မြို့ငယ်လေးတစ်မြို့ရဲ့ အစွန်အဖျားမှာ လူသူအရောက်အပေါက် နည်းလှတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုရှိတယ်။ ဘုရားရှိခိုးကျောင်းထဲမှာ စန္ဒရားအိုကြီးတစ်လုံးရှိရဲ့။ စန္ဒရားအိုကြီးဟာ ဆေးရောင်တွေမှိန်ဖျော့ပြီး ဖုန်မှုန့်တွေ အထပ်ထပ်တင်နေတယ်။ စန္ဒရားအိုကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ပင့်ကူတွေအိမ်ဖွဲ့နေကြတယ်။ အမျိုးအမည်မသိရတဲ့ ပိုးကောင်ငယ်ငယ်ကလေးတွေဟာ စန္ဒရားအိုကြီးထဲမှာ ပုန်းခိုနေတတ်ကြပြီး ညအခါမှာ အပြင်ကိုထွက်ကာ ဘုရားရှိခိုးကျောင်းအနှံ့ လျှောက်သွားကြတယ်။ ဘုရားရှိခိုးကျောင်းထဲမှာ ဓမ္မဆရာမရှိတော့တာကြာပါပြီ။ စန္ဒရားအိုကြီးကိုလည်း တီးခတ်သူမရှိခဲ့တာ ကြာပါပြီ။ တစ်နေ့မှာတော့ လူငယ်လေးတစ်ယောက်ဟာ ပင်လယ်ရပ်ခြားခရီးဝေးကနေ ဘုရားရှိခိုးကျောင်းဆီကို ဝင်ရောက်ခဲ့ပြီး စန္ဒရားအိုကြီးရှေ့ကို ရောက်သွားတယ်။ သူဟာ စန္ဒရားအိုကြီးကိုမြင်တော့ သီချင်းတစ်ပုဒ်လောက် တီးခတ်ဦးမယ်လို့ ဆန္ဒဖြစ်ပေါ်လာတယ်။ လူငယ်လေးက ဖုန်မှုန့်တွေကို ခါထုတ်လိုက်ပြီး စန္ဒရားအိုကြီးရဲ့အဖုံးကို ဖွင့်လိုက်တယ်။ ကျွီ .. ခနဲမြည်သံရဲ့အဆုံးမှာ လူငယ်လေးရဲ့ သွေးရောင်လွှမ်းပြီး သွယ်လျတဲ့ လက်ချောင်းလေးတွေဟာ စန္ဒရားအိုကြီးရဲ့ ခလုတ်တွေပေါ် ရောက်သွားတယ်။ စန္ဒရားအိုကြီးဆီက အံ့ဖွယ်တေးသံ ထွက်ပေါ်လာရဲ့။
“ငါ့ကို မတီးခတ်ကြပါနဲ့ကွာ၊ ငါနေမကောင်းပါ ... အို ... ငါ့ကို မတီးခတ်ကြပါနဲ့ကွာ၊ ငါနေမကောင်းပါ ...” တဲ့။
နေမျိုး
၂၀၀၂၊ ၉၊ ၁၇
ညနေ ၅း၂၄ နာရီ
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment