> သီဟသူ [dot] blogspot [dot] com: ဗလာ လေဟာနယ်များ

Mar 21, 2014

ဗလာ လေဟာနယ်များ

ဘာမှ စဉ်းစားမထားတဲ့ ဦးနှောက်ထဲမှာ
အနုပညာတစ်ခုခု ရှိလိမ့်မယ် သူထင်ပြီး
ဘာမှရေးမထားတဲ့ ရွက်ဖျင်ကင်းဘတ်စ်စထဲမှာ
ပို့စ်မော်ဒန်အယူဝါဒတစ်ခု ရှိမယ် သူထင်တယ်
ဘာမှခံစားချက်မရှိတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ
အချစ်သီချင်းစာသားတချို့ ရှိမယ် သူထင်တယ်
ဘာမှတိတ်သားမပါတဲ့ စီ ဇီးရိုးခွေအလွတ်ထဲမှာ
ဘလူးစ်တေးသွားတစ်ခု ရှိမယ် သူထင်တယ်
ဒီလိုနဲ့ သူ့ကိုယ်သူ
နေကာမျက်မှန်အမည်းတစ်လက် တပ်ဆင်ထားတဲ့အခါ
ကွယ်လွန်သွားတဲ့ ကဗျာဆရာ မောင်ချောနွယ်အတုလို့ထင်ပြီး
ကဖီးဆိုင်တစ်ခုထဲ သူ့ကိုယ်သူ
ကြယ်သီးတပ်ထားတဲ့ စကားတွေအများကြီး ပြောနေချိန်မှာတော့
ကမ္ဘာပေါ်က၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံး
ရော့ခ်ဂီတသမားတစ်ဦးဦးနဲ့
ဆင်ဆင်တူသူပေါ့။

၂၄၊ ဇူလိုင်၊ ၂၀၀၃။
အလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:

Post a Comment