> သီဟသူ [dot] blogspot [dot] com: ဒီအင်္ကျီ

Feb 21, 2014

ဒီအင်္ကျီ

ဒီအင်္ကျီကိုဝတ်မိတယ်
အဆင်ပြေချင်တာပေါ့လေ
ဓာတ်ပုံခဏခဏအရိုက်ခံရတယ်
ဒီအင်္ကျီနဲ့ပဲ
ဝတ်ရတာချောင်ချိတယ် အရောင်မှိန်ပေမဲ့လည်း
လျှော်လွန်းတော့ အသားကညက်နေတယ်
မောင်ပြည့်မင်းကလည်း မကြိုက်ဘူး
ဇေယျာလင်းကလည်း မကြိုက်ဘူး
အသစ်တစ်ထည် တစ်ထည်လည်း ဆင်မပေးပြန်ဘူး
'လှကလေးစိန်' ရဲ့ 'မောင်မောင်ဆိုလေထီးရိုးရှည်' သီချင်းမှာ
ပြက်လုံးဝင်လာတယ်။ တစ်ယောက် 'မောင်မောင်ဆိုလေ....ရှည်....'တဲ့
နောက်တစ်ယော်က 'ကိုယ့်မလည်း ဒါပဲရှိတာ' 'ဝါး' (ရယ်သံ)
(ပြက်လုံးပြီးရင် ရယ်သံထည့်ရတယ်လေ)
ဘယ့်နှယ် သီချင်းထဲပြက်လုံးဝင်ရတာလဲကွာ
ပြက်လုံးထဲသီချင်းဝင်ရင်လည်း ရတာပဲမဟုတ်လား
ငါလည်း ဒီအင်္ကျီထဲဝင်တယ်
မဟုတ်ဘူးဆိုရင် အင်္ကျီက ငါ့ဆီဝင်လာတာပေါ့လေ
အဲဒီအင်္ကျီနွမ်းနွမ်းလေး ဝတ်တိုင်း
ငါကသဘောကျပြီး
အခြားသူများက သဘောမကျကြဘူး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment