နေ့တစ်နေ့ကို
အဆုံးထိ မမြင်နိုင်တာက
မနက်ခင်းနှင်းတွေ
အသက်ရှင်ခြင်းကိုသာ
ငါဖွဲ့ဆိုသင့်တယ်
ငါ
အသက်မရှိဘူး။
ကားမှတ်တိုင်မှာ
ငါ
အကြာကြီးရပ်တယ်
ယောင်တိယောင်န
ဘယ်ကိုသွားရမယ်မသိဘူး။
ငါတစ်ယောက်တည်း
လက်ဖက်ရည်ဆိုင်တွေ
တစ်ဆိုင်ပြီးတစ်ဆိုင်ထိုင်တယ်
ငါမသောက်တဲ့
စီးကရက်အငွေ့တွေကိုပဲ ရတယ်
တစ်နေ့လုံး
အစိတ်စိတ်အမြွှာမြွှာ
မြို့ရဲ့
လမ်းတွေကို ငါလျှောက်တယ်
ငါဘယ်မှ
မရောက်ဘူး။
ငါ့ကိုမြင်တော့
ငါ့သူငယ်ချင်းတွေက
ငါပျော်ရွှင်တယ်လို့
ထင်တယ်။
ငါ့မှာ
ကြွေစရာသစ်ရွက်တွေ မရှိတော့ဘူး။
ငါ
စာအုပ်တွေအကြောင်း ပြောတယ်
ငါ
သီချင်းတွေအကြောင်း ပြောတယ်
ငါ့ရဲ့စိတ္တဇကိုတော့
ငါဘယ်သူ့မှ
မပြဘူး။
ခေတ်တစ်ခေတ်ဟာ
ရွေ့လျားနေတယ်
တစ်နေ့ပြီးတော့
နောက်တစ်နေ့
ဘဝကတစ်ခုတည်း
ငါ့အဖေက
ငါ့ကို လူမှုရေးအကြောင်း
တွေးဖို့ပြောတယ်
ငါတွေးကြည့်တယ်
ငါတွေးကြည့်တော့
ငါမရှိတော့ဘူး။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment