> သီဟသူ [dot] blogspot [dot] com: အမေ

Mar 19, 2014

အမေ

ရေငွေ့များများ ဇူလိုင်လ
တိမ်ထူထူ တစ်နေ့မှာ
ဟိုး တောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေ မသိတာတွေ အများကြီးနဲ့
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေက တောသူ
ရိုးအတယ်
သူ့သား ခဏခဏ အသည်းကွဲတတ်တာ အမေ မသိဘူး
ကန္တာရလမင်း စီးရီးပေါက်တာ မသိဘူး
ဟယ်ရီလင်းကို မသိဘူး
ဂန္တဝင်မြောက် အိမ်အပြန်ထဲက သူ့သားရဲ့အသံကို မသိဘူး
လက်ဖက်ရည်ဆိုင်ထဲက ကောင်မလေးကို ဆယ်နှစ်တိတိ ချစ်ခဲ့ရပြီး
ပြန်အချစ်မခံရတာလည်း မသိဘူး
လမ်းပေါ်က ကောင်မလေးနဲ့လည်း သံယောဇဉ်တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သား သူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကိုကို မသိဘူး
အမေက ဂီတကို မသိဘူး ဒါပေမဲ့
ဆိုနီ စတီရီယိုကက်ဆက်တစ်လုံး ငါ့ကို ဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး ဒါပေမဲ့
ကင်းဘတ်စ်နဲ့ ဆေးတွေ ငါ့ကို ဝယ်ပေးရဲ့
အမေက သောကကို မသိဘူး ချစ်ခြင်းမေတ္တာ အလျှံပယ် ငါ့ကိုပေးရဲ့
ငါ ပြန်မပေးနိုင်တာအားလုံး အမေ ငါ့ကိုပေးရဲ့
ရေငွေ့များများ ဇူလိုင်လ၊ တိမ်ထူထူတစ်နေ့မှာ
ရိုဂျာဝါးတား၊ မဂ္ဂဇင်းဂေါ်ကီ၊ ဦးသုခ
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးလ်ကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါ ပြန်ရမှာမဟုတ်တဲ့ အမေ့ကို
ငါ ဖွဲ့ဆိုဖြစ်ရဲ့။

ဇူလိုင်၊ ၁၉၉၉၊ သွားလေသူ အမေသို့ . . .
ဇူလိုင်၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:

Post a Comment