> သီဟသူ [dot] blogspot [dot] com: ပိုးဖလံများ

Aug 15, 2010

ပိုးဖလံများ

အလင်းနဲ့ အမှောင်ရဲ့ လှည့်စားမှုတွေထဲ ပျော်ရွှင်စွာ
ဆော့ကစားကြ၊ အတ္တကိုယ်စီနဲ့ ကိုယ့်ကိုယ်ကိုယ်တော့
မဟာစွမ်းအားရှင်တွေပေါ့။ မွေးဖွား- ကြီးပြင်း
ချောက်နက်ထဲ ခုန်ဆင်းရင် သူရဲကောင်းလား။

ရာဇဝင်ကြီးတွေ၊ သမိုင်းကြီးတွေ၊ ဇာတ်လမ်းကြီးတွေက
ပိတ်ဆီးကာရံထား။ ကင်းဗတ်စ်သားပေါ်က အရုပ်နဲ့
အရောင်တွေ၊ သူတို့ အချုပ်အနှောင်ခံထားရသလိုလို
မဟုတ်ဘူး- အမြင်ကို အကျဉ်းချမယ့် ပြတင်းဝတွေပ။

သင်ကြားပို့ချသမျှ ရွှေတောင်တက်ဒဿနတဲ့လား။
သိမှုဗေဒတွေ ချဲ့ထွင်ခဲ့ကြ။ ပင်မရေစီးတွေဟာ
ကြောက်မက်ဖွယ် တန်ခိုးသြဇာ၊ နတ်ဆိုးရဲ့ ကျိန်စာများ။
အသက်ဇီဝရှင်သန်ရပုံတွေ ပိုရှုပ်ထွေး ပိုခက်ခဲ ပိုနက်ရှိုင်း။

သီအိုရီတွေက မဆုံးနိုင်ပါဘူး။ ဝါဒတရားတွေက
ဝါးပင်ပမာ၊ မိုးဦးလေဦးထဲ မိုးကြိုးမုန်တိုင်းထဲ
အတုံးအရုံးပြိုလဲသမျှ၊ မျှစ်စို့မျှစ်နုကလေးတွေလည်း
အလုအယက်ထွက်လာကြဦးမှာ သဘာဝဖြစ်စဉ်။

ညဥ့်နက်နက်တွေပါပဲ။ ရှေ့ကို ခရီးဆက်ခဲ့ကြ
မနက်လင်းရင် ရွာရောက်မယ် ဘာကြောင့်ယုံကြည်။
တည်ဆောက်ထားတာတွေအားလုံးဟာ ထင်ယောင်ထင်မှား
ဖြစ်မှုသက်သက်မျှ။ အနိုင်ရသူတွေ စီးဆင်းသွားကြရဲ့။

ရာစုနှစ်များတိုင်၊ ယှဉ်ပြိုင်မှုများ မရပ်တန့်ခဲ့။
တစ်ကန့်ချင်း တစ်လွှာချင်းစီမှာ ပညာသားအဖြာဖြာ။
အားထုတ်ကြ- ဆုတောင်းကြ- လွတ်မြောက်ရပါစေသားတဲ့
နံရံရဲ့ အခြားတစ်ဖက်ဆီသို့ အန္တိမမျှော်လင့်ချက်များ။

မင်းထက်မောင်
၃၀၊ စက်တင်ဘာ၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

2 comments:

  1. ဒီကဗျာပုံစံလေးမိုက်တယ်

    ReplyDelete
  2. ရာစုနှစ်များတိုင်၊ ယှဉ်ပြိုင်မှုများ မရပ်တန့်ခဲ့။
    တစ်ကန့်ချင်း တစ်လွှာချင်းစီမှာ ပညာသားအဖြာဖြာ။
    အားထုတ်ကြ- ဆုတောင်းကြ- လွတ်မြောက်ရပါစေသားတဲ့
    နံရံရဲ့ အခြားတစ်ဖက်ဆီသို့ အန္တိမမျှော်လင့်ချက်များ..........။

    အင်း..
    အတွေးတွေ အများကြီးပဲ...

    ReplyDelete