> သီဟသူ [dot] blogspot [dot] com: အိမ်ပြေး

Jul 6, 2010

အိမ်ပြေး

ကျွန်တော် အိမ်ကို မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ကို မပြန်ချင်တော့လို့ပါပဲ။ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ ဒီနေရာဟာ သိပ်ကောင်းတာပဲ။ ကမ္ဘာကြီးကို အပေါ်စီးကနေမြင်ရတယ်။ ချောကလက်နဲ့ ကုလားအုတ်နို့တွေလည်း လတ်လတ်ဆတ်ဆတ်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီလိုမှန်အိမ် အလင်းပျပျကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ကြည့်ပါဦး ညနေခင်းဆည်းဆာပင်လယ်ထဲမှာ ငါးမန်းတွေကူးခပ်လူးလာလုပ်နေကြတာကို မှန်ပြောင်းကနေမြင်နေရတယ်။ အာကသထဲမှာ နက္ခတ်ကြယ်တာရာတွေ လှည့်လည်နေကြပုံကိုလည်း မြင်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီမှာရှိတဲ့ဓားတွေဟာ အားလုံးသိပ်ထက်ကြတာပဲ။ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ။ ပျားရည်အိုးထဲမှာ ပျားရည်ဟာ အဖိုးတန်သတ္တုရည်လို စေးပိုင်ပျစ်နှစ်လို့။ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် သန့်စင်တဲ့လေဟာ ဒီနေရာမှာ တဟူးဟူး တိုက်ခတ်လို့။ ဥယျာဉ်ထဲက သစ်သီးတွေဟာ ဒီနေရာကို နေ့စဉ်နံနက်တိုင်း ရောက်ရောက်လာခဲ့ကြတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ စွန်ပလွံသီးတွေ အပါအဝင်လေ။ လေ့ကျင့်ထားတဲ့ သိမ်းငှက်ကြီးတွေဟာ ဟိုးအောက်တစ်ခုခုပါလာနိုးနဲ့ ငေးချင်ငေးနေပေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ မေမေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မေမေကလည်း ကျွန်တော့်အတွက် ဆုမွန်ကောင်းတွေတောင်းနေတယ် မဟုတ်လား။ တစ်ခါတုန်းက လူပေလူတေလေးတစ်ယောက် သူ့အိမ်ကနေအဝေးကြီးဆီ ထွက်ခွာသွားခဲ့တယ်ဆိုတာ သတိရတိုင်းပြောနေကြမှာပဲ။ မေမေ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ခွင့်လွှတ်ပါ။ ဓားလှံအတတ်၊ လေးမြားအတတ်၊ စစ်လက်နက်အတတ်တို့ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ။ ညအခါ လပြည့်ဝန်းရဲ့ပေါ်ထွက်ရာကို ကျွန်တော်သိခဲ့ပြီ။ ရှေးသူဟောင်းတို့ရဲ့ လင်္ကာပုံဝတ္ထုတွေကို ကျွန်တော်ဖတ်ရှုခဲ့ပြီ။ ဝိုင်အရက်ရဲ့အရသာကို ခံစားတတ်ခဲ့ပြီ။ ဟောဒီ အမိုးခုံးကမ္ဘာမြေအဝှမ်းမှာ လူသားဟာ အစွမ်းအထက်ဆုံးဆိုတာ ကျွန်တော်သိခဲ့ပြီ။
            လာလော့ ... လုလင်
            ဧကရီထိပ်ထားသည် အတွင်းဆောင်မှနေ၍ လက်ဆန့်တန်းကာ ခေါ်ငင်လိုက်သည်။ အတွင်းဆောင်မှာ ဆီမီးငြိမ်းခဲ့ပြီ။ နံ့သာသင်းခဲ့ပြီ။ ညဥ့်ဝတ်ရုံလွှာမှာ နူးညံ့လွန်းရကား ကော်ဇောကြမ်းပြင်ထက်သို့ တအိအိလျောကျသွားသံကို ကျွန်ုပ်တို့ မကြားလိုက်ရဘူးမဟုတ်လား။

နေမျိုး
၂၀၀၃၊ ၃၊ ၃၀


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment