အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ တကယ်တော့ သူဟာ ရေမြှုပ်ကလေး တစ်ခုပါပဲ။ သူဟာ ရေမြှုပ်ကလေးတစ်ခုအဖြစ်နဲ့ ကမ္ဘာသစ်စေဖို့ ရောက်ရှိလာခဲ့တယ်။ အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ သူဟာ ရေမြှုပ်ကလေးတစ်ခုမျှ။ ရေထဲမှာ နိမ့်ချည်မြင့်ချည်နဲ့ တလှုပ်လှုပ်။ အံ့ဖွယ်အသက်ဇီဝဟာ သူ့ဆီမှာ ကိန်းဝပ်တော်မူလေတယ်။ ဆဲလ်တစ်ခုထဲရှိတဲ့ သက်ရှိကလေးဟာ ရေထဲမှာရွေ့မျောရင်း ကမ်းစပ်မှာ မတော်တဆ တွယ်ငြိမိတယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့ အချိန်မှာလေ။ သူဟာ ကမ်းစပ်မှာ တွယ်ငြိခဲ့တယ်။ သူဟာ အပင်လား။အကောင်လား ခွဲခြားလို့မရသေးဘူး။ ဒါပေမဲ့ သူဟာ အသက်ဇီဝကို ပထမဆုံးပိုင်ဆိုင်ခွင့် ရခဲ့သူပါကွာ။ သူဟာ ရှင်သန်ခြင်း အသက်ဓာတ်ကို ယူဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသစ်စေဖို့။ အသက်ဓာတ်တွေနဲ့ ကမ္ဘာမြေကြီးနိုးထလာစေဖို့။ ပြောင်ချောချော ကျောက်တုံးတွေနား သူရောက်သွားလိုက်၊ စိုစွတ်စွတ်မြေသားနား သူရောက်သွားလိုက်၊ ရေစီးထဲမှာ မျောပါသွားလိုက်နဲ့ပေါ့။ သူဟာ ကမ်းစပ်မှာငြိတွယ်ခဲ့တယ်။ ဓာတ်ကြီးလေးပါးဟာ သူ့နံဘေးမှာ ဝန်းရံခဲ့တယ်။ ဒါဟာ လွန်ခဲ့သောနှစ်ပေါင်း အသိန်းအသန်းက ပုံပြင်တစ်ပုဒ်ပါ။ ရေမြှုပ်ကလေးတစ်ခု ရှိခဲ့တယ်။ သူဟာ ကမ္ဘာကိုသစ်စေဖို့ အစပြုခဲ့တာပေါ့။ သူ့ကိုယ်ခန္ဓာတစ်ဝက်က ကုန်းမြေပေါ်ကို တက်ရောက်လာပြီး၊ သူ့ကိုယ်ခန္ဓာကိုယ် တစ်ဝက်က ရေထဲမှာ ဆက်လက်ကူးခပ်လာခဲ့တယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့အချိန်ကလေ။
နေမျိုး
၂၀၀၂၊ ၉၊ ၂၈
ည ၁၀း၀၅ နာရီ
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment