> သီဟသူ [dot] blogspot [dot] com: အိပ်ပျော်နေသော ကယ်တင်ရှင်များ

Jan 9, 2010

အိပ်ပျော်နေသော ကယ်တင်ရှင်များ

သူတို့ အိပ်ပျော်နေကြတယ်။ သူတို့ဟာ ကယ်တင်ရှင်တွေပေါ့။ သူတို့ဟာ နတ်ဒေဝတာရဲ့ အစိတ်အပိုင်းဖြစ်သလို ကောင်းကင်ဘုံရဲ့ တစ်စိတ်တစ်ဒေသလည်းဖြစ်တယ်။ သူတို့ အိပ်ပျော်နေကြတယ်။ သက်တံခုံးရဲ့အောက်မှာ။ သူတို့ဟာ အိပ်ပျော်နေတဲ့ ကယ်တင်ရှင်တွေပဲ။ ဒုက္ခဘုံထဲက လူသားတွေဟာ တစ်ခါတစ်ရံမှာ တောက်ပတဲ့ သက်တံခုံးကြီးကို တွေ့မြင်ကြရတယ်။ ဒါပေမဲ့ သူတို့ဟာ သက်တံခုံးကြီးအောင်မှာ ဘာတွေရှိမလဲဆိုတာကို မသိကြဘူး။ လူသားတွေဟာ နေ့အခါမှာ ရယ်မောကြပြီး ညအခါမှာ ငိုညည်းကြတယ်။ လူတို့ဌာနေမှာ နေ့အခါ ရယ်သံတွေထွက်ပေါ်လာတတ်ပြီး၊ ညအမှောင်မှာ ငိုညည်းသံတွေ ထွက်ပေါ်လာတတ်တယ်လေ။ နေ့မှာဖြစ်စေ၊ ညမှာဖြစ်စေ၊ ရယ်မောသံပဲဖြစ်စေ၊ ငိုညည်းသံပဲဖြစ်စေ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။

သူတို့ မလွတ်မြောက်ကြသေးဘူး။ နေ့မှာညမှာ သူတို့ဆီက ထွက်ပေါ်လာတဲ့အသံတွေဟာ လေထဲမှာတုန်ခါပြီး အဝေးကိုရောက်ရှိသွားတတ်တယ်။ သူတို့အိုမင်းလာသည်အထိ ရယ်မောကြ။ သူတို့ အိုမင်းလာသည်အထိ ငိုညည်းကြ။ လူသားတွေရဲ့ အသံဗလံတွေဟာ နေ့စဉ်ညစဉ် ပျံ့လွင့်နေမြဲပါပဲ။ အစာရေစာ မဝလင်သူတွေဟာ အိမ်တကာလှည့်ပြီး တံခါးကိုခေါက်ကြတယ်။ နာမကျန်းသူတွေဟာ ဝေဒနာကို နာကျင်ခက်ခဲစွာ လက်ခံကြရင်း မျက်ရည်တွေ ယိုစိမ့်စီးဆင်းလာကြတယ်။ ခြေထောက်ပြတ်ကြီးတစ်ဖက်ဟာ လမိုက်ညတွေမှာ လမ်းတွေပေါ်တဖွဖွ လျှောက်သွားနေတတ်သတဲ့။ အိမ်တံခါးကိုပိတ်ပြီး သူတို့ တီးတိုးပြောကြတယ်. ညဥ့်သန်းခေါင်ယံမှာ လူခေါ်ခေါင်းလောင်းတွေ မြည်တတ်သတဲ့။ ဒါပေမဲ့ ဘယ်သူမှ အချိန်မတော်ကြီး တံခါးကို သွားမဖွင့်ရဲကြဘူး။

ဝံပုလွေတွေဟာ ခုအခါမှာ လူယောင်ဆောင်နိုင်ကြတယ်လို့ သူတို့ ယုံကြည်ကြတယ်လေ။ အထူးသဖြင့် အဘိုးအိုကြီးတွေ အသွင်နဲ့ပေါ့။ သူတို့ဟာ လမ်းတွေပေါ်မှာလျှောက်သွားနေကြရင်း ဘယ်သူဟာအမြီးပါမလဲ။ သူ့အမြီးကို ဘယ်လိုဝှက်ထားမလဲလို့ သတိထားပြီးကြည့်ကြတယ်။ အကောင်းဆုံးကတော့ ညအခါရောက်ရင် အိမ်တံခါးတွေ၊ ခြံတံခါးတွေ လုံခြုံအောင်ပိတ်ထားကြဖို့ပဲဆိုတာ သူတို့သိကြတယ်။ ဒါပေမဲ့ သက်တံခုံးကြီးအောက်မှာ ဘာတွေရှိတယ်ဆိုတာကိုတော့ သူတို့မကြားဘူး။ သက်တံခုံးကြီးအောက်မှာ အိပ်ပျော်နေတဲ့ ကယ်တင်ရှင်တွေရှိတယ်လေ။ ကယ်တင်ရှင်တွေဟာ ကျားတွေကို ဝံပုလွေဖြစ်အောင် ပြောင်းလဲပစ်နိုင်တယ်။ ဝံပုလွေတွေကိုလည်း ယုန်ကလေးတွေဖြစ်အောင် ပြောင်းလဲပစ်နိုင်စွမ်းပါတယ်။ ပြတ်နေတဲ့ခြေထောက်တွေကို အကောင်းပကတိ ပြန်ဖြစ်စေနိုင်ပြီး၊ ခွင်နေတဲ့ခြေထောင်ကို ဖြောင့်မှန်စေနိုင်ပါသည်။ နာမကျန်းသူတွေဟာ ကယ်တင်ရှင်ရဲ့ လက်ညှိုးနဲ့ ထိလိုက်တာနဲ့ ရောဂါဝေဒနာတွေ ပျောက်ကင်းချမ်းသာသွားမှာဖြစ်တယ်။ အတောင်ကျိုးနေတဲ့ ငှက်ကလေးတွေတောင် ကယ်တင်ရှင်လက်ညှိုး ညွှန်လိုက်တာနဲ့ လေထဲမှာ ပျံဝဲနေနိုင်စွမ်းတာပေါ့။ ဒါ့အပြင် မွတ်သိပ်ဆာလောင်သူတွေကိုလည်း ပူဆာသိမ်းလို့ ငြိမ်းစေနိုင်လိမ့်မယ်။ တစ်နေ့မှာတော့၊ မကြာသေးတဲ့ တစ်နေ့မှာတော့ လူပုလေးတစ်ယောက်ဟာ လူတို့ဌာနေကို ရောက်ရှိလာခဲ့ပြီး ကောင်ကင်ဆီဦးမော့ကာ ထရမ်းပက်တစ်လက်ကို ကျယ်လောင်စွာမှုတ်တယ်။ ထရမ်းပက်မြည်သံဟာလေထဲမှာ စူးစူးနစ်နစ်တုန်ခါပြီး သက်တံခုံးကြီးဆီထိ ရောက်ရှိသွားနိုင်အောင် မြည်နေလေတော့တယ်။

နေမျိုး
၂၀၀၂၊ ၁၁၊ ၃၀
ည ၈း၂၂ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment