ဟိုဘက်နားက
ဝင်လာတဲ့တရားက
ဒီဘက်နားက
ထွက်သွားတယ်။
ငါဟာ
ဘယ်လိုသန္ဓေမျိုးလဲ
အဆွဲမခံတဲ့
ဖဲချပ်လို အဆဲမခံခဲ့။
လူတစ်ယောက်ဟာ
တွက်နည်းတစ်ခုဆိုရင်
ငါဟာ
တွက်နည်းတစ်ခု
ခုတော့
ငါ့စိတ်လူမိပြီ။
လမ်းဘေးစာအုပ်ပုံထဲ
စာအုပ်ဟောင်းတစ်အုပ်ပစ်ထည့်လိုက်သလို
ငါ့အဆင်မပြေမှုကို
စျေးဖြတ်ပစ်ထည့်လိုက်ရမလား။
လက်ဖက်ရည်စားပွဲ
ဓားစိုက်
ပျဉ်းကတိုးသားထဲ
ရိုက်သွင်းမိတဲ့သံ
လက်ဖျံနဲ့အတူ
သေရာပါမယ့်ရဲစိတ်
ငါ့ကိစ္စမှာ
နောက်တစ်ယောက်မရှိဘူး။
လွမ်းတတ်
ဆွေးတတ်တာ
လူမှားဓားခုတ်ခံရတာပေါ့
ငါဟာ
ဂစ်တာတစ်လက်
C Am F G … ကဆက်မယ်။
စိုင်းဝင်းမြင့်
ရယ်စရာ၊
ဇွန်၊ ၂၀၀၁။
No comments:
Post a Comment