> သီဟသူ [dot] blogspot [dot] com

Apr 6, 2012

သူစိမ်း -၈


ရုတ်တရက်
မီးပြတ်သွားတော့
အမှောင်ထဲမှာ တိုးမိ တိုက်မိ
ကိုယ့်အိမ်မှာ
ဘယ်နေရာ ဘာရှိမှန်းမသိဘူး။
မီးခြစ်ကို စမ်းမိတော့
စိတ်ကူးတစ်ချက် ပွင့်သွားတယ်
ရေစိုဖယောင်းတိုင် အတိုလေး
တဖျစ်ဖျစ် ထမြည်တယ်။
ညဟာ
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
တစ်ခုခုလိုတာ အမှန်ပဲ
အာရုံမှားတော့မယ်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၇


ညနေငြိမ်းတာတောင်
စိတ်က မငြိမ်းသေးဘူး။

ကိုယ့်ခေါင်းပေါ်က တိမ်တစ်စ
ဘယ်သွားရမှန်း မသိဘူးလား။

အသက်အချိတ်အဆက်မှာ
ကိုယ့်အရိပ်က လခြမ်းထမ်းထားရသေး။

အလွမ်းအဆွေးများနဲ့ ဆည်းဆာ
ခရီးအကွာအဝေးကို တွက်ချက်မိပြန်တယ်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၆


အမေနဲ့သား
စကားမပြတ်ဘူး
လျှပ်စီးရောင်တလက်လက်
အသံပေးတယ်။
ဘဝနဲ့ ဝေးရာငေးမိသူ
ဘဝနဲ့ ဝေးရာပြေးမိသူ
လွမ်းပေါ့
ရင်ပြည့်ရင်လျှံ
ဝန်တင်(၂)တန်
လူစီ (၂၆)ဦး
ချစ်မေတ္တာအပြာကြီး
ရသမျှအငမ်းမရ
ဆွတ်ဆွတ်ယူသွားပုံလေးကိုပဲ
အမေ့မှာ တရိပ်ရိပ်တရေးရေး
ရပ်ငေးကျန်ရစ်တယ်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၅


ရာသီဥတုက
အိမ်အပြင်မှာတစ်ခု
အိမ်ထဲမှာတစ်ခု
ငါ့ရဲ့ လူ့အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား
ငါ့ခြေတစ်လှမ်းဟာ
ငါ့အိမ်နဲ့ ဝေးရာ
နောက်ထပ် ငါ့ခြေလှမ်းများ
ငါ့ဘဝနဲ့ ဝေးရာများ။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၄


နေမပွင့်ခင် ပွင့်မိတဲ့စိတ်ကူး
နေပွင့်တော့ နောက်ဖေးက ချောင်းထဲ မျှောချခဲ့ရတယ်။

အိမ်ဘေးက မြေအလွတ်မှာ
ဘာအပင်မှ မစိုက်မိခဲ့တဲ့ လူလွတ်တစ်ယောက်
အိမ်အမိုးကောင်းကင် အလွတ်မှာလည်း
စွန်တစ်ကောင်မှ လွှတ်မတင်နိုင်ခဲ့ဘူး။

အနုပညာကို ခူးဆွတ်နေရတာက
တစ်ပူးကင်းပူးလေးနဲ့ ရူးသွပ်နေရသလို
အိုင်နေတဲ့ရေ ပက်ထုတ်ရဦးမယ်။

ရွာလမ်းမအဆုံးမှာ
ခြေထောက်တွေ မဆုံးနိုင်ခဲ့တော့
ရေမျောကမ်းတင် ခုတ်သားတစ်စ
ငါ့ရဲ့ညက သယ်လာတယ်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၃


မနက်မိုးလင်းတာနဲ့
ကိုယ့်အသက်ကို ကိုယ်ပြန်စမ်းနေရ။

လက်ဖက်ရည်တစ်ခွက်ရဖို့
ကိုယ့်ကြမ်းတမ်းမှုကို ပြရ
စားပွဲထိုးက ခေါ်မကြားအော်မကြား
"ဟေ့ကောင်
ဒီမှာ မီးသေနေပြီ"

ဘဝသေတစ်ခု မျက်နှာသေတစ်ခု
လင်စိတ် သားစိတ် ကုန်ခမ်းနေလေရဲ့
ငါ့တုန်လှုပ်ချောက်ချားမှုကို
ဖောက်ခွဲပစ်လိုက်တယ်။

လမ်းဘေးစာတိုက်ပုံးနဲ့
လမ်းဘေးခွေးခြေတစ်လုံး
ငေါင်စင်းစင်းမျက်နှာချင်းဆိုင်
အခုထိ စာတစ်စောင်မှ မထည့်နိုင်သေး။

ပြန်ဆိုတေးမဖြစ်တဲ့ နေ့တစ်နေ့ဟာ
သီချင်းအသစ်လည်း မဖြစ်
ချစ်မေတ္တာမဲ့ တစ်နံတစ်လျားမှာ
အသံဆိုတာလည်း မရှိတော့ပြီ။ ။

စိုင်းဝင်းမြင့်
သရဖူ၊ မတ်၊ ၂၀၀၁။

Apr 5, 2012

သူစိမ်း -၂


မနက်ခင်းက
အော်ကြီးဟစ်ကျယ်နဲ့ စတယ်
အိပ်ရေးမဝဘဲ အိပ်ရာက
ထတယ်။

ရှေ့မှာ
ဝရန်တာ
ဝရန်တာရှေ့မှာ
ဓါတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး
လက်တစ်ကမ်း စိတ်တစ်ကမ်းသာ ကွာရဲ့။

စွတ်စိုထိုင်းမှိုင်းတဲ့ ကမ္ဘာကြီး
ငါ့ကို ငြီးငွေ့သွားအောင် ဖွဲ့နွဲ့တယ်
အပျောက်အရှများတယ်
အသွေးအသား များတယ်။

ငါ အရက်မသောက်ဘူး
ငါ ဆေးလိပ်မသောက်ဘူး
ရူးများ ရူးနေသလားပဲ
ကွမ်းလည်း မစားဘူး။

နေ့ရှိသမျှ ကြားရတဲ့ ပြန်ဆိုတေး
ငါ ဘေးမတွေ့လို
ပျိုရွယ်သူတစ်ယောက်ရဲ့ အိမ်ပြန်ခရီး
ညကြီးပိုင်းကာ တွယ်စီးခဲ့တယ်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၁


ငါအိမ်ပြန်လာတော့
ငါမရှိတုန်း မွေးထားတဲ့ခွေးက
ငါ့ကို ဟောင်တယ်။

ငါ့အိမ်သုံး ရုပ်ပစ္စည်းတွေ
ငါ့ကိုစိမ်းလို့
ငါသိမ်းခဲ့တဲ့ စာအုပ်တွေလည်း
မရှိတော့ဘူး။

အဖေ့ကို ငါစစ်ဖြစ်ခဲ့တာက
ပြီးခဲ့တဲ့ ၇ နှစ်
ငါ့စိတ်တွေ ပေတေ လေလွင့်
ဒုက္ခတွေ တသွင်သွင်ပွင့်တယ်။

ငါ့ရင် ငါဖွင့်ကြည့်တော့လည်း
နှလုံး ခုန်တစ်ချက် မခုန်တစ်ချက်
အသက်ရှူတစ်ချက် မရှူတစ်ချက်

ငါအိမ်ပြန်ခဲ့တယ်
ငါ့အသက်ကို ငါ မမှီတော့ဘူး။ ။

စိုင်းဝင်းမြင့်

Apr 3, 2012

စောင့်ပါ (ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ)


ဒီညကို နံနက်ခင်းဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသစ်စေ့ကို သစ်တောကြီးဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသွေးစက်ကို မြို့တစ်မြို့ဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဘယ်လိုလဲ
စောင့်ရတာများလို့ ပျင်းသွားပြီလား
အဲဒီပျင်းရိမှုကို ပျော်ရွှင်ခြင်းဖြစ်အောင်
ငါ ကဗျာရေးမယ်
နည်းနည်းစောင့်ပါ

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ 
ဇန်နဝါရီ၊ ၂၀၁၂

Apr 2, 2012

နီတိများ


ငှက်များ မလာသည်မှာ ကြာမြင့်ခဲ့ပေပြီ။
သူ့ထံ၌ သမ္မာကျမ်းစာအုပ် မရှိတော့။
ပုလင်းခွံထဲတွင် ဘာမှမရှိ
ဘယ်တော့မဆို အမြဲတမ်း
ကျွန်ုပ်တို့၏ နွေဥတုများမှာ အမြဲတစေ ပူပြင်းလျက်
မီးရထားများ ခုတ်မောင်းစဉ်
လှေနာဝါများ ရွက်လွှင့်စဉ်
ထရပ်ကားများ မောင်းနှင်စဉ်
ပိုးကောင်များ အော်မြည်စဉ်
ပူနွေးသော ပေါင်မုန့်များ
အေးစက်သာေ ဝိုင်အရက်များ
ကြွပ်ရွသော ဝက်အူချောင်းများနှင့် ယင်းတို့၏
အခြားသော နေရာတစ်ခု
မိုးတိမ်ကို စေလိုက်ပါလေ
လူသူကင်းမဲ့သော လမ်းမကြီးတစ်ခုပေါ် လျှောက်နေစဉ်
ပျော်ရွှင်ခဲ့ဖူးပုံတွေ အမှတ်ရမိ
ဤအရာမှာ မြွေပွေးအသစ်တစ်ကောင် ဖြစ်သည်။
သ်၏ပြောကြားချက်ကို စတင်သည်ဖြစ်စေ
သို့မဟုတ် မစတင်သည်ဖြစ်စေ
ကျွန်ုပ်က ငြင်းပယ်လိုက်ပေသည်
ကျွန်ုပ်၏ပြောကြားချက်ကို
စတင်သည်ဖြစ်စေ
မစတင်သည်ဖြစ်စေ
သင်ငြင်းပယ်နိုင်ပေသည်။
သူ့ထံ၌ သမ္မာကျမ်းစာအုပ် မရှိ
ယခု ကြားနေရသော အသံမှာ
မှောင်ထဲက ကြာပွတ်ရိုက်သံနှင့် သူငိုသံဖြစ်သည်
အပြင်မှာ ရာသီဥတုဆိုးဝါးနေဆဲ။
ယနေ့ထုတ်သတင်းစာထဲ၌ ဝံပုလွေများအကြောင်း မပါရှိ။
နောက်ထပ် (၁)နာရီအကြာတွင် ကျွန်ုပ်ဝါကျတစ်ကြောင်း ရေးလိမ့်မည်။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂