> သီဟသူ [dot] blogspot [dot] com: လူငယ်တစ်ယောက်အကြောင်း - ၁၁

Feb 3, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၁

ဒီစာမျက်နှာ ဒီကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ကမ္ဘာကြီးဟာ လှုပ်ယမ်းနေတယ်
ကောင်းကင်ကြီးဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ အသံမြည်နေတယ်။
အဲဒါကြောင့်ပဲ ကဗျာပါပဲ။
ခင်ဗျား မှတ်မိပါစ 'ဒီဇင်ဘာ ၂၀ တမ်းချင်း'
'ဝေပွန်ကို အလိုရှိဦးမည်လော' (မောင်လေးအောင်)
'သေသူနှင့် ရန်ဖြစ်ခြင်း' (မင်းလှညွန့်ကြူး)
'အိပ်မက်ထဲက ဆပ်ပြာ'၊
'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း' (တင်မိုး)
'စျာပနမိန့်ခွန်း' (မောင်လှဝင်း - မြင်းခြံ)၊ 'နေ့နှင့် ညနှင့်' (သခွပ်နီ)
'သားကိုရိုက်တဲ့လက်' (သထုံ မောင်လှိုင်းပြာ)၊ 'စစ်အတွင်းအိပ်မက်' (သစ္စာနီ)
'ကားပျက်ကြီး သမိုင်း' (မောင်လူမှိန်)၊ 'ရေမှုံများ' (အောင်သိန်းဦး)
'နွေသဘင်' (တင်မော်)၊ 'ရှပ်တိုက်ပြေးလွှားနေသူများ' (မောင်လေးမွန် - ပျဉ်းမနား)
'ထလော့ ဗော်လဂါ' (မောင်သင်းခိုင်)
၁၉၇၀ ပြည့်နှစ် ဝန်းကျင် 'မိုးဝေကဗျာများ'။
အခြားသော မဂ္ဂဇင်း စာစောင် 'ရှုမဝ'။ 'သွေးသောက်'
'ရုပ်ရှင်ပဒေသာ'၊ 'ရုပ်ရှင်မျက်မှန်'
'လျှို့ဝှက်သဲဖို'၊ 'ရှုဒေါင့်'
သူ့ထောင့်နဲ့သူ လှခဲ့တယ်။
လူငယ်တွေဟာ ခေတ်ကို ဖြတ်သန်း
တလှပ်လှပ် ဖြတ်သန်း
ကဗျာနဲ့ ဖြတ်သန်းခဲ့ကြ။
ကဗျာကပဲ ခေတ်ကို ဖြတ်သန်းသလို
ကျွန်တော်တို့ကို ဖြတ်သန်းစေပါတယ်။
အဲဒါကြောင့် ဘယ်အရာ ဘယ်ဆုလာဘ်ကိုမှ ပြန်မရပါ။
ဒီစာမျက်နှာ ဒီကဗျာဟာ
အသက်မွေး ဝမ်းစာမျှ ပြန်မရတဲ့ အနုပညာ
ကဗျာရေးသူများအား
ကျွန်တော်၏ သတိရခြင်း
မရှိတော့သော သူများအား
ကျွန်တော်က အလေးပြု သတိရခြင်း။
ကဗျာဆရာဆိုတာ ခေတ်ကို ဖြတ်သန်းခြင်း အလုပ်
အလုပ်တစ်လုပ်လို လုပ်ရပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ