ငါ့ကို တစ်ယောက်တည်း ပစ်ထားကြတယ်။ ငါ့အခန်းထဲမှာ ငါတစ်ယောက်တည်း။ စားပွဲပေါ်မှာ သူတို့ပေးပို့ထားတဲ့ ညစာကအေးစက်လို့။ ပိုးဟပ်တစ်ကောင်က ညစာပန်းကန်ပေါ် လျှောက်သွားနေတယ်။ သူတို့ တဝါးဝါးရယ်သံတွေ တစ်ချက်တစ်ချက် ငါ့အခန်းထဲကို ခပ်သဲ့သဲ့ ဝင်လာကြတယ်။ ငါဆီးသွားချင်တယ်။ ဒါပေမဲ့ ငါထလို့မရဘူး။ ဆီးအိုးကို သူတို့မသွန်ပဲထားတာ နှစ်ရက်တော့ရှိပြီ။ ငါဖတ်ချင်ရင် ဖတ်နိုင်အောင်လို့ စာအုပ်တွေ သူတို့ပို့ပေးထားတယ်။ ဒါပေမဲ့ ငါကြာကြာအာရုံမစိုက်နိုင်ဘူး။ စာအုပ်တွေကို ငါသိပ်ဖတ်ခဲ့တာပေါ့။ ဘယ်လောက်ဖတ်သလဲဆိုရင် ငါကိုယ်တိုင် စာအုပ်တစ်အုပ် ဖြစ်လာတဲ့အထိ ဖတ်ခဲ့တယ်။ ဒါပေမဲ့ ခုအချိန်မှာ ငါဟာ ဘယ်သူမှ မဖတ်ချင်တော့တဲ့ စာအုပ်ဟောင်းတစ်အုပ် ဖြစ်နေခဲ့ပြီ။ သူတို့ တဝါးဝါးရယ်သံတွေနဲ့အတူ လက်ခုပ်လက်ဝါးတီးသံတွေပါ ပိတ်ထားတဲ့ပြတင်းကိုဖြတ်ပြီး ငါ့အခန်းထဲဝင်လာပြန်တယ်။ ပိုးဟပ်က ညစာပန်းကန်ပေါ် လျှောက်သွားနေတုန်းပဲ။ အေးစက်နေတဲ့ညစာ မသိုးခင် ငါစားဖြစ်လိမ့်မယ်မထင်ဘူး။ ငါသူတို့ကို တစ်ခုခုပြောချင်တယ်။ အတွေးအခေါ်တွေ၊ ဖီလော်ဆော်ဖီတွေ အရေးပါအရာရောက်တဲ့ အချိန်ရှိတယ်ဆိုတာ ဖြစ်ဖြစ်၊ အတွေးအခေါ်တွေ၊ ဖီလော်ဆော်ဖီတွေ သုံးမရတဲ့အချိန်ရှိတယ်ဆိုတာဖြစ်ဖြစ်ပေါ့။ သူတို့ငါ့ကို ဖောင်တိန်နဲ့ စာရွက်တွေပေးထားတယ်။ ကံမကောင်းချင်တော့ ငါ့လက်က ဖောင်တိန်တစ်ချောင်းကို မြဲအောင် မကိုင်နိုင်ဘူး။ စာရွက်လွတ်တွေကိုကြည့်ရတာ စိတ်သက်သာရာ နည်းနည်းရလာသလိုပဲ။ ငါသိထားတာတွေဟာ လူနှစ်ယောက်စာလောက် သိထားတာဆိုတော့ ခုချိန်မှာ ငါ့ကိုဆွဲဆောင်နိုင်တာဟာ ဗလာစာရွက်တွေပဲဖြစ်လိမ့်မပေါ့။ ငါ့ကိုတစ်ယောက်ထဲ ပစ်ထားကြတယ်။ အခန်းထဲမှာ ငါရယ်၊ ပိုးဟပ်တစ်ကောင်ရယ်၊ ကြမ်းပိုးတွေရယ်၊ ပြီးတော့ ပင့်ကူနှစ်ကောင်ရယ်လေ။ ပိုးဟပ်က ညစာပန်းကန်ကိုစွန့်ခဲ့ပြီး၊ အခန်းထောင့်က ဆပ်ပြာခဲဆီရောက်သွားတယ်။ ဆပ်ပြာခဲကို ကိုက်ဝါးစားနေတယ်။ သူတို့ဆီက ရယ်သံတွေ အခန်းတံခါးကိုဖြတ်ပြီး ခပ်သဲ့သဲ့ဝင်လာပြန်တယ်။ ရယ်နေတာဟာ ငိုနေတာထက်စာရင် ပိုကောင်းမှာပေါ့လို့ ငါ့လည်း ဟိုတုန်းကတော့ ထင်ခဲ့ဖူးပါရဲ့။
နေမျိုး
၂၀၀၂၊ ၁၀၊ ၂
ည ၉း၂၅ နာရီ
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment