> သီဟသူ [dot] blogspot [dot] com: ငှက်

Jul 7, 2010

ငှက်

ကျွန်တော် အိပ်ပျော်နေစဉ်မှာပင် ငှက်ဟာ ကျွန်တော့်ကို ချီသွားတယ်။ လေတွေ တဟူးဟူးတိုက်ခတ်နေတာကို သိသိသာသာခံစားရတော့ ကျွန်တော်နိုးလာတယ်။ နိုးလာတော့ ကျွန်တော်ဟာ မြေပြင်ရဲ့ အမြင့်ထက်ဆီမှာရောက်နေလေတော့တယ်။ တိမ်တိုက်တွေက ကျွန်တော့်ဘေးကနေ ဖြတ်သွားကြတယ်။ ကျွန်တော့်ဦးခေါင်းကို ငဲ့စောင်းပြီး မော့ကြည့်လိုက်တော့ ငှက်ကို တွေ့ရတယ်။ သူဟာ ငှက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အတောင်ပံနှစ်ဖက်နဲ့။ သူ့ဦးခေါင်းမှာ နှုတ်သီးပါရှိလို့ပါပဲ။ ငှက်ဟာ သိပ်တော့ အရွယ်အစားမကြီးဘူး။ အတောင်ပံတွေကတော့ သန်စွမ်းပုံပါပဲ။ ဒါကြောင့်လည်း သူဟာ ပြောပလောက်အောင် မကြီးထွားပဲနဲ့ ကျွန်တော့်ကို မချီသွားနိုင်တာပေါ့။ အတောင်ပံတွေက အစိမ်းရောင်ပါ။ အဲဒီအစိမ်းရောင်အတောင်ပံတွေဟာ လေထဲမှာ တအိအိနဲ့ ဖျပ်ခနဲဖျပ်ခနဲ လှုပ်ခတ်ကာ လေးလေးနဲ့မှန်မှန် ရွေ့လျားနေလေတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကတော့ ငှက်ရဲ့မြဲမြံစွာကုပ်ထားတဲ့ မီးခိုးရောင် ခြေထောက်နှစ်ဖက်ထဲမှာပါ။ ကျွန်တော့်ခြေတွေလက်တွေဟာ လေထဲမှာလွတ်နေပြီး ကိုယ်ခန္ဓာကတော့ မှောက်လှက်အနေအထားနဲ့ ရွေ့ပါနေတာပေါ့။ ငှက်ဟာ သူ့ရဲ့ အတောင်ပံတွေကို ဖျပ်ခနဲ ဖျပ်ခနဲ လေးလေးနဲ့မှန်မှန်ခတ်ကာ ကျွန်တော့်ကို ချီယူသွားလျက်ပဲ။ ငှက်ဟာ တစ်ခါတစ်ခါ အောက်ကိုနိမ့်ဆင်းသွားလိုက်၊ အထက်ကို တအိအိပြန်တက်လိုက်နဲ့ ရွေ့လျားနေပါတယ်။ နှုတ်သီးကလည်း တစ်ချက်တစ်ချက် ဂဲ ... ဂဲ ... နဲ့ အော်မြည်သံ ထွက်ပေါ်လာတတ်ပါတယ်။ ငှက်ရဲ့ မြဲမြံလှတဲ့ခြေထဲမှာ ကျွန်တော်ဟာ ညင်သာစွာပါရှိနေလျက်ပါပဲ။ အောက်မှာဘုရားရှိခိုးကျောင်း ချွန်ချွန်ကလေးတွေ၊ မီးခိုးတလူလူထွက်နေတဲ့ စက်ရုံကလေးတွေ၊ နေရောင်ထိမှန်ပြီး တောက်ပစူးလက်နေတဲ့ စေတီငယ်တွေကို အပေါ်စီးကနေ မြင်နေရတယ်။ သစ်ပင်ကြီးတွေကိုလည်း ချုံပုတ်ပုပုလေးတွေလို မြင်ရတယ်။ ဟိုတစ်ဖက်မှာ မြစ်ဟာ ဖြူလဲ့လဲ့ မျဉ်းတွန့်ကလေးတစ်ခုလို မြင်ရတယ်။ တဖြည်းဖြည်းချင်းရွေ့နေတဲ့ သင်္ဘောလေးတစ်စင်းကိုလည်း မြင်ရတယ်။ သင်္ဘောလေးတစ်စင်းထဲမှာ အင်မတန် သေးကွေးတဲ့ လူကလေးတွေလည်း ပါရှိမှာပေါ့။ ဝေဟင်အမြင့်က မြင်တွေ့ရတာဆိုတော့ လူသားရဲ့ ခန္ဓာကိုယ်တည်ဆောင်မှုဟာ အလွန် သေးကွေးလှတယ်လို့ ထင်မှတ်ရပါတော့တယ်။ လေကတဟူးဟူး တိုက်ခတ်နေလျက်ပဲ။ ဝေဟင်ခရီးဟာ ရင်ဖိုစရာကောင်းပြီး လေကောင်းလေသန့်ကို တဝကြီး ရှူသွင်းခွင့်ရခဲ့တယ်။ ငှက်ဟာ ဂဲ ... ဂဲ ... နဲ့ အော်မြည်လိုက်ပြန်တယ်။ သူ့အတောင်ပံတွေကို တအိအိ လှုပ်ရှားကာ ဖျပ်ခနဲ ဖျပ်ခနဲ ခတ်ရင်း ပျံသန်းလျက်ပဲ။ အစိမ်းရောင် အတောင်ပံကြီးတွေ ဖြန့်ကားသွားတဲ့အခါ ကျွန်တော့်ကို အရိပ်မိုးပေးထားသလိုဖြစ်ပြီး အေးမြသွားစေတယ်။ စေတီ၊ ဘုရားရှိခိုးကျောင်း၊ စက်ရုံအဆောက်အအုံတွေကို လွန်မြောက်လာတဲ့အခါ အောက်ဖက်မှာ ပင်လယ်ကြီးတစ်ခု ပေါ်လာလေတော့တယ်။ ပင်လယ်ကြီးဟာ စိမ်းလို့၊ မှိုင်းလို့၊ ညို့လို့။ ထိုးကျနေတဲ့ နေရောင်ထဲမှာ လှိုင်းတွေဟာ တောက်ပနေကြတယ်။ အဲဒီတောက်ပနေတဲ့ လှိုင်းတွေထက်မှာ ငှက်ရဲ့ အရိပ်ဟာ ထင်ဟပ်ပြီး ရွေ့လျားနေလေရဲ့။ ငှက်ဟာ ပျံသန်းရင်း အောက်ဖက်ကို နိမ့်ဆင်းလာခဲ့တယ်။ ပင်လယ်ရေပြင်အထက် ခပ်ဝေးဝေးဆီကနေ တရိပ်ရိပ် နိးကပ်လာခဲ့တာပေါ့။ အဲဒီမှာ ရေသူမနဲ့ ကျွန်တော် ဆုံခဲ့ရတာပေါ့။ ရေသူမဟာ မဟူရာဆံပင်ကို ဖားလျားချထားတယ်။ အသားအရေက ဝင်းလဲ့စိမ်းဖန့်ပြီး ခန္ဓာကိုယ်သွင်ပြင်က စိတ်လှုပ်ရှားဖွယ်အတိ ပြီးပါတယ်။ ကျွန်တော် တွေ့ကြုံခဲ့ရတာတွေကို ဒီလောက်ပဲ ပြန်ပြောပြနိုင်ပါတယ်။ ကြာခဲ့ပါပြီ။ ကျွန်တော်ဟာ ငှက်ကို မကြာမကြာ သတိရနေမိတုန်းပဲ။

နေမျိုး
၂၀၀၃၊ ၄၊ ၅


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

No comments:

Post a Comment