> သီဟသူ [dot] blogspot [dot] com: မီးရထား

Jun 26, 2010

မီးရထား

ကျွန်ုပ်တို့အားလုံး အိပ်ပျော်နေချိန်တွင် မီးရထား ခုတ်မောင်းဝင်ရောက်လာခဲ့သည်။ မီးရထားသည် ဥသြသံရှည်ကို ဆွဲလိုက်သည်။ ကျွန်ုပ်တို့ မကြားကြရပါ။ မြို့သည် ဖျော့တော့သောလရောင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေပါသည်။ အဆောက်အအုံများ အားလုံးသည် အမှောင်နှင့် အလင်းဖျော့ဖျော့ ရောထွေးနေသော မှုန်မှိုင်းမှိုင်းအဆင်းထဲတွင် တိတ်ဆိတ်နေကြသည်။ ထိုအချိန်တွင် မီးရထားခုတ်မောင်းဝင်လာခဲ့သည်။ မီးရထား၏ စက်ခေါင်းထဲတွင် မည်းနက်သောကျောက်မီးသွေးတုံးများ နီရဲတောက်ပကာ လင်းထိန်နေသည်ဟု ကျွန်ုပ်တို့ကြားဖူးကြသည်။ ခေါင်းတိုင်မှ မီးခိုးလုံးကြီးများက တဝုန်းဝုန်းပွက်ထကာ မြို့၏ငြိမ်သက်သောလေထုထဲတွင် ရောနှောပြန့်ကားသွားပါသည်။ မီးရထားသည် ပင်လယ်ကိုဖြတ်ကာ တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းလာခြင်းဖြစ်သည်။ မြို့ထဲသို့ မီးရထားဝင်ရောက်လာချိန်တွင် ကျွန်ုပ်တို့အိပ်ပျော်နေလေ့ရှိကြသည်။ ယခုအခါတွင် မီးရထားသည် ကတ္တရာလမ်းမများပေါ်မှာ တရွေ့ရွေ့ ခုတ်မောင်းသွားလာနေသည်။ မြို့၏လမ်းများမှာ အသွားအလာမရှိ လူသူရှင်းလင်းနေသည်။ မီးရထားသည် လူသူကင်းမဲ့သောလမ်းများပေါ်မှာ ညင်ညင်သာသာ ခုတ်မောင်းလာခဲ့သည်။ မီးရထားသည် အချက်ပေးဥသြသံကို စူးရှစွာဆွဲလိုက်ပြန်သည်။ ကျွန်ုပ်တို့မကြားနိုင်ပါ။ မီးပွားမီးပွင့်များ ဖျတ်ကနဲ ဖျတ်ကနဲ ခုန်ထွက်လာသည်ကိုလည်းကောင်း၊ ကျောက်မီးသွေးများကို ဂေါ်တစ်လက်ဖြင့်ကျုံးကာ စက်ခေါင်းအတွင်းသို့ လူတစ်ယောက်က လောင်းထည့်ပေးလျက်ရှိသည်ကိုလည်းကောင်း၊ တစ်ခါတစ်ရံတွင် သံဘီးကြီးများသည် မြေပြင်သို့ပင်မထိပဲ လည်ပတ်နေကြသည်ဟူ၍လည်းကောင်း ကျွန်ုပ်တို့ကြားဖူးနားဝ ရှိခဲ့ကြသည်။ မည်သည့်အလံချိုးသမားမဆို မီးရထားကြီးကို အလံချိုးပေးရလေ့ရှိကြောင်းကိုလည်း အစဉ်အဆက် မှတ်သားခဲ့ကြရပေသည်။ မီးရထားသည် မြို့၏နံရံကို တအိအိနှင့် ညင်သာစွာ တိုးဝင် ခုတ်မောင်းသွားပေသည်။ အမှန်ပင်ဘီးများသည် မြေသို့မထိပဲလည်သွားခဲ့ကြသည်။ မီးရထားသည် ပင်လယ်ပြင်ကို ဖြတ်ခဲ့သော်လည်း သံဘီးများသည် ရေစွတ်စိုလိမ့်မည် မဟုတ်ပါ။ မီးရထားသည် ဗာဒံပင်တစ်ပင်အောက်မှ ငုံလျှိုးကာ ခုတ်မောင်းသွားသည်။ ဗာဒံပင်သည် ညအချိန်တွင် အရွက်တွေကြွေနေသည်။ မီးရထားသည် ကျွန်ုပ်တို့ မကြားနိုင်သော ဥသြသံကို ဆွဲလိုက်ပြန်သည်။ အချို့က ဤမီးရထားတွင် မီးထိုးသမားတစ်ဦးသာပါရှိသည်ဟု ဆိုကြသည်။ မီးရထားတွဲများတွင် မည်သည့်အရာများကို တင်ဆောင်ထားကြောင်း ကျွန်ုပ်တို့ မသိနားမလည်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ခုပြောနိုင်သည်မှာ မီးရထားသည် ကျွန်ုပ်တို့နားမလည်နိုင်သောအရာများကို တင်ဆောင်ကာ ညအချိန်တွင် လှည့်လည်ခုတ်မောင်းတတ်ကြောင်းပင် ဖြစ်သည်။ ဝေးလံသောအရပ်မှ ပင်လယ်ကိုဖြတ်ကာ မီးရထားခုတ်မောင်းလာလေ့ရှိကြောင်းကို ကျွန်ုပ်တို့ တစ်နေ့နေ့တွင် သိရှိလာကြမြဲဖြစ်သည်။ နံနက်လင်းလျှင် မီးရထားသည် ပျောက်ကွယ်သွားမြဲဖြစ်သည်။ မီးရထားသည် စူးရှဥသြသံကို ဆွဲလိုက်သည်။ ကျွန်ုပ်တို့အားလုံး အိပ်ပျော်နေချိန်မှာ။

နေမျိုး
၂၀၀၃၊ ၃၊ ၁၇
ည ၉း၀၇

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment