> သီဟသူ [dot] blogspot [dot] com: ဂရင်းဂိတ်

Apr 9, 2012

ဂရင်းဂိတ်


စာတိုက်မှတ်တိုင်မှာ ဆင်းပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ငါတို့အိမ်ကို ရောက်လိမ့်မယ်။ အိမ်ရှာရခက်မှာ စိုးရင်တော့ ဖုန်းကြိုဆက်ထားပေါ့။ အိမ်မှာ ငါတစ်ယောက်တည်း။ ခြံ၀င်းတံခါးဝက အစိမ်းရောင်။ အဲဒီက လှမ်းကြည့်လိုက်ရင် စာအုပ်တွေ ပြန့်ကျဲနေတဲ့၊ ပန်းကန်ခွက်ယောက်တွေ ဖရိုဖရဲနဲ့ အိမ်သေးသေး တစ်လုံးကို မြင်ရမှာပဲ။ မျက်နှာကျက်မှာရော၊ ကြမ်းမှာပါ ဝါးကြောဖျာတွေကို ကပ်ထားတယ်။ နွေရာသီဆိုရင် နေထိုင်ရ သက်သာအောင်ရယ်၊ အကုန်အကျ နည်းအောင်ရယ်။ အိမ်ကလေးကို ခြတွေလက်ထဲက ကယ်တင်ခဲ့ရတာလို့ ပြင်ပေးတဲ့သူတွေက ပြောတယ်။ ပုရွက်ဆိတ်တွေနဲ့ ခြင်တွေများတာကြောင့် အင်းဆက်တွေရဲ့ ဘုံဗိမာန်လို ဖြစ်နေတဲ့ အိမ်ကလေး။ အဲဒီ အိမ်ကလေးထဲမှာ ငါ ပန်းချီဆွဲတယ်။ စာဖတ်တယ်။ ဂိမ်းကစားတယ်။ ရံဖန်ရံခါ ငါ သိပ်တွေ့ချင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတချို့ လာလည်ကြတာကလွဲလို့ ငါတစ်ယောက်တည်းပါပဲ။

အိမ်ကလေးက သေးတော့ အတွေးအကြီးကြီးတွေကို တင်မထားနိုင်ဘူး။ နင့်ကိုသတိရတဲ့အကြောင်း တွေးမိရင် အိမ်လေးထဲမှာ ငါနေမရတော့ဘူး။ လက်ဖက်ရည်ဆိုင်ကို ထွက်သွားရပြီ။ ပိုက်ဆံလည်း ရှိနေတယ်ဆိုရင်ပေါ့။ ဒါပေမယ့် နင်လာလည်ရင်တော့ ပျော်မှာပဲလို့ ငါသေချာသိတယ်။ ငါပျော်ဖို့ နင့်ကို လာရမယ်လို့ မတိုက်တွန်းချင်ပါဘူး။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ အင်မတန် လှည့်ဖျားတတ်တဲ့အရာပဲ။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ ဘာလဲလို့တော့ ငါမသိဘူး။ တွေးပြီးမသိဘဲ ခံစားကြည့်ရင် သိနိုင်တဲ့ အရာတွေတော့ ရှိတယ်။ ရှိမယ်လို့ ငါထင်နေတယ်။

ဟိုး ငယ်ငယ်လေးတည်းက ငါနေထိုင်ခဲ့တဲ့ ဘဝက အဲသလိုပဲ။ နင်တော့ ပျင်းမိမှာ။ နင် ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောရင် ငါ မျက်စေ့ထဲမှာ ပုံဖော်ကြည့်တယ်။ နင်ပြောပြနေတဲ့ပုံကို ကြည့်ရတာ သိပ်ပျော်စရာ ကောင်းခဲ့တဲ့ပုံပဲလို့ ငါယူဆလိုက်တယ်။ ငါလည်း ပျော်လာတယ်။ ဒါပေမယ့် ငါဘာသာ သေချာနေထိုင်ခဲ့တဲ့ ဘ၀ကိုကျတော့ ပျော်မပျော် ငါမသိဘူး။ ငါက လူဝင်စားတဲ့။ လူသူလေးစားတဲ့ တိုင်းရင်း ဆေးဆရာကြီးတစ်ယောက် ၀င်စားတာတဲ့။ လူတွေရဲ့ အဲသလို ယုံကြည်နေမှုက သုံးလေးနှစ်အရွယ် စကားပြောတတ်ကတည်းက ငါ့ကို ချုပ်နှောင်တော့တာပဲ။ ငါကလည်း အဲဒီ ချုပ်နှောင်မှုကြီးထဲကို အလိုက်မသိ တိုးဝင်ခဲ့တာ။ အရွယ်ရောက်ပြီး မကြာဘူး၊ ငါပြန်ကြည့်လိုက်တော့ ငါ့ကိုယ်ငါ တော်တော် စိတ်ပျက်သွားတယ်။ ငါ့မှာ ကလေးဘဝ မရှိခဲ့ဘူး။

မရင့်ကျက်တဲ့ဘ၀တော့ ငါ့မှာ ရှိခဲ့ပါတယ်။ နင်ဒါတွေကို စိတ်၀င်စားချင်မှ ၀င်စားမယ်။ ဒါပေမယ့် ငါပြောချင်သေးတယ်။ လူ့အဖွဲ့အစည်းလို့ ပြောပြော လောကလို့ပြောပြော အဲဒီ အဆောက်အအုံကြီးထဲမှာ ငါ နေထိုင်ခဲ့ရတာပဲ။ လူတွေက ဒါကောင်းတယ်လို့ ပြောရင်၊ ငါလည်း ကောင်းတယ်လို့ သတ်မှတ်လာခဲ့တယ်။ ဒါ ဆိုးတယ်လို့ သတ်မှတ်ရင် ငါလည်း ဆိုးတယ်လို့ လိုက်ပြောရတယ်။ ငါ့ဘာသာ ခုလို အိမ်လေးထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ အချိန်တွေကျမှ စဉ်းစားကြည့်တယ်။ ကောင်းတယ်ဆိုးတယ် ဆိုတာတွေက လူတွေ အများနဲ့ ဆက်ဆံရတဲ့ အချိန်တွေမှာပဲ ရှိနေတာပါလားလို့လေ။ ငါဘာသာ တစ်ယောက်တည်းရှိရင်ဖြစ်ဖြစ်၊ နင်နဲ့ ခဏရှိခွင့်ရတဲ့ အချိန်တွေဖြစ်ဖြစ် ကောင်းတယ် ဆိုးတယ် ဆိုတဲ့ စကားလုံးတွေရဲ့နောက်မှာ ဘာကြောင့်လဲ ဆိုတာကို ဆက်မတွေးချင်ဘူး။ အားလုံး သူ့ဟာနဲ့သူ ကောင်းရင် ကောင်းမယ်၊ ဆိုးရင်ဆိုးမယ်ပေါ့။ နင်ယုံကြည်တာတွေလည်း ရှိတယ်။ အဲဒါတွေကို နင်ကောင်းတယ်လို့ သတ်မှတ်ယူဆနိုင်တယ်ဆို ပြီးတာပဲ။


နင့်လိုပဲ ဒီအိမ်လေးကို ရောက်မလာခင်တည်းက ငါ ကောင်းတယ်လို့ ယုံကြည်ခဲ့ဖူးတာတွေကို လူတွေကို လိုက်ပေးခဲ့တယ်။ ငါက အဲဒီတုန်းက ယုံကြည်မှု တစ်ခုခု ငါ့မှာ ရှိနေလို့လည်း ဖြစ်မယ်။ ငါ စာကြည့်တိုက်ကြီးတွေကို သိပ် သဘောကျတာပဲ။ ဒါကြောင့်မို့ စာကြည့်တိုက်ကြီးတွေ ဖန်တီးပေးတတ်တဲ့ လူ့အဖွဲ့အစည်းကြီးကို ကျေးဇူးတင်ခဲ့ပြန်တယ်။ တခြားသူတွေအတွက်လည်း စာကြည့်တိုက်တစ်ခုနှစ်ခုလောက် ချန်ခဲ့နိုင်ရင် ကောင်းမယ်လို့ တွေးပြီး ကြိုးစားခဲ့တယ်။ နင့်ဆီကလည်း အကူအညီတွေ ယူခဲ့ရပါတယ်။ ငါ အကျိုးသင့် အကြောင်းသင့် တွေးရတာကို စိတ်ဝင်စားတယ်။ ဒါကြောင့်မို့ ငါ စာသင်ဖို့ ကြုံလာရတဲ့အခါမှာ စာလာသင်တဲ့သူတွေကို အကျိုးသင့် အကြောင်းသင့် တွေးတဲ့နည်းကို မျှဝေပေးကြည့်တယ်။ ပြီးတော့ အကောင်းမြင်တတ်တဲ့ စိတ်မျိုး၊ နောက်ပြောင်ကျီစယ်တတ်တဲ့ ပေါ့ပါးမှုမျိုး။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို ငါ ပြန်ပေးဖို့ ကြိုးစားခဲ့တာတွေက လူ့အဖွဲ့အစည်းထဲ သေသေချာချာ ပြန်ရောက်ရဲ့လားဆိုတာတော့ မသိဘူး။ လူ့အဖွဲ့အစည်း ဆိုတာက အကြီးကြီး၊ ငါဆိုတဲ့ကောင်က ဘယ်လောက်များ ကြီးကျယ် ခမ်းနားနေလို့လဲ။ နင် ရယ်မိတော့မယ်နဲ့တူတယ်။

ဒီလိုနဲ့ ငါစောင့်နေခဲ့တယ်။ ဘာကို စောင့်နေခဲ့တယ်ဆိုတာတော့ မသိဘူး။ စောင့်နေတဲ့ထဲမှာတော့ နင်လည်းပါတယ်။ ငါ ဘယ်တော့မှ မသိနိုင်တဲ့ အပြည့်အစုံသိမှု ဆိုတာလည်း ပါတယ်။ ငါ လောကကြီးကို ဘာမှ ပေးဖို့ မကြိုးစားတော့ပါဘူး။ လုံလောက်ပြီ။ လောကကြီးပဲ စွန်းထင်းကျန်ခဲ့မလား၊ ငါပဲ စွန်းထင်းခံခဲ့ရတာလား မသိဘူး။ ကဗျာဆရာ အဲလီယော့က ရေးခဲ့တယ်။

“This is the way the world ends

Not with a bang but a whimper.” တဲ့။

ဘဝတစ်ခုရဲ့ အဆုံးသတ် ဆိုတာဟာလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ခပ်ဖွဖွတိုးတိုး ညည်းသံကလေးနဲ့ တိတ်တိတ်ကလေး ပြီးသွားတာပါပဲ။ ခြံရှေ့က အစိမ်းရောင် တံခါးရွက်တွေကိုတော့ ငါစေ့ရုံပဲ စေ့ထားတာပါ။ နင်ရောက်လာဖြစ်လို့ ငါ့ကိုမတွေ့ရင်လည်း ပြန်တဲ့အခါ ပြန်စေ့ထားခဲ့လိုက်ပေါ့။

ရေဝတီ

No comments:

Post a Comment