> သီဟသူ [dot] blogspot [dot] com: October 2013

Oct 31, 2013

စာသား

အသံကြားတယ်
ကမ္ဘာကြီးကို ခေါင်းတိုက်မိတာပါ
မနာပါဘူး
စိတ်အလို ဆန္ဒရှိနေ့များ။

လှလှပပ ဝင်သွားခဲ့ပေါ့
မွေးနေ့တစ်ခုရဲ့ သက်တံ
အချစ်စိတ်ကလေးတစ်စက်နဲ့
ပင်လယ်ကြီး ဖြစ်ခဲ့တယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Oct 30, 2013

ကဗျာ

စကြဝဠာကို ကြိုးနဲ့ဆွဲခေါ်လာပြီး
ကမ်းခြေကို ပို့ပေးခဲ့တယ်။
သက်သက်သာသာ နေဝင်သွားတယ်
သက်သက်သာသာ အိမ်ပြန်ကြတယ်
သက်သက်သာသာ မီးထွန်းကြတယ်
သက်သက်သာသာ သေကြတယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Oct 29, 2013

သံစဉ်

ငါ့ကို
စိတ်ဆိုးမာန်ဆိုး ဖြစ်စေမဲ့ နေ့ကလေးကိုပေးတော့
ငါ့မှာ
ချော့မြှူရတယ်
ပွတ်သပ်ရတယ်
ပြီးမှ
သီချင်းလုပ်ပြီး ဆိုခဲ့ရတယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Oct 28, 2013

ဂိုးသမား

ကိုယ့်အချစ်နဲ့ကိုယ်
ရူးသွပ်မှုတွေကြောင့်သာ
ငါ့တာဝန်တွေ ဖြစ်ပေါ်လာခဲ့။

မိုးတိမ်တွေကို စောင့်ဖမ်းသူ
ကြယ်ပွင့် အိပ်မက်
ရာသီ ပန်းပွင့်
ရှုမျှော်ခင်းတွေ စောင်ဖမ်းသူ။

လူသားဆိုတာ
စားသောက်ဖွယ်ရာစုံလင်
နေရာထိုင်ခင်းပြည့်စုံ
လုံခြုံငြိမ်းချမ်းနေ့ကလေးတစ်နေ့
ဘယ်နေ့များမှ
ဖမ်းယူနားဆင်ခွင့်ရပါ့။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Oct 25, 2013

မုတ်သုံ

အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား?

သဲလွန်စဆိုလို့
သဲပွင့်တစ်မှုန်တောင် မထတဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။

လောကသုံးပါး၊ ဥတုသုံးပါး
အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နှောင်းဘူး။

လေညင်းကို အပိုင်ရလိုမှုနဲ့လေ
အငြင်းပွားကြတယ်၊
စွန်လွှတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့။ ။

မောင်သိန်းဇော်
၂၀၁၀၊ ထီးချိုင့်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 24, 2013

စာမျက်နှာသစ်

ချစ်တဲ့သူငယ်လေ . . .
မကျက်ဘဲနဲ့
အလွတ်ရနေလို့၊
ထောင့်ချိုးထဲကအမှောင်တွေ
ငါမဖတ်ချင်ဘူး၊
ကြယ်ကြွေညတွေ ပုံထားလိုက်။

ချစ်တဲ့သူငယ်လေ . . .
မကြည့်ဘဲနဲ့
မြင်နေရလို့၊
ဆူးကြိုးပေါ်ကနှင်းစက်တွေ
ငါမဖတ်ချင်ဘူး၊
အပြုံးအရယ်တွေ သွန်ပစ်လိုက်။

ချစ်တဲ့သူငယ်လေ . . .
တောင်တွေရဲ့ဟိုဘက်မှာ
နေထွက်လောက်ပြီ၊
အိပ်နေတဲ့ငါနိုးဖို့
ငါ့စိတ်နှိုးပြီ၊

ချစ်တဲ့သူငယ်လေ . . .
အနာဂတ်ကို စွန့်ခွာရအောင်။ ။

မောင်သိန်းဇော်
၂၀၁၀၊ အင်းစိတ်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 23, 2013

နာရီ

အချိန်တွေ
သေလိုက်ရှင်လိုက်။

ပန်းကလေးကိုလည်း
မကယ်တင်နိုင်သေး၊
ကိုယ့်ကိုယ်ကိုယ်လည်း
မကယ်တင်နိုင်သေး၊

လမင်းကြီးရေ . . .
အခွင့်အရေးဆိုတာ
ခု မစားရင် ပုပ်သိုးသွားမှာလား။

ရထားတွေကို
သံလမ်းတွေက ချိုးကွေ့သွားတယ်။ ။

မောင်သိန်းဇော်
၂၀၀၄၊ ပြည်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 22, 2013

ဘဝ

မျဉ်းဖြောင့်တွေ
နောက်ကြောင်းမလုံကြဘူး။

ကျွန်တော်ဖြင့်
လူကြားလမ်းကြား
ပြောင်ပြောင်တင်းတင်း
လည်ပတ်သူ နာရီကို
တစ်နေကုန်အောင် ငုံ့ကြည့်နေရ

လူနေအိမ်တွေ သစ်ပင်ထက် မြင့်လာ
လူတွေသစ်ရိပ်အောက် တည်ရှိဆဲ။ ။

မောင်သိန်းဇော်
၂၀၀၄၊ ၃၄ လမ်း
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 21, 2013

ကဗျာဆရာ

မိုးထဲလေထဲ
ကိုယ့်အသက်ကိုပွေ့ပြီး
ကဗျာရေးသူ

ဆွေးမြေ့ဖွယ်
နှင်းမြူတွေနဲ့ လုံးထွေးလို့၊
သူ့အတွေးမှာ သွေးကိုတွေ့

ဘဝ၌
ရွတ်ဆိုခဲ့သမှ မမေ့နိုင်၊
ဘဝ၌
မရွတ်ဆိုခဲ့ပေမဲ့ ကြားနိုင်၊

သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ပါဘူး၊
ကိုယ့်ဘက်က
လိုက်လျောနိုင်ဖို့ပဲ လိုပါတယ်။ ။

မောင်သိန်းဇော်
၂၀၀၂၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 20, 2013

ပန်းကလေး

ပန်းကလေး
ပန်းကလေးက
ပန်းကလေးဖြစ်ရတာ
သိပ်စိတ်ပါပုံ မပေါ်ဘူး၊

သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ကွယ်တို့ရယ်. . .  မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ ဝတ္တရား ကုန်မတဲ့လား
ပန်းကလေးရေ . . .
မင်းစိတ်ကူးလေးနဲ့ ငါ့ကိုပစ်ပါ၊
တစ်ချက်ပစ်ရင် တစ်ကောင်ကျရမယ်လို့
ဆယ်နှစ်လရာသီလုံးလုံး
ကိုယ့်မှာ
မေတ္တာတရားကို ပြောပြဖို့
ရေ မီး အပြည့်အစုံနဲ့
ခန့်ခန့်ကြီး အကျပ်ရိုက်နေသူ၊

ပန်းကလေးရေ . . .
နှလုံးသားထဲက လေယာဉ်ပျံတွေ
အသံပဲကြားနေရ အိုဇုန်းလွှာပါးတာကနေ
နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ
အချစ်မရှိရင် ဘယ်အရာမှ
ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး၊

ပန်းကလေးရေ . . .
စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း
ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ၊
ကြယ်စုံညရဲ့ ဘူးစင်လေးတစ်စင်အောက်မှာ
အချစ်နဲ့ကမ္ဘာ
အိုအောင်မင်းအောင်မွှေးလို့။
ပန်းကလေးရေ . . .
ခြေချော်လက်ချော် အလွမ်းလေးတောင်
မင်းမရသင့်ဘူးလား၊

ရှေးရေစက်တွေ
ခေျာကလက်ထဲထည့်ပြီး
မင်းအတွင် လက်ဆောင်ပေးချင်တယ်၊
ကွယ်တို့ရယ် . . . မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ ဝတ္တရား ကုန်မတဲ့လား

ပန်းကလေးရေ . . .
လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်၊
နေ့တွေ ညတွေ
တစ်ခုပြီး တစ်ခု
အရစ်ပြုန်းသွားလိုက်တာ
ဒီတစ်ဆောင်းကုန်လည်း
ကိုယ့်မှာ
ပေါင်မုန့်တစ်လုံးဟောင်းသလို
ဟောင်းရုံသာ၊ ဒါပေမဲ့
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။

ပန်းကလေးရေ . . .
ပန်းကလေးရဲ့ကောင်းကင်
မြန်မြန်အရွယ်ရောက်စေချင်လှပေါ့၊
နှင်းကျတာ၊ နေထွက်တာ၊ ပန်းပွင့်တာ
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ
ဘာကိုယုံမလဲ။ ။

မောင်သိန်းဇော်
၂၀၀၁၊ တောင်ငူ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 19, 2013

ဟင်္သာ တချင်း

မမြန်ချင်နေပါစေ
မမြုပ်ရင်တာဝန်ကျေပြီဆိုတဲ့
ဧရာဝတီကြီးရယ်၊ ငါရယ်
၂၀၀၁ ထဲ စီးဆင်းဆဲ . . .

မြစ်က မြို့ကို ထမ်းလိုက်
မြို့က မြစ်ကို ထမ်းလိုက်နဲ့
ဟင်္သာတွေ ဘယ်လောက်လွမ်းလွမ်း
သင့်မေတ္တာ မပင်ပန်းခဲ့ဘူး။

ရေက မြေကို လွှမ်းလိုက်
မြေက ရေကို လွှမ်းလိုက်နဲ့
သူတို့ ဘဝတွေ
အချိန်က ဖုံးအုပ်သွား -

ဗျိုး . . .
'ကိုလင်းခက်'
ခု ကျွန်တော်ရောက်နေတဲ့
ကမ်းတစ်ဖက်မှာ
ဟင်္သာငှက်တွေ မမြင်ရပေမဲ့
အတောင်ခတ်သံတွေ ကြားရတယ်။ ။

မောင်သိန်းဇော်
၂၀၀၁၊ ဟင်္သာတ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 18, 2013

အကျွတ်အလွတ်

လေက
ယာမြေကို
ပွေ့ချီသွားဖို့ ကြိုးစားခိုက်၊

တို့ကမ္ဘာ
အငွေ့ပြန်ခွင့် မရတာ
ဘယ်လောက်ကြာပြီလဲ

ရိုးပြတ်ကွင်းထဲ
အစုလိုက် အပြုံလိုက်
တံလျှပ်တွေ
တစ်နေကုန် တက်ကြွလို့၊
အကောင်းပကတိကြီးကနေ ရုတ်တရက်
'ငါဟာ အမှန်တရား'လို့
ငယ်သံပါအောင်အော်ရင်း၊
'ဒီမှာအမှန်တရား'လို့
မီးခိုးတအူအူ အချက်ပြရင်း၊

ကြံမိကြံရာ ကြံပင်တွေရဲ့နောက်

ညနေခင်းဟာ
သူ့ကိုယ်သူ မီးသင်းလို့
ထွက်မြောက်ပေါ့။ ။

မောင်သိန်းဇော်
၂၀၀၀၊ ဧလာ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 17, 2013

တောင်ကုန်းအဟောင်းများ

နွေ မိုး ဆောင်း ရယ်
နင် ဘယ်ပြောင်းပြောင်း
ငါတို့ ကမ္ဘာက
ရိုးရိုးသားသား ဟောင်းတဲ့အဟောင်းပါ၊
ပစ်ထားခဲ့ရင်တောင်
ဘာရှက်ဖို့ ကောင်းမှာလဲ။

လေညင်းရေ
လွမ်းဖို့ အဖော်မညှိလေနဲ့
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။

အချိန်နာရီဆိုတာ
သူရဲဘောကြောင်တဲ့ စက်ဘီးတစ်စီး၊
အသစ်နဲ့ အဟောင်း ခုပဲ ဇာတ်ပေါင်းကြစို့၊
အနာဂတ်ကိုယ်တိုင် ငါတို့စွဲလမ်းမှုထဲက
အဟောင်းတစ်ခုဆိုတာ ဝန်ခံရဲ့ မဟုတ်လား။
၂၀၀၀ရဲ့အဆုံး
တောင်ကုန်းအဟောင်းများ , , ,
ဘာကိုလွမ်းအား ပိုနေသလဲ
မြေသားလှိုင်းလုံး၊ အဲဒီ့တောင်ကုန်းများအောက်
ရုန်းကန် ပွင့် ရွ စကားလုံးတို့အမြစ်တွယ် ခုံးထ၊
အရှုံးဆိုတာလည်း သဘာဝကျရင် လှပတယ်။

လေညင်းရေ
လွမ်းဖို အဖော်မညှိလေနဲ့၊
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။

ရာစုနှစ်တစ်ခုရဲ့ အစွန်
သမိုင်းဦးမြို့အဝင်က ဆည်းဆာ
သူ့ကဗျာ
သွေးအား ကောင်းတုန်းပါပဲ။ ။

မောင်သိန်းဇော်
၂၀၀၀၊ ရေနံချောင်း
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 16, 2013

နိဗ္ဗိန္ဒ

မနက်ခင်းမှ ဟုတ်ရဲ့လား။

ကြယ်တွေ
ဘီယာဆိုင်ထဲက မထကြသေး
လေစိမ်းများ
အပျော်အပါး မက်လွန်းတယ်၊
ဘယ်သယံဇာတကမှ
အသက်ထက်ဆုံး ပြုံးရွှင်နေမယ်
ငါ မမျှော်လင့်ခဲ့ပါ။
ဘဝရဲ့ နွေရက်တွေ အသံထွက်မလှပ၊
သံငုတ်ကြွနေတဲ့ ညတွေထဲ
နှင်းတွေ ဟိုတစ်စ သည်တစ်စ
ဘာကိုမှ လွမ်း မရနိုင်တာ စိတ်အညစ်ဆုံးတဲ့၊
ဆိုလက်စ သီချင်းလေး
အမြင့်တင်ရင်း လုံးပါး ပါးလို့၊
အချိန်မတော်ကြီး
ထ ထ လှော်ရတဲ့ လောကဓံမှာ
မြစ်တွေဟာ မအိပ်ခဲ့ရဘူး။

မနက်ခင်း မှ မနက်ခင်း
မင်းနဲ့မှ
အဝိဇ္ဇာတရားတောင်
အားကုန်လှပြီ။ ။

မောင်သိန်းဇော်
၂၀၀၀၊ ပြည်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 15, 2013

မီးနဲ့လုပ်တဲ့မုန့်

သူ့လက်ထဲမှာ
လေပွေတွေ
တစ်ခုပြီးတစ်ခု၊ အပူတပြင်း
အပူနဲ့ကြီးပြင်း

လောင်မြိုက်ခြင်းနဲ့
ချုပ်သီထားတဲ့
ပွဲစျေးတန်းတစ်လျှောက်

မီးဖိုထက် မီးတောက်ကပိုကြီး

မိန်းမသားတစ်ယောက်
မီးတောက်တစ်ခု
လမ်းနဲ့အစီအရီ

အမြစ်က မြေကိုတွယ်သလို၊
လူ့ကမ္ဘာပေါ် သူနေထိုင်ပုံရဲရင့်

မုန့်ကိုရောင်းမှာလား?
မီးကိုရောင်းမှာလား?
တစ်ဆောင်းလုံးနှစ်ထားတဲ့
ခက်ဆစ်ကိုတော့ သူ မရောင်းဘူး။

လ၊ မှောင်လေ လှလေ
နေ့တစ်နေ့ကို ပြန်အမ်းဖို့
ကြယ်အကြွေတွေ ရေတွက်ရင်း။ ။

မောင်သိန်းဇော်
၂၀၀၀၊ ရေတာရှည်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 14, 2013

တရွေ့ရွေ့ညနေ

စံပယ်မဟုတ်
ကြယ်မဟုတ်သည်
တစ်နယ်စီဝေး
တစ်သွေးလိုလှ
ချစ်ဒုက္ခများ . . .

နေနဲ့ဝေး
လနဲ့ဝေး
ပင်လယ်နဲ့ဝေး
တောတောင်နဲ့ဝေး
ကောင်းကင်နဲ့ဝေး
ရွှေပြည်တော်ဝေး
အမေနဲ့ဝေး
ဝေးနေသေးသမျှ

အချစ်ရေ
တရွေ့ရွေ့ညနေတွေ
စိတ်မရှည်တော့ဘူး။ ။

မောင်သိန်းဇော်
၁၉၉၈၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 13, 2013

သဘာဝတရားကမေ့လျော့နေသော ကျွန်ုပ်တို့၏နာမည်များ

ဥသြ ဘယ်ပျောက်
ပိတောက်ဘယ်ရောက်
ရေတစ်ပေါက်တောင်
ငှဲ့ချလို့မရ၊ ဘဝမျိုးနဲ့
ပြောလိုက်ကွယ်
နွေကလည်း နောက်ဆို
နွေမဖြစ်ချင်တော့ဘူးတဲ့။ ။

မောင်သိန်းဇော်
၁၉၉၆၊ မန္တလေး
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 12, 2013

ဆည်းလည်း

ညောင်ရွက်တွေကို
ဦးခေါင်းနဲ့ပွတ်တိုက်ပြီး
လမ်းလျှောက်ကြ၊
ညောင်ရွက် ညောင်ရွက်ချင်း
ပွတ်တိုက်ကြ၊
ညောင်ရွက်နဲ့လေ
ပွတ်တိုက်ကြ၊
အရိပ်တစ်ခုနဲ့တစ်ခု
ပွတ်တိုက်ကြ၊

အသံ အားလုံး ညောင်ရိပ်ခို လို့။ ။

မောင်သိန်းဇော်
၁၉၉၆၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 11, 2013

ကောင်းကင်

ရေက ပက်ထုတ်လိုက်တဲ့နေရောင်

မြောင်းမြဟာ
ငါ့မျက်နှာပေါ် ဘောင်ဘင်ခတ်လို့၊

ညနေငန်းအုပ်၊ တဖိတ်ဖိတ်လက် ဗေဒါပွင့်များ
အတောင်ပံနဲ့လူတချို့ ကျောကုန်းပေါ်က မြစ်
ငါတရွတ်တိုက် မျော ပါ သွား ရာ

၁၉၉၅
ဇန်နဝါရီကို တံခါးဖွင့်ကြည့်လိုက်တယ်
ရိတ်သိမ်းကြ၊ အရှင်လတ်လတ် နွံထဲက ကောင်းကင်။ ။

မောင်သိန်းဇော်
၁၉၉၅၊ မြောင်းမြ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 10, 2013

မီးဖွင့်လိုက်

နေမွန်းတည့်ငါ့အိမ်မှာ
အမှောင်တွေ သိပ်သည်းလွန်းလှသမို့
                                  မီးဖွင့်လိုက်

ခန်းလုံးပြည့်မှောင်တဲ့ အမှောင်ထဲ
တိမ်ရောင်စုံ မမြင်ရ၊
ပင်လယ်စင်ရော်နဲ့ လှိုင်းလုံးများ မမြင်ရ၊
စိမ်းညို့တောင်တန်းတွေ မမြင်ရ၊
ငါ့ရဲ့တစ်ခန်းလုံးမှောင်ရဲ့
                                  မီးဖွင့်လိုက်

ချစ်ခြင်းစကားဖွင့်ဟတဲ့
မျက်လုံးလေးကို မမြင်ရအောင် မှောင်မည်း၊
အလှတရားနဲ့ဝင်းမှည့်တဲ့
သီချင်းသံကို မကြားရအောင် မှောင်မည်း
ပုပ်အဲ့အဲ့အမှောင်တွေသာပြည့်နှက်၊
ပြီးတော့ မှောင်မည်း
                                  မီးဖွင့်လိုက်

လူတစ်ယောက်ရဲ့ ဦးခေါင်း၊ အိပ်မက်တွေနဲ့
အက်ကြောင်း ထနေတဲ့ ကဗျာပေါ့၊
ဟောဒီကမ္ဘာ လင်းရမယ်၊ ဟေ့ညီလေး
သန်မာတဲ့အတွေးထဲက သွေးတစ်စက်ကျလာ
မီးတောက်ဟာ ကိုင်လို့မရဘူး . . .
                                  မီးဖွင့်လိုက်

အာရုံတွေ ငါ့အတ္တနဲ့ထွန်းညှိ
ပျော်မှုအတိပြီးတဲ့ အသံခြေလက်တို့နဲ့ပေါ့၊
လောကဓံတရားကို ညမွှေးကိုင်းတစ်ကိုင်းလို
ငါတို့ဘဝထဲ ညွတ်ကိုင်းလာအောင်
                                  မီးဖွင့်လိုက်

နှလုံးသာတွေနဲ့ ထွန်းညှိ၊ မြို့ရွာတွေနဲ့ ထွန်းညှိ
တိုင်းပြည်နိုင်ငံနဲ့ ထွန်းညှိ၊ ကမ္ဘာလောကနဲ့ထွန်းညှိ
အဲဒီအလျှံညီးညီးပျော်ရွှင်မှုတွေရဲ့
အရိပ်နဲ့အရောင်ဟာ
ဒြပ်ဝတ္ထု အကောင်အထည် မရှိတဲ့
မောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်၊
တောက်ပတဲ့ ပွဲခင်းကြီးဟာ
မောင်သိန်းဇော်ရဲ့
အခြားမောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်
                                  မီးဖွင့်လိုက်

မနက်ခင်းလေးရေ
တို့နှစ်ယောက်ရဲ့ အလင်းရောင်ဟာ
ဘယ်တော ဘယ်တောင်မှာ ရေငတ်နေပြီလဲ
                                  မီးဖွင့်လိုက်

စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့
လယ်ကွင်းတွေ ပျော်ရွှင်ဖို့၊
                    မီးဖွင့်လိုက်၊ မီးဖွင့်လိုက်

မိုးသားတိမ်တိုက် (သို့မဟုတ်)
ပျံသန်းလာတဲ့သမုဒ္ဒရာကြီး အတောင်မညောင်းဖို့၊
                                  မီးဖွင့်လိုက်၊ မီးဖွင့်လိုက်

ရပ်နားခြင်းမရှိတဲ့ မြစ်ရေအလျဉ်တွေ လန်းဆန်းဖို့
                                  မီးဖွင့်လိုက်၊ မီးဖွင့်လိုက်

ဒီမှာမိတ်ဆွေ
ငါတို့အားလုံးရဲ့ အမေ့ရင်ခွင် ထိန်ညီးဖို့
ကမ္ဘာကြီးကို မီးဖွင့်လိုက်။ ။

မောင်သိန်းဇော်
၁၉၉၅၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 9, 2013

ဟိုပင်၌ သတင်းစာဖတ်ခြင်း

ဘာမှာမလဲ
တိုက်ဂါးဘီယာ
မရိဒ္ဒါလား . . . ။

အေး၊ အဲဒါမဟုတ်ဘူး
A B C  မဟုတ်ဘူး
P M G မဟုတ်ဘူး။

ကြည်ရွှင်ရွှင် မျက်လုံးနဲ့
နေ့စဉ် ချိုပြုံး၊ နှလုံးသားလေး
အိမ်က ရေဆာတယ်ကွယ်။ ။

မောင်သိန်းဇော်
၁၉၉၅၊ ဟိုပင်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 8, 2013

ရှတတ အလုံးအဖန်များ

ကိုယ့်အဆင်အသွေးကို
ရှက်ရွံ့စက်ဆုတ်စွာ ခါယမ်းနေတဲ့
အဝတ်စတစ်ခုအောက်မှာ ငါ ရပ်မိ

အဲဒီအဝတ်စရဲ့ ရှတတအရိပ်က
အရေပြားတွေပေါ်
ကြောင်တစ်ကောင်ပွတ်သပ်သလို၊
ငါ့စိတ်ကိုပွတ်သပ်

အသင်
မျက်စိစုံမှိတ်ပြီး ဘာကိုကြည့်နေသလဲ
အသက်မရှိတဲ့တူရိယာတွေက
အဖန်တလဲလဲ သေတဲ့သံစဉ်တွေကို
မှုတ်ထုတ်တယ်။
မနက်ခင်းတစ်ခုလုံး
စုန်းစုန်မြုပ်သွားအောင် မှုတ်ထုတ်တယ်။
စိတ်ကူးစိတ်သန်းတွေ
အရိုးပြိုင်းပြိုင်းထသွားအောင် မှုတ်ထုတ်တယ်။
ထိတွေ့သမျှ ရေမြေအားလုံး
သွေးစို့သွားအောင် မှုတ်ထုတ်တယ်။

ဒီလိုနဲ့
အရိပ်ရဲ့အလုံးအဖန်များ
သွေးပျက်ရူးနှမ်းစွာ
ငါ့ဦးခေါင်းပေါ် တလူလူလွင့်ဆဲ

ငါ ဆက်ရပ်နေမိ
မွန်းကျပ်လွန်းတဲ့ သစ်ပင်တွေ
မုန်တိုင်းမျှော်သလိုမျိုး။ ။

မောင်သိန်းဇော်
၁၉၉၅၊ မိုးကောင်း
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 7, 2013

အဆင်မပြေမှု နေ့တစ်ဝက်

နမော်နမဲ့တစ်ယောက် မဟုတ်ဘူးလို့
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲတယ်၊
ဒါပေမဲ့
အဆင်မပြေမှု နေ့တစ်ဝက်မှာ

ကျွန်တော် မီးသီးတစ်လုံးဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
သွားနဲ့ခံတွင်း ပြုပြင်ဆိုင်ဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော်မျက်မှန်ပါဝါမြှင့်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
လယ်ယာသုံးပစ္စည်းအရောင်းပြခန်းမဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။

ကျွန်တော်
အိမ်ရိုက်သံ အနည်းအကျဉ်းဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
တယ်လီဖုန်း အိပ်ချိန်းဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော်
ပြက္ခဒိန်အသစ်နဲ့ မဂ္ဂဇင်းတချို့ဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်၊
နှစ်ဆယ့်လေးနာရီ သွေးစစ်ဌာနဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။

ဆိုင်းဘုတ်တွေကို
ကျွန်တော်အသေအချာ ဖတ်ခဲ့တယ်။
ဒါပေမဲ့
ကျွန်တော့်ကိုတော့
ဆိုင်းဘုတ်တွေက ဖတ်မကြည့်ကြဘူး။

နေ့တစ်နေ့ အလျားအတိုင်း
ချွေး၊ ခြေသံ နဲ့ မှားယွင်းမှု
တစက်စက် စိမ့်ဝင်
အပေါ်မော့ကြည့်တော့ နေမွန်းတည့်။ ။

မောင်သိန်းဇော်
၁၉၉၅၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 6, 2013

ဒီ

လရိပ်တွေ
မနိုးမချင်း
စံပယ်ခင်းာ
စောင့်နေရ၊

အပျက်အတိုင်းပင်လယ်
လမ်းထက်နိမ့်
ဘဝမယဉ်ကျေးမှု
အသံဗလံများလှုပ်ယမ်း
နေ့ရက်ဟောင်းစုတ်ဖြဲတဲ့
လေရိုင်းနှယ်
ဒီ ရေ ပြေး ခဲ့၊

အတားအဆီးမဲ့အိမ်
အိပ်ကောင်းတုန်း။ ။

မောင်သိန်းဇော်
၁၉၉၅၊ အောင်ပင်လယ်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

ချစ်သူသို့

ဒီကောင့်ကဗျာ မဖတ်ဘူးလို့ တင်းထားတာ
တင်းထားလို့ရလား။

အောင်ချိမ့်
ချင်းတွင်းမဂ္ဂဇင်း၊ စက်တင်ဘာ - အောက်တိုဘာ၊ ၂၀၁၃။

Oct 5, 2013

နေ့စွဲ

ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

နေ့စွဲများ
အဆန်းတကြယ်ဖိစီး၊
တစ်ကိုယ်ရည်
အစိတ်စိတ်အမွှာမွှာဖူးပွင့်စဉ်၊
နေ့နဲ့ညမြှုပ်နှံရာ
စိတ်မြေသားထုထဲ တရိပ်ရိပ်ပျံသန်း၊
လမ်းအားလုံး
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

တစ်မုဟုတ်ချင်း
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။ ။

မောင်သိန်းဇော်
၁၉၉၁၊ မြန်အောင်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 4, 2013

ရေချိုးဆိပ်

သစ်ပင်တွေ
အမှောင်ထဲရပ်ပြီ။

လရောင်က ညှီတာ လား။
ပင်လယ်က ညှီတာ လား။
နှလုံးသားတစ်ခုခုဆီက ညှီတာလား။

အုန်းသီးခွံ၊ ခရုတစ်ခြမ်းပဲ့နဲ့
ခြေရာများ . . . အားလုံးအိပ်ချိန်

တဝုန်းဝုန်းနဲ့
လာ အချစ်၊ ကျွန်တော် ခင်ဗျား
အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လိုံ ။ ။

မောင်သိန်းဇော်
၁၉၈၉၊ သံတွဲ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 3, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

မေ - စက်တင်ဘာ
--------------------

ဒိုင်ယာရီမှာ
ဘာမှ မရေးဖြစ်ဘူး။

ဝယ်ထားတဲ့ စာအုပ်တွေ
ဘာမှ မဖတ်ဖြစ်ဘူး။

အိမ်ကို သတိရလည်း
ဖုန်း မဆက်ဖြစ်ဘူး။

ဘာဖြစ်ချင်နေတာလဲ ဆိုပြန်တော့
ဘာမှ မဖြစ်ချင်ဘူး။

သီဟသူ
၃၊ အောက်တိုဘာ၊ ၂၀၁၃

အသစ်တဖန်

အဲဒီမြူနှင်းတွေပေါ့၊
နှလုံးသားကို
ဆတ်ပိုင်းကျိုးကျစေတာ

လောကကိုရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်းကွယ်ပြီ။
ပြီး . . .
တစ်စက်ချင်းရွာတဲ့မိုးထဲ
ပထဝီမြေသားဟာ
ခြောက်သွေ့လွန်းရ၊

ကမ္ဘာတည်မယ့် ဇ နဲ့
ဘယ်သူလဲ?
လ ကို ယူဆောင်ခဲ့တာ
သူ အနုံညာတ မဟုတ်ပေဘူး။ ။

မောင်သိန်းဇော်
၁၉၈၉၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 2, 2013

တိတ်ဆိတ်နေသော ဇာတ်သဘင်

ဓာတ်ဆီကုန်လို့လား။
မိုးလင်းလို့လား။
စက်ချွတ်ယွင်းလို့လား။
ညဟာ
ကြည့်နေတဲ့မှန်ထဲပက်လက်လန်လဲကျ၊

လူ့ဘဝရဲ့
ဝါကျတစ်ကြောင်းက
ခေါင်းထဲမှာ ပါးပျဉ်းထောင်လို့၊
ပတ်စာ ခွာလိုက်တာနဲ့
အိပ်ပျော်သွားတဲ့ ဗုံတွေလို
ကံမကောင်းခဲ့။
ဒီလိုနဲ့
သက္ကရာဇ်ဖြိုသူပ၊
ကြိမ်ဖန်များစွာ သစ်ခဲ့တဲ့မျက်နှာ
(ကြိမ်ဖန်များစွာ) ပြန်ဟောင်းသွား

တိုင်ဖုံးကြားမှာ
ကားဆွဲလေးတစ်ယောက် ဖျားနေရဲ့။

သူအပြင်
ချုပ်ရိုးတွေပြေ
ဘော်ကြယ်တွေ တစ်ပွင့်ချင်းပြုတ်ကျနေတဲ့
လူစွမ်းလူစရှိ၊
သူအပြင်
အိပ်ချင်ယောင်ဆောင်နေတဲ့ အောင်မြင်ခြင်းရှိ၊
သူအပြင်
ဝါယာကြိုးတစ်ချောင်းလွတ်နေတဲ့ သစ္စာအဓိဌာန်ရှိ
သူအပြင်
ငယ်သွား လဲနေတဲ့ လောကဓံတရားရှိ
သူအပြင်
ပပ်ကြားအက်နေတဲ့ အိပ်မက်ရှိ၊
သူအပြင်
မျှော်လင့်ချက်ဟာ မျက်စိနာနေသတဲ့

အဲဒီအခါ
ပြန် မပြော နားမထောင် ကောင်လေးက
နှလုံးသားကို ဘီးကျိုးတစ်ချောင်းနဲ့ ဖြီးသင်ရင်း
(စိတ်ဆိုတာ လေးလံတဲ့အလင်းရောင်)
စိုထိုင်းထိုင်းဘဝ ကြိုးတန်းပေါ် လှမ်းတက်ရင်း
ဇာတ်သေတ္တာထဲက
ကြေးအလိမ်းလိမ်းတက်ညများ။ ။

မောင်သိန်းဇော်
၁၉၈၇၊ သာကေတ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 1, 2013



ရိုးရိုးလေးနဲ့လှနေတာ
ခေါင်းဖြီးမထားဘူး၊
ပြောင်ပြောင်လက်လက်တွေ ဝတ်မထားဘူး၊

လသာပုံကအစ
ယဉ်ယဉ်လေးရယ်

အခါတိုင်းလို
ဗုံသံတွေထဲ ကျွံကျနေတဲ့
ညလည်း မဟုတ်ဘူး။
လေတဖြူးဖြူးနဲ့ ည
လကို တစ်ကိုယ်လုံးမြင်ရတဲ့ ည
ကြယ်တွေဆိုလည်း
မျက်စိနောက်စရာကောင်းလောက်အောင်
များများစားစားကြီး ရှိမနေဘူး၊
ယောက်ယက်ခတ်မနေဘူး၊

တစ်ပွင့်ချင်းနဲ့ တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေးထွန်းနေတာ
သိပ်ကို အချိုးအစားကျတဲ့ည

သဘာဝဖြစ်လျက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာ လှပခွင့် မရတဲ့
သဘာဝတရားဟာ
ဒီညထဲ
သဘာဝကျစွာလှပလို့၊

ဟိုယခင်
ရှောင်ပုန်းနေတဲ့ညတွေကို
အလင်းတစ်ဝက်၊ အလွမ်းတစ်ဝက်နဲ့
ကလဲ့စားခေျနေသလိုမျိုး၊

နဂိုကလှပြီးသား ည
စိတ်လွတ်ကိုယ်လွတ်နဲ့
လှချင်တိုင်း လှထွက်သွား
ညငတ်နေတဲ့သူ
ဒီညကို မေတ္တာသက်ဝင်မဆုံးပေါ့။

နှလုံးသား ဖမ်းဆီးချုပ်နှောင်မထားတဲ့


လရောင်မှန်သမျှ အလဟဿမဖြစ်စေရတဲ့


သန်းခေါင်းယံပင်ဖြစ်လင့်ကစား
ပန်းရနံ့တွေကို ဝှက်မထားတဲ့
ကြယ်ပေါင်း ရံ ခ
ကွန်ထဲက လွတ်ထွက်လာတဲ့ညရယ်
ငါ ချက် မစားရက်ပါဘူး။ ။

မောင်သိန်းဇော်
၁၉၈၆၊ မြောင်းမြ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

မန္တလေး၊ ၂၀၁၃

ရတနာပုံမန္တလေး
မန္တလေး
ကျွန်မတို့ မန္တလေး
- လူထုဒေါ်အမာ

မန္တလေး
၂၀၁၃ မန္တလေးဟာ
ကျွန်တော် သိခဲ့၊
ထိတွေ့ခဲ့၊
နေထိုင်ခဲ့တဲ့ မန္တလေး
မဟုတ်တော့ပါ။

မန္တလေး (၂)
နေပူပူ
လမ်းပေါ်မှာ
ခေးအော့စ်နဲ့ ယဉ်ပါး
စက်ဘီး၊ ဆိုင်ကယ်နဲ့ မော်တော်ကား။

မန္တလေး (၃)
မန္တလေးဟာ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို
ကျွန်တော်ဟာ မန္တလေးမှာ ဧည့်သည်တစ်ယောက်လို
ထွက်ခွာခဲ့သူဆိုတော့
ကျွန်တော့မန္တလေးလို့
တိုးတိုးလေးသာ ကျူးရင့်ရုံ.,,

သီဟသူ
၁၊ အောက်တိုဘာ

အိမ်အပြန်၊ ၂၀၁၃

စိတ်ရှိတိုင်း
ဟောဟောဒိုင်းဒိုင်းတော့မဟုတ်။

ကြိုကြိုတင်တင်၊
ပြင်ပြင်ဆင်ဆင်။

ဖြစ်မလာတဲ့ ကြိုတင်စီစဉ်ထားမှုများ၊
ဖြစ်လာခဲ့တဲ့ မတော်တဆ ထိခိုက်မှု။

'မင်း သတိမထားလို့ မသိတာပါ၊
ငါကတော့ အမြဲ အနားမှာပါ'လို့ ဆိုတဲ့
လောကဓံ/ဒဏ်။

သွားနေကြ စာအုပ်ဆိုင်ဘက်
ခြေဦးမလှည့်ခဲ့မိပါ။

သီဟသူ
၁၊ အောက်တိုဘာ၊ ၂၀၁၃