ဆောင်းလလယ်နေ့ရက်တွေမှာ ရေငုပ်သင်္ဘောတစ်စီးဟာ ပင်လယ်ထဲမှာ တိုးဝင်ငုပ်လျှိုး ခုတ်မောင်းသွားတယ်။ တရွေ့ရွေ့။ ထိုမှတရွေ့ရွေ့။ ပြီးတရွေ့ရွေ့။ ဆောင်းလလယ်နေ့ရက်တွေဟာ တဖြည်းဖြည်း အအေးဓာတ်ပိုမိုပြင်းထန်လာတယ်။ ဒါပေမဲ့လေ ရေငုပ်သင်္ဘောဟာ ခုတ်မောင်းလျက်ပဲကွယ်။ သူဟာ ရေငုပ်သင်္ဘောဆိုတော့ ရေထဲမှာငုပ်လျှိုးပြီး ခုတ်မောင်းရတာပေါ့။ တရွေ့ရွေ့။ ထိုမှတရွေ့ရွေ့။ ပြီးတရွေ့ရွေ့။ ရေငုပ်သင်္ဘောဟာ သူ့ဝမ်းဗိုက်ထဲမှာ ဆောင်းလရဲ့အအေးစက်ဆုံး ပင်လယ်ရေတွေကိုမျိုချကာ ခုတ်မောင်းလျက်ပဲ။ ပင်လယ်ရဲ့ ပို၍အေးစက်တဲ့ ဒေသဆီ ဦးတည်လို့ပေါ့။ ဆောင်းရင့်ရင့်ရက်တွေရောက်လာတော့ ရေငုပ်သင်္ဘောဟာ ခဲစပြုနေပြီဖြစ်တဲ့ ရေလွှာထဲကို ရောက်လာပြီဖြစ်ကြောင်း သတိပြုမိတယ်။ သူမျိုချထားတဲ့ရေတွေဟာ သူ့ဝမ်းဗိုက်ထဲမှာ ခဲစပြုပြီ။ ရေငုပ်သင်္ဘောဟာ ခုတ်မောင်းလျက်ပဲလေ။ ညင်ညင်သာသာနဲ့ သူဦးတည်ရာလမ်းကြောင်းအတိုင်း ခုတ်မောင်းနေလေတယ်။ တရွေ့ရွေ့။ ထိုမှတရွေ့ရွေ့။ ပြီးတရွေ့ရွေ့။ ပြင်းပြတဲ့ဆောင်းရက်တွေ ရောက်လာပေါ့။ ရေငုပ်သင်္ဘောဟာ ခဲနေတဲ့ရေသားထုထဲကို ရောက်ရှိသွားပြီ။ ဒါဟာ ဆောင်းကာလရဲ့ အအေးဆုံးလပဲဖြစ်မယ်ထင်ရဲ့။ ပင်လယ်ရေဟာ အေးစက်တဲ့ အစိုင်အခဲအသွင်နဲ့ ငြိမ်သက်မှုကိုပြုပြီး။ ရေငုပ်သင်္ဘောလည်း တစ်စတစ်စနဲ့ ရေခဲထဲမှာပဲပေါ့။ သင်္ဘောသားတွေလည်း ရေငုပ်သင်္ဘောထဲမှာ ခဲနေကြပေါ့။ သူတို့ကိုယ်ခန္ဓာမှာ ရေခဲမှုန်တွေ ကပ်ငြိနေလိမ့်မယ်ထင်တယ်။ တယ်လီစကုပ်ထဲမှာ မြင်ရတာကတော့ ကြီးမားလှတဲ့ ရေခဲထုကြီးပေါ့။ ဆောင်းလရဲ့ အအေးစက်ဆုံးနေ့ရက်တွေမှာ ပင်လယ်ဟာရေခဲလို့။ ရေခဲထဲမှာ ရေငုပ်သင်္ဘောခဲလို့။ ရေငုပ်သင်္ဘောထဲမှာ သင်္ဘောသားတွေလည်း ခဲနေမှာပဲ။ သင်္ဘေသားအိုကြီးတစ်ယောက်ရဲ့ တောင့်နေတဲ့လက်ထဲမှာ ဝိုင်ဖန်ခွက်ကခဲလို့။ ဆောင်းရက်တွေ လွန်ခဲ့ရင်ဖြင့် ပင်လယ်ဟာ အရည်ပျော်လာလိမ့်မယ်။ ရေငုပ်သင်္ဘောကြီးလည်း ခဲနေရာက ပြန်လည်အသက်ဝင်လာလိမ့်မယ်။ ခဲနေတဲ့ပန်ကာတွေ လည်လာကြလိမ့်မယ်။ ခဲနေတဲ့သင်္ဘောသားတွေဟာ အေးစက်တောင့်တင်းညောင်းညာနေတဲ့ သူတို့ခန္ဓာကိုယ်တွေကို ပြန်လည်ပြုလုပ်ကာ ရေငုပ်သင်္ဘောကြီးကို ဆက်၍ ခုတ်မောင်းကြမှာပေါ့။ သင်္ဘောသားအိုကြီးလည်း သူ့လက်ထဲက ဝိုင်တစ်ခွက်ကို ရေခဲမထည့်ပဲ မော့ချလိုက်လိမ့်မယ်။ တရွေ့ရွေ့။ ထိုမှ တရွေ့ရွေ့ …။ ပြီးတရွေ့ရွေ့ …။
နေမျိုး
၂၀၀၂၊ ၁၂၊ ၁၆
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment