုကလည်း သွားတွေမစုံတော့သဖြင့် စကားပြောလျှင် လေတွေထွက်ကာ လေလုံးမကွဲပဲ ဖြစ်တတ်သည်။) သူမသည် ဓာတ်လိုက်ခံရပြီးသည့်နောက်တွင် ပါးရေများ ပိုတွန့်လာကာ ဆံပင်များလည်း ပိုဖြူလာခဲ့သည်။ သို့ရာတွင် အမြင်အာရုံမှာ ပို၍ သန်စွမ်းလာခဲ့သည်။ အထူးသဖြင့် ဝိုင်ယာကြိုးတွေကိုကြည့်ဖို့ပေါ့။ ခြေလှမ်းတွေက ဆတ်တငံ့ငံ့ဖြစ်လာသည်။ ဒါပေမဲ့ သူမ နေကောင်းပါသည်။ နေကောင်းပေမယ့် သူမသည် ဝိုင်ယာကြိုးများကိုတော့ ကြောက်ရွံ့သွားခဲ့ပြီ။ တစ်ခါတစ်ရံ အိမ်မှ ကလေးသူငယ်များနှင့် အပြင်သို့ လမ်းလျှောက်ထွက်ဖြစ်သည့်အခါ ဝိုင်ယာကြိုးများအောင်မှ ဖြတ်လျှောက်ရမည့်လမ်းကို ရှောင်သည်။ မတော်တဆ ဝိုင်ယာကြိုးပြတ်ကျလျှင် ဘာဆက်ဖြစ်နိုင်ကြောင်း သူမသိထားသည်မဟုတ်ပါလား။ မီးခလုတ်တွေနားလည်း မသွားတော့ပါ။ မီးခလုတ်တွေဟာ အာမခံချက်မရှိတဲ့ အရာဝတ္ထုတစ်မျိုးမျှသာလို့ သူမထင်မှတ်တော့သည်။ အိမ်ထဲမှာ တုန်တုန်ချည့်ချည့်နှင့် လှည့်ပတ်သွားလာရင်း ဝိုင်ယာကြိုး အပြတ်အစ တစ်ခုတလေကို တွေ့လိုက်မိပြီဆိုပါလျှင် သူမသည် အဆိပ်ပြင်းသော မြွေဆိုးတစ်ကောင်ကို တွေ့လိုက်ရသလို အော်ဟစ်ကာ တစ်စုံတစ်ယောက်ကို ကောက်ယူဖယ်ရှားစေပါသည်။ ပြတ်တောက်နေတဲ့ ဝိုင်ယာကြိုးထဲမှာ လျှပ်စစ်ဓာတ်တွေ ခိုအောင်းမနေဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဟေ့လာကြစမ်း ဒီမှာဝိုင်ယာကြိုးတစ်ခု ငါ့ရှေ့က ကောက်ပစ်လိုက်ကြစမ်းမြန်မြန်။

နေမျိုး
၂၀၀၂၊ ၁၁၊ ၂၂

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment