> သီဟသူ [dot] blogspot [dot] com: တွေ့ရ တွေးရ

Sep 18, 2009

တွေ့ရ တွေးရ

အရက်တစ်ခွက်လောက်တောင် အရသာမရှိတဲ့အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့သောက်ရတာမကောင်းလို့ ဟိုခွက်နဲ့ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေအများကြီးပါပဲ

စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးကပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတစ်လော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကိုသောက်ရတာအဆင်မပြေလို့ ဒီပုလင်းပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေ အများကြီးပဲ

မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့
ဝက်ခေါင်းသုပ်ဆိုတာလည်း
ကြက်ခွေးတောက်လိုအရသာမရှိတာတွေ အများကြီးပါ
ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ
သို့ရာတွင်…
ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာဖြစ်ပါသည်။
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ။ ပါရမီတွင် မြင်ခဲ့ဖူးပါပြီ။
ထိုစဉ်ကမူ ကျွန်တော့စိတ်သည် စာပေမှာထက် တခြားသို့ရောက်ရောက်နေပါသည်။
အခြားမဟုတ်ပါ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ စိတ်ရောက်နေပါသည်။

ကြည်ဇော်အေး
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။

2 comments:

  1. ကဗျာဆရာကောင်းတွေက ကဗျာကို ပေါင်မုန့်လိုမျိုး ဆက်တိုက်ကြီး ထုပ်လုပ်နေဖို့ မလိုဘူးထင်တယ်။ ဒီကဗျာမှာ ကဗျာဆရာက ဒီကဗျာ ဖြစ်အောင် အတင်း လိုက် တွန်းတိုက် ရေး/ဖွဲ့ ထားတယ်။ ကဗျာဆရာရဲ့ အထာ(ရေးဟန်)ကို သိနေပေမဲ့ ဒီလိုမျိုး အတင်း ဖန်တီးချက်ကိုတော့
    ခံစားရတာ အရသာမဲ့တယ်။ ဒါကကျနော့်တဦးထဲအမြင်ပါ။ တခြားသူတွေရဲ့ အမြင်ကိုလည်း ပြောချင်ရင်ပြောကြပါ။ မျှဝေခံစားရအောင်ပေါ့။

    ReplyDelete
  2. အခုလို အကို့သဘောထားကိုသိရတာ ဝမ်းသာပါတယ်။ ဒီကဗျာမှာ ကျနော်စိတ်ရောက်တာက "အခြားမဟုတ်ပါ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီ" သို့သာဖြစ်ပါတယ်။ ဆက်လက်ပြီး ကြည်ဇော်အေးရဲ့ ပထဝီအနေအထားကဗျာစာအုပ်မှ ကဗျာများကိုလည်း ဖတ်ရှုကြည့်ပါဦး....

    ReplyDelete