> သီဟသူ [dot] blogspot [dot] com

Apr 6, 2012

ဂီတ-၃


ဒီလိုညနေခင်းမှာ
မင်း နာမည်လေး သိခဲ့သူဆိုရင်လည်း
သြော်... ဘယ်သူရယ်လို့
ငါလေ ရွတ်ဆိုမိဦးမယ်
သစ်တစ်ပင်မှာ
ချစ်ခြင်းကို ထွင်းမိဦးမယ်။

ဒီလိုညနေခင်းမှာ
မင်းသာ အဝေးပြေးတွေးတတ်မယ်ဆိုရင်ပေါ့
ငါဟာ တမြေ့မြေ့ အောက်မေ့ခြင်း စွန်တစ်ကောင်
မင်းဆောင်ထားတဲ့ဓားမှာ စွဲလောင်လို့
မင်းတို့မြို့လေးမှာလည်း
ကိုယ့်အကြောင်း ဖွင့်ပြောမယ်ဆိုတဲ့ တိမ်တစ်စ...
လူတိုင်းအလွတ်ရကြမှာပဲ။ ။

 စိုင်းဝင်းမြင့်

ဂီတ-၂


ဟိုဖက်ကမ်း ဒီဖက်ကမ်း
ကိုယ့်အလွမ်းနဲ့ တံတားထိုးထားတယ်။

ဓါတ်ပုံထဲက အင်္ကျီလက်တစ်စ
တဖျပ်ဖျပ်ခါ
ဖြတ်ပျံသွားတဲ့ ငှက်တစ်ကောင်မှာ
မင်းလောင်ကျွမ်းမှု အတောင်ပံတပ်လိုက်။

အမည်ပေးမထား
၃၆၅ ရက် အသေ
ပင်လယ်အငွေ့အသက်
နာရီစက် တမြေ့မြေ့လှိုက်စား

ရွှေဖြစ်သွားအောင် အလှမ်းဝေးနေတာလား
မျက်နှာပေါ် မလွတ်တမ်း ဖြတ်ထိုးနေတဲ့ နေရောင်နဲ့
ငါလာခဲ့တော့မယ်။ ။

စိုင်းဝင်းမြင့်
စတိုင်သစ်၊ မတ်၊ ၂၀၀၁။

ဂီတ


တစ်ညနေခင်းလုံး
လွမ်းဆွတ်ငေးဆွတ်မှ
ဖျတ်ခနဲ အရိပ်ကလေး
ဒင်းက ပေးတယ်

ငါ့စိတ်ကို ဖောက်ထုတ်ပစ်လိုက်တဲ့ ပြတင်းပေါက်လေ
တစ်ဖက်မှာ
တရိပ်ရိပ်မိုးသားများ
တစ်ဖက်မှာ
အစိတ်စိတ်အမြွှာမြွှာ အနမ်းများ

အသံပေးခဲ့တာ မဟုတ်ဘူး
သွေးသံတရဲရဲ ချစ်သူနှစ်ဦး
ညတစ်ညရဲ့ အစမှာတစ်ဘဝစီ
ပြိုင်တူကျွမ်းမိပုံကိုက
အသံထွက်နေတာ။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၁၅


နေ့တစ်နေ့ကို အဆုံးထိ မမြင်နိုင်တာက
မနက်ခင်းနှင်းတွေ
အသက်ရှင်ခြင်းကိုသာ ငါဖွဲ့ဆိုသင့်တယ်
ငါ အသက်မရှိဘူး။
ကားမှတ်တိုင်မှာ
ငါ အကြာကြီးရပ်တယ်
ယောင်တိယောင်န
ဘယ်ကိုသွားရမယ်မသိဘူး။
ငါတစ်ယောက်တည်း
လက်ဖက်ရည်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ထိုင်တယ်
ငါမသောက်တဲ့ စီးကရက်အငွေ့တွေကိုပဲ ရတယ်
တစ်နေ့လုံး
အစိတ်စိတ်အမြွှာမြွှာ
မြို့ရဲ့ လမ်းတွေကို ငါလျှောက်တယ်
ငါဘယ်မှ မရောက်ဘူး။
ငါ့ကိုမြင်တော့
ငါ့သူငယ်ချင်းတွေက
ငါပျော်ရွှင်တယ်လို့ ထင်တယ်။
ငါ့မှာ ကြွေစရာသစ်ရွက်တွေ မရှိတော့ဘူး။
ငါ စာအုပ်တွေအကြောင်း ပြောတယ်
ငါ သီချင်းတွေအကြောင်း ပြောတယ်
ငါ့ရဲ့စိတ္တဇကိုတော့
ငါဘယ်သူ့မှ မပြဘူး။
ခေတ်တစ်ခေတ်ဟာ ရွေ့လျားနေတယ်
တစ်နေ့ပြီးတော့ နောက်တစ်နေ့
ဘဝကတစ်ခုတည်း
ငါ့အဖေက ငါ့ကို လူမှုရေးအကြောင်း တွေးဖို့ပြောတယ်
ငါတွေးကြည့်တယ်
ငါတွေးကြည့်တော့ ငါမရှိတော့ဘူး။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၁၄


ခြင်ထောင်ကြိုးဖြည်ချရင်း
လူတစ်ယောက် ဘယ်လိုဖြည်ချရမယ်ဆိုတာ
ရေကျတော့မယ်ဆိုတဲ့ အတွေးနဲ့
အိမ်တံစက်မြိတ်ရောက်အောင် တိုးလာတဲ့သွေးနဲ့။

နေ့လယ်နေ့ခင်း
ကိုယ့်အရိပ်ကိုပဲ ကိုယ်ပြန်နင်းမိတယ်
ငါ့ခြေထောက်တွေကလည်း
လျှောက်မယ်ဆိုတာချည်းပဲ။

ဆံပင်တွေနဲ့ရှို့လို့
တစ်မြို့လုံးကူးစက်
မျက်ရည်လက်မှတ် ဘယ်လိုဖြတ်လိုက်ရမယ်
အသက်ဇီဝ ဘယ်နေရာက စလိုက်ရမယ်။

ဘယ်လို
အဆက်အစပ်ရှိသလဲဆိုတော့
ဘဝတစ်ပါး နေကြာပန်းများနဲ့
တုန်ယင်မှုဟာ ငယ်နာမည်။ ။

စိုင်းဝင်းမြင့်

သူစိမ်း -၁၃


သူ့စာအုပ်စင်ကလေးမှာ
စာတစ်စောင်မှ မထားခဲ့ဘူး။
သူ့နံရံမှာ
ဘာတစ်ခုမှ မရေးခဲ့ဘူး။
သူဘယ်မှာလဲလို့ တစ်စုံတစ်ယောက်က မေးတဲ့အခါ
မနေ့ကလား တစ်နေ့ကလား
လွန်ခဲ့တဲ့ ရာစုတစ်ခုကလား
သုတ်တီးသုတ်ပြာ ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစ်စုံတစ်ယောက်က ဆိုချင်ဆိုမယ်။ သူဟာ ဒီလိုပဲ
ပျောက်ပျောက်သွားတတ်တယ်။
အလွမ်းသင့်ရာ အသက်ပွင့်တတ်တယ်
အဝတ်အထည် ကိုယ်တစ်ခုဟာ
သူ့အနုပညာလား
သူစိမ်းအခန်းဆက်ဟာ
သူ့အသက်ရှူသံလား
ဒီနေ့မှာတော့ သူဟာ စာမလာသတင်းမကြားပေါ့။ ။

စိုင်းဝင်းမြင့်
၁၀.၁.၀၁
ချယ်ရီ၊ မတ်၊ ၂၀၀၂

သူစိမ်း -၁၂


လူလူချင်း ထိခတ်ရုံဖြင့်
အပျော်ကူးစက်ပမလား။

မြင့်တက်သွဦးတဲ့ ချားရဟတ်တစ်ခုလို
ငြီးငွေ့မှုက တစ်ပတ်ပြန်ကျပေါ့။

မင်းမဖြတ်ခဲ့တဲ့ ပွဲတော်လက်မှတ်ထက်စာရင်
နောက်ထပ်သူစိမ်းတစ်ပုဒ်က အသက်ဝင်မယ်။

ငါလေ
ဝင်နေတဲ့ အဖျားသွေးနဲ့ လူအပြတ်ဆုံးလမ်းကလေး
အလွမ်းအဆွေးဖြင့် ရွေးလျောက်ခဲ့တယ်။ ။

စိုင်းဝင်းမြင့်
၂၀၀၁

သူစိမ်း -၁၁


ဟိုဘက်နားက ဝင်လာတဲ့တရားက
ဒီဘက်နားက ထွက်သွားတယ်။

ငါဟာ ဘယ်လိုသန္ဓေမျိုးလဲ
အဆွဲမခံတဲ့ ဖဲချပ်လို အဆဲမခံခဲ့။

လူတစ်ယောက်ဟာ တွက်နည်းတစ်ခုဆိုရင်
ငါဟာ တွက်နည်းတစ်ခု
ခုတော့
ငါ့စိတ်လူမိပြီ။

လမ်းဘေးစာအုပ်ပုံထဲ
စာအုပ်ဟောင်းတစ်အုပ်ပစ်ထည့်လိုက်သလို
ငါ့အဆင်မပြေမှုကို
စျေးဖြတ်ပစ်ထည့်လိုက်ရမလား။

လက်ဖက်ရည်စားပွဲ ဓားစိုက်
ပျဉ်းကတိုးသားထဲ ရိုက်သွင်းမိတဲ့သံ
လက်ဖျံနဲ့အတူ သေရာပါမယ့်ရဲစိတ်
ငါ့ကိစ္စမှာ နောက်တစ်ယောက်မရှိဘူး။

လွမ်းတတ် ဆွေးတတ်တာ
လူမှားဓားခုတ်ခံရတာပေါ့
ငါဟာ ဂစ်တာတစ်လက်
C Am F G … ကဆက်မယ်။

စိုင်းဝင်းမြင့်
ရယ်စရာ၊ ဇွန်၊ ၂၀၀၁။

သူစိမ်း -၁၀


တစ်ယောက်ယောက်ကို စောင့်နေရတာထက်စာရင်
တစ်ယောက်ယောက်ဆီ သွားလိုက်ရတာ
ပိုအဓိပ္ပာယ်ရှိမယ်။

တစ်မနက်ခင်းလုံး
ကျလာတဲ့ စိတ်ကူးတွေကလည်း
အကျိုးအပဲ့
တစ်နေ့ခင်းလုံး
လေးလံမိသမျှကလည်း
အခေါ်အပြောမရှိ
ညနေဆိုရင်
အလွမ်းက တောရောက် တောင်ရောက် ဖြစ်ဦးမယ်။

လက်ဖက်ရည်တစ်ခွက်နဲ့
အသက်ကို မျှသောက်ခဲ့တဲ့
သူငယ်ချင်းတစ်ယောက်ကိုလည်း
ဒီလိုနေ့မျိုးမှ ပိုထိခိုက်ရ
တိုက်ခတ်နေတဲ့ လေထဲ ပါသွားလိုက်တာ
အခုဆိုရင်
နွားဆေးလိပ်လေး ဖွာေနမှာပဲ။

တစ်ရက်နောက်ကျခဲ့သော ကိုယ့်သတင်း
ရပ်ဝေးမြေခြား သူငယ်ချင်းများ
ကိုယ်ကျသွားတဲ့ အသားရည်က
သူတို့လက်မှာ အသားမာတက်
ကိုယ်တင်ဆက်ခဲ့တဲ့ ဒီတစ်နှစ်လုံးမှာ
သူတို့မေတ္တာတရားက အလွမ်းဆုံးလား
သစ်ရိပ် တောရိပ်
အိပ်တန်းပြန်ငှက်ကလေးတောင်
သူ့စိတ်နဲ့ စွဲလောင်
ဒီမှာ အလေအလွင့် အဖိတ်အစင်တစ်ယောက်
ငါ့ကျန်းမာရေး မကောင်းကြောင်း
ပြောရမလား မှတ်တယ်
သူ့မှာ အသက်တောင်ပါမလာဘူး။

ညရောက်ရင်
အိပ်စရာတစ်နေရာရာရဖို့ရယ်
ဖတ်စရာ စာအုပ်တစ်အုပ်ဖြစ်နေဖို့ရယ်
ရောက်တဲ့နေရာက
တစ်ယောက်ကိုတစ်ယောက်
ဆုတောင်းရမှာပဲ။

ဖြတ်သွား ဖြတ်လာ
သရုပ်ဖော်တစ်ခုမှာလည်း
မရခဲ့သော ဘဝတစ်ခုထည့်မွှေးမိ
ဒီတစ်နေ့လည်း ကိုယ့်အသက်ကို
ဒီမိန်းကလေးက ကယ်လိုက်ပြန်ပြီ။ ။


စိုင်းဝင်းမြင့်
စတိုင်သစ်၊ မေ၊ ၂၀၀၁။

သူစိမ်း -၉


ရာသီဥတုက
ငါ့အသက်ကိုလုတယ်။

ငါ့မှာ
ရင်ဘတ်ဓားတန်းလန်းကြီးနဲ့
ဘဝနဲ့ဝေးရာ ငေးငေးနေရ
ဘဝနဲ့ဝေးရာ လွမ်းလွမ်းနေရ။

ငါ့ကိုရတဲ့ အနုပညာကြမ်းရှရှမှာ
ငါ့အသားမဲရ
ငါ့ဖိနပ်ပါးရ
ငါ့အဆုတ်နာရ။

အဆင်မပြေတဲ့ သူငယ်ချင်းက
ငါ့ဆီလာတယ်။
အဆင်ပြေတဲ့ သူငယ်ချင်းဆီ
ငါကသွားတယ်။

ငါသောက်တဲ့ လက်ဖက်ရည်
စားပွဲထိုး အလွတ်မရဘူး။
ငါမသောက်တဲ့ "ပြန်ဆိုတေး"
ဆိုင်ရှင် အလွတ်မရဘူး။

မနေ့က
နေ့သွင်းပြည့်တယ်
မွေးနေ့ဆိုလား
ငါမတွေးချင်ယောင်ဆောင်ခဲ့တာ။ ။


စိုင်းဝင်းမြင့်
ရနံ့သစ်။ စက်တင်ဘာ။ ၂၀၀၀။