ဒါဟာ ပြောပြချက်တစ်ခု၊ ဘယ်လို ပြောပြချက်မျိုးလဲဆိုတော့ တစ္ဆေတစ်ကောင်ဖြစ်ကြောင်း ပြောပြချက်တစ်ခုပါ။ ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ပါ။ I am a ghost ။ အကြောင်းကတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သေဆုံးခဲ့ပြီးဖြစ်လို့ပါပဲ။ ဥာဏ်ကြီးသူတွေအလိုအရ လူတစ်ယောက်ဟာ မျှော်လင့်ချက်မှမရှိတော့ဘူးဆိုရင် သူ့ဘဝဟာ သေဆုံးသွားတာနဲ့ အတူတူပါပဲတဲ့။ ကျွန်တော့်မှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပေါ့။ ဒါကြောင့် ကျွန်တော်ဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ လူတစ်ယောက်နဲ့ အတူတူပါပဲ။ မျှော်လင့်ချက်မရှိတော့တဲ့ လူတစ်ယောက်ဟာ သူလုပ်ချင်ရာတွေကို လုပ်ဆောင်သွားမယ်ဆိုရင် ကြောက်စရာကောင်းလိမ့်မယ်။ သိလား။ ဒါကြောင့် ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ဖြစ်နေခဲ့ပြီ။ လမ်းလျှောက်နေတဲ့ သေဆုံးပြီးသော သူတစ်ယောက်ဟာ သေခြင်းတရားကို ကြောက်ရွံ့မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ သူဘယ်ကိုများ သွားမှာပါလိမ့်။ ဘာတွေကိုများ လုပ်မှာပါလိမ့်။ သူ့လက်မောင်းမှာ စီးဆင်းနေတဲ့ သွေးတွေဟာ အနက်ရောင်တွေလို့ ကွှန်တော် ထင်တယ်။ ဒါဆို အမှောင်ထုထဲကို တိုးဝင်ဖို့လည်း သူငြင်းပယ်လိမ့်မယ်မထင်ဘူး။ အမှောင်ထုထဲမှာ နှစ်ရှည်လများ သွားလာနေခဲ့ပြီဆိုရင် အမှောင်ထုထဲက နားလည်ဖို့ခက်ခဲမယ့် ဇာတ်လမ်းတွေကို တစ်ချိန်မှာ သူသိလာလိမ့်မယ်။ သူကိုယ်တိုင်လည်း အမှောင်ထုထဲက ဇာတ်ဆောင်တစ်ယောက်ဖြစ်လာမှာပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ အမှောင်ထုကို ကြောက်ရွံ့သူဖြစ်သလို အလင်းရောင်ကိုလည်း ရင်မဆိုင်ရဲသူတစ်ယောက်ပါ။ ကျွန်တော်ဟာ ပျော့အိအိကျောက်တုံးတွေရှိတဲ့ ကမ္ဘာမှာ နေထိုင်သူပါ။ ရည်ရွယ်ချက်ကြီးမားသူတွေ၊ မျှော်လင့်ချက်နဲ့ သွေးရောင်လွှမ်းနေတဲ့သူတွေဟာ ကျွန်တော့်ကမ္ဘာကိုဖြစ်ပြီး နေစဉ်လှုပ်ရှားသွားလာနေကြတာကို မြင်ရတယ်။ အဲဒီအချိန်မှာ သူတို့ကျွန်တော့်ကို မမြင်အောင် ကျွန်တော်ပုန်းနေရလေ့ရှိပါတယ်။ များသောအားဖြင့် ကျွန်တော်ရှိကြောင်း သူတို့သတိပြုမိလေ့မရှိကြပါဘူး။ ပျော့အိအိကျောက်တုံးတစ်တုံးကို သာမန်လူတစ်ယောက်တွေ့နိုင်ဖို့ကလည်း အလွန်ခက်ခဲလှတယ် မဟုတ်ပါလား။ တစ်ခါတစ်လေ ထရပ်ကားကြီးတွေ ဖြတ်မောင်းသွားကြတယ်။ တစ်ခါတစ်လေ လူတွေတန်းစီပြီး ရွေ့လျားသွားကြတယ်။ တစ်ခါတစ်လေမှာတော့ အသက်အရွယ် ကြီးရင့်ပြီး အိုမင်းနေသူ အဘိုးကြီးနှစ်ယောက်ဟာ ဖြည်းလေးအေးဆေးစွာဖြတ်ပြီး စကားတပြောပြောနဲ့ လျှောက်သွားကြတယ်။ ပျိုမျစ်တဲ့ လူငယ်ကလေး တစ်ယောက်ကတော့ ညားကာစ ဇနီးအသစ်စက်စက်ကို လက်ဆွဲပြီး တရွေ့ရွေ့လျှောက်သွားရဲ့။ သူဟာ ဦးခေါင်းကိုမော့လို့ နေမင်းကြီးရှိရာကိုကြည့်ပြီး ရွေ့လျားနေတယ်။ သူ့ဇနီးရဲ့ ဆံစတွေဟာ လေထဲမှာ ညင်ညင်သာသာလှုပ်ယမ်းနေတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ ကျွန်တော့်ကို တွေ့ရှိမသွားကြပါဘူး။ မျှော်လင့်ချက်မရှိတော့သူ တစ်ယောက်မှာ ခွန်အားတွေကျန်ရှိနေသေးရင် ကြောက်မက်ဖွယ်ကောင်းနိုင်ပေမယ့် ကျွန်တော်ကတော့ နာမကျန်းနေသူတစ်ဦးပါ။ အဲဒီနာမကျန်းမှုကပဲ ကျွန်တော့်ကို ထာဝရ စောင့်ရှောက်ခဲ့လေပေါ့။
နေမျိုး
၂၀၀၂၊ ၁၂၊ ၂၉
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
No comments:
Post a Comment