> သီဟသူ [dot] blogspot [dot] com: မီးသတ်ကား

Jun 27, 2010

မီးသတ်ကား

လမ်းပေါ်မှာ မီးသတ်ကားတွေ အော်မြည် ပြေးလွှားနေတယ်။ မီးသတ်ကားဥသြသံတွေက မြို့လူထုရဲ့ အသည်းနှလုံးကို သိမ်းကျုံးဆွဲငင်ယူလိုက်တယ်။ အချိန်က နွားရိုင်းသွင်းချိန် မှောင်ရီဖျိုးဖျ၊ ဟိုမှသည်မှ သွားလာနေတဲ့ယာဉ်တွေဟာ အော်မြည်ပြေးလွှား ဝင်ရောက်လာတဲ့ မီးသတ်ကားတွေကို အလျင်အမြန် လမ်းဖယ်ပေးကြတယ်။ မီးသတ်ကားဥသြသံဟာ ထိတ်လန့်ဖွယ်ဆွဲဆောင်မှု ရှိပေတယ်။ လူတွေလမ်းမပေါ် ပြိုဆင်းလာကြပြီး ဟိုဟိုသည်သည် ကြည့်ကြတယ်။ သံချောင်းတွေ တဒေါင်ဒေါင်ခေါက်ကြတယ်။ မြို့ရဲ့အရှေ့မြောက်ထောင့်မှာ ကောင်းကင်ဟာ တစ်မုဟုတ်ချင်း နီရဲတက်လာတယ်။ မီးခိုးလုံးတွေ ပွက်ပွက်ထလာတာကိုလည်း မြင်ရတယ်။ လူတွေရှုပ်ယှက်ခတ်ပြီး ဣနြေ္ဒမရ ဖြစ်နေတာကိုတွေ့ရတော့ ခွေးတွေလည်း တအီအီနဲ့ ဟိုပြေးသည်ပြေး ဖြစ်နေကြတယ်။ နီရဲနေတဲ့ကောင်းကင်ကြီးဟာ ပိုပြီးလင်းထိန်လာနေတယ်။ အဆက်အပြတ်ထွက်ပေါ်လာတဲ့ မီးသတ်ကားဥသြသံတွေကို ကျွန်တော် နားစိုက်ထောင်နေမိတယ်။ ကျွန်တော်ဟာ ဘာကြောင့်များ မီးသတ်ကား ဥသြသံတွေကို စွဲလမ်းနေခဲ့မိပါလိမ့်။ မီးသတ်ကား ဥသြသံတွေဟာ အဖျားမှာ တဖြည်းဖြည်း သေးသွယ်ချွန်မြသွားသလိုပဲ။ ပြီးတော့ အဝေးဆီ ရောက်သွားတယ်။ အစိုးရိမ်ကြီးတတ်တဲ့ မိန်းမတွေကတော့ အထုပ်အပိုးတွေထုပ်၊ သေတ္တာတွေကို ဆွဲထုတ်နေကြရဲ့။ ဒီအဖြစ်အပျက်ဟာ တစ်နာရီနီးပါးလောက် ကြာမြင့်ခဲ့တယ်။ မြို့ရဲ့ အရှေ့မြောက်ထောင့်မှာ နီရဲနေတဲ့ ကောင်းကင်ဟာ တဖြည်းဖြည်းဖျော့တော့လာတယ်။ မီးညွန့်ကျိုးသွားပြီ။ မီးသတ်ကားတွေရဲ့ ကလိုင်သံကို စိတ်အေးချမ်းဖွယ် ကြားလာရပါပြီ။ လူတွေဟာ ကိုယ့်အိမ်ထဲကိုယ်ပြန်ဝင်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားကြတယ်။ အဲဒီညက ညဥ့်နက်နက်မှာ ကျွန်တော်အိပ်ပျော် သွားတော့ အိပ်မက်ထဲမှာ မီးသတ်ကားတစ်စီး ကျွန်တော့်ဆီ ရောက်လာတယ်။ မီးသတ်သမားတွေ ကားပေါ်ကဆင်းလာပြီး ကျွန်တော့်ဆီ ဝင်ရောက်လာကြတယ်။ သူတို့ကပြောကြတယ်။ “ခင်ဗျားကိုယ်ထဲမှာ မီးလောင်နေတဲ့ အမာရွတ်တွေရှိတယ်။ ကျွန်တော်တို့က ငြိမ်းသတ်ဖို့ပါ” တဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၁၇
ညနေ ၅း၁၀ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment